Healthy Life Ad
Child

ကလေးများအကြောင်း သင်မသိသေးသည့် စိတ်ဝင်စားဖွယ်ရာ အချက်များ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးတွေ ချစ်စရာကောင်းသလားလို့မေးရင် သိပ်ကိုချစ်စရာကောင်းတယ်လို့ပဲ ဖြေကြမှာပါ။ သိပ်ချစ်စရာကောင်းတဲ့ ကလေးလေးတွေ ပိုင်ဆိုင်ကြတဲ့ မိဘတိုင်းနဲ့ ချစ်စဖွယ် သားသားမီးမီးလေးယူဖို့ ပြင်ဆင်နေကြတဲ့ မိဘတိုင်းသိထားသင့်တဲ့ ကလေးတွေနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာ အချက်တွေကို ဖော်ပြလိုက်ပါတယ်။

အချက် (၁)
မွေးကင်းစကလေးတွေရဲ့မိဘတွေက ကလေးအသက် နှစ်နှစ်အထိ အိပ်ချိန်ခြောက်လလောက် ဆုံးရှုံးပါတယ်။ သားဦးမိဘတွေက ကလေးငိုတာကြောင့် တစ်ညမှာ အိပ်ချိန်လေးနာရီအောက်ပဲ ရရှိကြပါတယ်။ အဲဒီလို အိပ်စက်မှုပိုင်းမှာ အကြွေးတင်တာကြောင့် စိုးရိမ်စိတ်များတာ၊ စိတ်ဓာတ်ကျတာ၊ ဒေါသထွက်တာနဲ့ အိမ်ထောင် ရေးမှာ အဆင်မပြေ ဖြစ်စေနိုင်ပါတယ်။

အချက် (၂)
ကလေးတွေ မွေးလာချိန်ကစပြီး သူ့ဘာသာ အိမ်သာတက်နိုင်တဲ့အချိန်အထိ ပျမ်းမျှအားဖြင့် သေးနှီး ၈၀ဝ၀ လောက် လဲရလေ့ရှိပါတယ်။ သေးနှီး တစ်ခါလဲချိန်က ယေဘုယျအားဖြင့် မိခင်အတွက် နှစ်မိနစ်နဲ့ ငါးစက္ကန့်လောက် ကြာတတ်ပြီး ဖခင်အတွက် တစ်မိနစ်နဲ့ ၃၆ စက္ကန့်ကြာတတ်ပါတယ်။

အချက် (၃)
မွေးကင်းစကလေးတွေက သုံးပတ်လောက်အထိ မျက်ရည်မကျနိုင်ပါဘူး။ သူတို့လိုချင်တာရှိတဲ့အခါ စူးစူးရှရှ အော်ဟစ်ပြီး ကျယ်ကျယ်လောင်လောင် အော်တတ်ပါတယ်။

အချက် (၄)
မွေးကင်းစကလေးတွေက အမည်းရောင်၊ အဖြူရောင်နဲ့ အညိုရောင်တွေကိုပဲ မြင်နိုင်ပါတယ်။ သူတို့မျက်နှာနဲ့ ရှစ်လက်မ-၁၂ လက်မအကွာကိုပဲ အာရုံစိုက်နိုင်ပါတယ်။ ကလေးမွေးပြီးနောက် ပထမဆုံး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ အရောင်တွေကို စတင်မြင်နိုင်ပါတယ်။

အချက် (၅)
အမြွှာမွေးနိုင်ခြေက လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်ထက် ပိုများလာပါတယ်။ အမြွှာမွေးနိုင်ခြေက ၁၉၈၀ နဲ့ ယှဉ်ရင် ၇၆ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။

အချက် (၆)
ဂျာမဏီ၊ ဒိန်းမတ်၊ အိုင်ယာလန်နဲ့ တခြားနိုင်ငံ အနည်းငယ်ဟာ ကလေးတွေကို အမည်ပေးတာနဲ့ ပတ်သက်ပြီး တရားဝင် စည်းမျဉ်းစည်းကမ်းတွေရှိပါတယ်။

အချက် (၇)
ကိုယ်ဝန်ဆောင်ချိန်အတောအတွင်း မိခင်တွေက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း ထိခိုက်မှုဖြစ်ရင် သန္ဓေသားဟာ ထိခိုက်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်လည်ပြုပြင်ဖို့ ပင်မဆဲလ်တွေကို ကူးပြောင်းပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးအားနည်းနေတဲ့ အမျိုးသမီး ထက်ဝက်နီးပါးဟာ ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီး ချိန်တွေမှာ မမျှော်လင့်ဘဲ ပြန်လည်ကျန်းမာလာတာ ဖြစ်ပါတယ်။

အချက် (၈)
၁၉၈၅ ခုနှစ်နှောင်းပိုင်းတုန်းက ကလေးတွေဟာ နာကျင်မှုကို မခံစား၊ မသိရှိဘူးလို့ ယူဆပြီး မေ့ဆေးမပါဘဲ ခွဲစိတ်ကုသမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ကလေးတွေရဲ့ ဦးနှောက်က မရင့်ကျက်သေးတဲ့အတွက် နာကျင်မှုကို တကယ်မသိဘူးလို့ ထင်ခဲ့ကြတာပါ။

အချက် (၉)
မွေးကင်းစကလေးတွေက သူတို့မိခင်ရဲ့ အသံကိုမွေးကတည်းက သတိပြုမိကြပါတယ်။ သူတို့လေးတွေ ဝမ်းဗိုက်ထဲမှာ ရှိစဉ်ကတည်းက သတိပြုမိခဲ့တဲ့ အသံလည်းဖြစ်လို့ပါ။ တခြားလူတွေရဲ့ အသံထက် မိခင်အသံ ကို ပိုတုန့်ပြန်သိရှိကြပါတယ်။
(Ref;ID)

Most Popular

Healthy Life Ad
To Top