Healthy Life Ad
Q & A

သွားတိုက်ဆေးကို အမျိုးမျိုး ပြောင်းသုံးလျှင် . . .

မေး။ ။ သွားတိုက်ဆေးကို ဟိုဟာကောင်းနိုး၊ ဒီဟာကောင်းနိုးနဲ့ အမျိုးမျိုးပြောင်းသုံးဖြစ်နေပါတယ်။ အဲဒီလို သွားတိုက်ဆေးကို အမျိုးမျိုး ပြောင်းသုံးတာကြောင့်ဖြစ်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုသိပါရစေ ဆရာ။

ကိုခန့်၊ လမ်းမတော်။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ သွားတိုက်ဆေးက မကြာခဏ ပြောင်းသုံးစရာတော့ မလိုပါဘူး။ တကယ်တမ်းကျတော့ သွားတိုက်တယ်ဆိုတာ နှစ်မျိုးရှိပါတယ်။ တစ်မျိုးက နေ့စဉ်သွားသန့်ရှင်းဖို့အတွက် တိုက်တာပါ။ သွားပိုးစားရောဂါကာကွယ်ဖို့ ရည်ရွယ်ပြီး တိုက်တာဖြစ်ပါတယ်။

နောက်တစ်မျိုးက သွားကျဉ်လို့ဆိုပြီး သွားဆရာဝန်တွေက ညွန်ကြားတဲ့အခါ တိုက်တာပါ။

နေ့စဉ်မှန်မှန်တိုက်ဖို့ဆိုရင် သွားကျဉ်တဲ့အခါ သုံးရတဲ့ သွားတိုက်ဆေးမျိုးကို မသုံးရပါဘူး။ ရိုးရိုးဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးအမျိုးအစားကိုပဲ သုံးရပါမယ်။ အဲဒီတော့ ဖလိုရိုက်ပမာဏ မှန်မှန်ကန်ကန်ပါလား၊ မပါဘူးလားဆိုတာ စစ်ဆေးပြီး ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို ရေရှည်စွဲသုံးသင့်ပါတယ်။ ဖလိုရိုက်ဓာတ်ပါတော့ သွားပိုးစားရောဂါကို ကာကွယ်နိုင်ပါတယ်။ ဖလိုရိုက်ဓာတ် မပါရင်တော့ သွားပိုးစားရောဂါကို ကာကွယ်ရာ မရောက်ပါဘူး။

ကိုယ်သုံးနေတဲ့ သွားတိုက်ဆေးက ဖလိုရိုက်ပါတယ်ဆိုရင်၊ ကိုယ်က ကြိုက်နှစ်သက်တယ်ဆိုရင်၊ အနံ့အရသာကလည်း ကောင်းတယ်ဆိုရင် စွဲသုံးလို့ ရပါတယ်။ ဒီနေ့ ဒီဟာ သုံးလိုက်၊ ဟိုနေ့ ဟိုဟာ သုံးလိုက်လုပ်မယ်ဆိုတာမျိုးတော့ လုပ်စရာမလိုပါဘူး။ သွားတိုက်ဆေးဘူးမှာ ဖလိုရိုက်ဆိုတာပါရင် အဲဒါကို ပုံမှန်သုံးလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top