Healthy Life Ad
Life Style

ပိန်ခြင်းနှင့် ဆီးချိုသွေးချိုရောဂါ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

မေး။ ။ ပိန်တဲ့ သူတွေဟာ ဆီးချိုရောဂါ ဖြစ်နိုင်ပါသလား ဆရာ။
ဖြေ။ ။ ပိန်တဲ့သူလည်းဆီးချိုရောဂါဖြစ်ပါတယ်။ ဝတဲ့သူမှ ဆီးချိုဖြစ်တယ်၊ ပိန်တဲ့သူဆိုရင် ဆီးချိုမဖြစ်ဘူး . . ဆိုတာ မဟုတ်ပါဘူး။ ဆီးချိုရောဂါမှာ အမျိုးအစား (၁) ဆီးချိုရောဂါဆိုရင် ပိန်ပိန်လေးတွေ ပိုဖြစ်ပါတယ်။ အင်ဆူလင်ကို ကောင်းကောင်းမထိန်းနိုင်တဲ့သူတွေမှာ ပိန်ကျသွားတတ်ပါတယ်။ ဒါကြောင့် ပိန်တဲ့သူတွေမှာလည်း ဖြစ်တယ်၊ ဝတဲ့သူတွေမှာလည်း ဖြစ်တယ်လို့ ပြောတာပါ။ အမျိုးအစား (၂) ဆီးချိုရောဂါဆိုရင် ဝတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

မေး။ ။ ပိန်တဲ့သူ ဆီးချိုဖြစ်တာနဲ့ ဝတဲ့သူ ဆီးချိုဖြစ်တာမှာ ဘယ်သူကဆီးချိုကို ပိုထိန်းရလွယ်ပါသလဲဆရာ။
ဖြေ။ ။ ပိန်ပိန်လေးတွေက အင်ဆူလင် များများ ထွက်တတ်ပါတယ်။ အင်ဆူလင်သိပ်များပြီး ကောင်းကောင်းမထိန်းနိုင် (Control မရ)ရင် ပိန်ကျသွားပါတယ်။ ဝတဲ့သူနဲ့ ပိန်တဲ့သူ ယှဉ်လိုက်ရင်တော့ ဝတာက ဆီးချိုထိန်းရတာကို ပိုခက်စေပါတယ်။ ဝတဲ့သူတွေမှာ အင်ဆူလင် Resistance ပိုဖြစ်လို့ ဆီးချိုထိန်းရတာ ပိုခက်တာပါ။ ဒါကြောင့် ဆီးချိုကို ထိန်းချုပ်တဲ့အခါ အခုနောက်ပိုင်းမှာ ဝတဲ့သူတွေကို ပိန်အောင်လုပ်ပါဆိုတဲ့ ကိုယ်အလေးချိန် ထိန်းချုပ်မှု အပိုင်းတွေပါဝင်လာပါတယ်။ အဲဒီလို ကိုယ်အလေးချိန် ထိန်းနိုင်ရင် ဆီးချိုထိန်းရ ပိုအဆင်ပြေလာပါတယ်။

ယေဘုယျအားဖြင့် ဝတဲ့သူတွေက အမျိုးအစား (၂) ဆီးချို ပိုဖြစ်တတ်တယ်၊ ဆီးချိုထိန်းရတာလည်း ပိုခက်ခဲပါတယ်။ ဝတဲ့သူကို ကိုယ်အလေးချိန်ထိန်းနိုင်ရင် ဆီးချိုထိန်းချုပ်နှုန်းက ပိုကောင်းလာပါတယ်။ နောက်ထပ်စဉ်းစားရမယ့်အချက်က အင်ဆူလင်သိပ်များနေတဲ့ သူတွေမှာ ကိုယ်အလေးချိန်က ကျသွားတတ်ပြီး အဲဒီလူတွေက ပိန်ပိန်လေးတွေနဲ့ ဆီးချိုအဆင့်ကအလွန်ကိုမြင့်တက်နေတာတွေ့ရပါတယ်။

မေး။ ။ ပိန်တဲ့သူတွေက ဆီးချိုရောဂါ မဖြစ်နိုင်ဘူးလို့ ထင်နေကြပါတယ်။ အဲဒီအယူအဆနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး ဆရာ။
ဖြေ။ ။ အဲဒါ မမှန်ပါဘူး။ လူအများစုမှာ ဆီးချိုရောဂါနဲ့ပတ်သက်ပြီး အယူအဆမှားတွေ ရှိနေကြပါတယ်။ မြန်မာတွေ ပြင်သင့်တဲ့ ဆီးချိုရောဂါ အယူအဆမှား တွေကတော့-

– ဆီးချိုရောဂါက ချမ်းသာမှ ဖြစ်တယ်၊ ဆင်းရဲရင် မဖြစ်ဘူး။

ဒါကလည်း အယူအဆမှားတစ်ခုပါ။ အစားအသောက် ကောင်းကောင်းစားရလို့ ချမ်းသာတဲ့ သူတွေမှာမှ ဆီးချိုရောဂါဖြစ်တယ်လို့ ထင်နေကြပါတယ်။ ဒါက မှားပါတယ်။

– ဆီးချိုရောဂါက မြို့က လူတွေမှာပဲ ဖြစ်တယ်၊ တောရွာကလူတွေမှာ မဖြစ်ဘူး။

ဒါလည်း မဟုတ်ပါဘူး။ တောရော မြို့ရော ဆီးချိုရောဂါဖြစ်တဲ့ သူတွေရှိနေပါတယ်။ ဆီးချိုရောဂါ ဖြစ်သူတွေကို လေ့လာထားတဲ့ အချက်အလက်တွေအရ တောမှာ ဖြစ်တဲ့သူ ဦးရေက ၉ ရာခိုင်နှုန်း၊ မြို့မှာ ဖြစ်တဲ့သူ ဦးရေက ၁၄ ရာခိုင်နှုန်းနဲ့ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာရ ဆီးချိုသွေးချိုရောဂါ ဖြစ်သူဦးရေ ၁၀ ဒသမ ၅ ရာခိုင်နှုန်း ရှိပါတယ်။

– ဆီးချိုရောဂါက အသက်ကြီးမှဖြစ်တယ်။

ဒါလည်း မှားပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပါတယ်။ အရင်က အသက်ငယ်တဲ့သူတွေမှာ အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်ပေမယ့် အခုအခါမှာ အသက်ငယ်တဲ့ သူတွေမှာပါ အမျိုးအစား (၂)ဆီးချိုရောဂါဖြစ်နေတာကို တွေ့နေရပါတယ်။

– ဝတဲ့သူမှာပဲ ဖြစ်တယ်၊ ပိန်တဲ့သူမှာ မဖြစ်ဘူး။

ဒါလည်း မှားပါတယ်။ ဝတဲ့ သူမှာကော ပိန်တဲ့ သူမှာပါ ဆီးချိုရောဂါ ဖြစ်တာကို တွေ့နေရပါတယ်။
လေ့ကျင့်ခန်းမရှိလို့၊ ခါးတုတ်လို့၊ အဆီများလို့ ဆီးချိုဖြစ်တာက အင်ဆူလင် Resistance ဖြစ်တာကြောင့် များပါတယ်။ ဒီတော့ အများအားဖြင့် ဝတဲ့သူတွေမှာ တွေ့ရပါတယ်။

အမျိုးအစား (၁) ဆီးချိုရောဂါဖြစ်တဲ့သူ အများစုကျတော့ အင်ဆူလင်ကို မထွက်တော့တဲ့ အတွက် ပိန်ပိန်လေးတွေ တွေ့ရတာများပါတယ်။

မေး။ ။ ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး ပိန်တဲ့သူတွေ သတိထားသင့်တဲ့ အချက်တွေကို သိပါရစေ ဆရာ။
ဖြေ။ ။ ဝတဲ့သူတွေမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်တာများပေမယ့် ပိန်တဲ့သူတွေကလည်း မပေါ့ဆသင့်ပါဘူး။

‘မိဘမျိုးရိုးထဲမှာ ဆီးချိုသွေးချို ရောဂါရှိတဲ့ သူတွေ၊ နဂိုက တည်းကသွေးတိုး ရောဂါရှိတဲ့ သူတွေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ သူတွေက ဘယ်လောက်ပဲပိန်ပိန် ဆီးချိုသွေးချို ရောဂါ ရှိ၊ မရှိ စစ်ဆေးကြည့်ဖို့ အရေးကြီးပါတယ်…’

အထူးသဖြင့် မိဘမျိုးရိုးထဲမှာ ဆီးချို၊ သွေးချိုရောဂါ ရှိတဲ့သူတွေ၊ နဂိုကတည်းကသွေးတိုးရောဂါ ရှိတဲ့သူတွေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ သူတွေက ဘယ်လောက်ပဲ ပိန်ပိန် ဆီးချို၊ သွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးကြည့်ဖို့ အရေးကြီးပါတယ်။
ဆရာတို့ရဲ့ ရည်မှန်းချက်ကတော့ အသက် ၄၀ ကျော်လာရင် ဘယ်သူမဆို ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးကြည့်ဖို့ပဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top