Healthy Life Ad
Child

မြန်မာကလေးတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်လာနေသည့် အဆင်သင့် အစားအသောက်များ

ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

“သမီးလေးက ထွားလိုက်တာနော် . . အခုမှ ရှစ်တန်းပဲ ရှိသေးတယ်၊ အရပ်ကလည်း အမြင့်ကြီး၊ ၁၀ တန်းအောင်တာနဲ့ Miss ပြိုင်ပွဲတွေသာ ဝင်ပြိုင် ခိုင်းလိုက်တော့ . .”

အစကတော့ သမီး အဲလေးကို တွေ့သူတိုင်း က အဲဒီလို ပြောလာကြတိုင်း ဒေါ်ဖြူဖွေး ကျေနပ်နေ ခဲ့သည်။ မိဘဆိုတာက ကိုယ့်သားသမီး ပညာတော် တာတင်မက ရုပ်ရည်လှတာမှာပါ ဂုဏ်ယူချင်တဲ့ အမျိုးလေ . . တဖြည်းဖြည်း အပျိုဖော်ဝင်လာချိန်မှာ လူကောင်ထွားကာ ဖွံ့ဖွံ့ထွားထွား ဖြစ်လာတဲ့ သမီးလေးကို ဒေါ်ဖြူဖွေး ပီတိပြုံးနှင့် ကြည့်နေခဲ့မိသည်။ ဒီနှစ် အဲလေး ကိုးတန်းလည်းတက်ရော . . အဲလေး က အရပ်ရှည်ပေမယ့် ဝသည့်ဘက် ရောက်လာသည်။ အရပ်ရှည်ရှည် ဝ၀ကစ်ကစ်ဆိုတော့ မြန်မာဝတ်စုံ များ ဝတ်ပေးလိုက်လျှင် အပျိုကြီးမမစတိုင် ဖြစ်နေတော့ ဒေါ်ဖြူဖွေး နည်းနည်း ဘဝင်မကျ ဖြစ်လာခဲ့သည်။

“သမီး အစားကို နည်းနည်းလျှော့စားဦး” ဒေါ်ဖြူဖွေး သတိပေးတော့ အဲလေးက –
“သမီး သိပ်လည်း မစားဘဲနဲ့ ဝနေတာနော် မေမေ . . သမီးကို ကျောင်းမှာ သူငယ်ချင်းတွေက လည်း စကြ၊ နောက်ကြတယ်၊ ဖက်တီးမဆိုပြီး . . သမီးလမ်းလျှောက်တာလည်း မသွက်ဘူးတဲ့”

အဲလေးက နှုတ်ခမ်းထော်ပြီး ခပ်ပေါ့ပေါ့ ပြော နေသော်လည်း ဒေါ်ဖြူဖွေး စိတ်ထဲ နင့်သွားသည်။ “ငါ့သမီး အချောလေးကိုများ ဖက်တီးမတဲ့ . .” အဲလေးနှင့်အတူ အပြင်သွားတော့လည်း အခြားမိတ်ဆွေတွေက ဒေါ်ဖြူဖွေးကို သတိပေးကြသည်။
“အစ်မ သမီး အခုကတည်းက ဒီလောက် ဝ နေရင် ကြီးလာရင် ဝတုတ်ကြီး ဖြစ်သွားလိမ့်မယ်။ အစ်မ ထိန်းပေးလိုက်ဦး . .”
နောက်ဆုံးမှာတော့ မိတ်ဆွေ တစ်ယောက်၏ လမ်းညွှန်ချက်ဖြင့် အဲလေးကို ခေါ်ပြီး အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ရ တော့သည်။
_ _ _
နဒီဝင့်က နေ့တစ်ပိုင်းကျောင်းတက်သည့် ရှစ်တန်းကျောင်းသူဖြစ်သည်။ တစ်နေ့တစ်နေ့သူလည် ပတ်ပုံက မနက်အစောကြီး အိပ်ရာထပြီး မနက်စာ စား၊ ပြီးတော့ ကျောင်းသွား။ ကျောင်းမှာ မုန့်စားချိန် ပေးတော့ မေမေမုန့်ဖိုး ၁၅၀ဝ ပေးလိုက်သည့် နေ့ ဆိုလျှင် အချိုရည်နှင့် ဘာဂါမုန့်စားလိုက်သည်။ တကယ်လို့ မုန့်ဖိုးရတာနည်းရင်ဖြစ်ဖြစ်၊ ဗိုက်သိပ်မဆာ ရင်ဖြစ်ဖြစ် မုန့်မစားတော့ဘဲ အချိုရည်ကိုပဲ သောက်လိုက်တော့သည်။ အချိုရည်ဘူး သောက်လိုက်တော့ ချိုပြီး လူကပါ အေးသွားသည်။ ရာသီဥတုကလည်း ပူတာကိုး . .။

ပြီးတော့ နေ့လယ် အိမ်ပြန်လာပြီး အိမ်တွင် နေ့လယ်စာစားသည်။ အဲဒီနောက် ကျူရှင်ဆက် သွားရသည်။ ကျူရှင်တစ်ခုနဲ့ တစ်ခု အကူးတွင် အ ချိန် သိပ်မရသည့်အတွက် အချိုရည်ကိုပဲ အလွယ်တကူ သောက်လိုက်တော့သည်။ ကျူရှင်ပြီးလို့ အိမ် ပြန်ရောက်တော့ ညစာစား၊ စားပြီးသည့်အချိန်က ည ၉ နာရီထိုးနေပြီ။ နောက်တစ်နေ့ မနက်ကျောင်း သွားဖို့ မနက်စောစော ထရဦးမည် ဖြစ်သည့်အတွက် စာနည်းနည်းကျက်ပြီး အိပ်ရတော့မည်။ မအိပ်လို့ လည်းမရတော့ . . မျက်တောင်တွေကလည်း စင်း နေပြီ၊ လူကလည်း လှုပ်တောင်မလှုပ်နိုင်တော့ . . အဲဒီလိုနေရင်းနေရင်း နဒီဝင့်ကို တဖြည်းဖြည်း ပိုဝ လာသည်ဟု လူပြောများလာခဲ့သည်။
_ _ _
“အခု ဆရာမဆီမှာ လာပြနေကြတဲ့ ကလေး တွေထဲမှာ ရှစ်တန်း-ကိုးတန်း-၁၀ တန်းကလေး တွေက အဝလွန်နေကြပါတယ်။ သူတို့ကို မေးကြည့် လိုက်တော့ မုန်ဖိုး ရတဲ့အခါ ၁၀ဝ၀ အောက် ဆိုရင် အချိုရည်(Soft Drink)တစ်ဘူး ဝယ်သောက်တယ် လို့ဆိုတယ်။ မုန့်ဖိုး ၁၀ဝ၀ကျော်ရရင် ဘာဂါ တစ်ခုနဲ့ အချိုရည်တစ်ဘူး ဝယ်တယ်လို့ ပြောကြတယ်။ ဒီကလေးတွေ အချိန်မရလို့ ဘာမှ မစားဖြစ်ရင်တောင် အချိုရည် (Soft Drink) တစ်ခွက်တော့ သောက် တတ်ကြပါတယ်။ အချိုရည်ထဲမှာ အရောင်တွေ၊ ဆိုး ဆေးတွေပါတယ်။ ကလေးတွေ သောက်ချင်စဖွယ် ဖြစ်စေဖို့ အမြှုပ်ထအောင် ကာဗွန်ထည့်ထားတယ်။ တကယ်တမ်းကျတော့ ဒီအချိုရည်ဘူးတွေကို ကြိုက်တယ်ဆိုရင်တောင် တစ်လကို နှစ်ဘူးထက် ပိုမသောက်သင့်ပါဘူး။ ဒါပေမဲ့ ဒီကလေးတွေက တစ်ရက် တစ်ဘူးလောက် သောက်နေတဲ့အတွက် အလွန်ကို လွဲမှားနေပါတယ်။ဆရာမတို့ကတော့ အဲဒီလို အချိုရည်တွေအစား ရေသောက်စေချင်ပါတယ်”ဟု အာဟာရအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

“အချိုရည်ဘူးဆိုတာ Soft Drink အမျိုးအစားဖြစ်ပြီး တစ်ခါတစ်ရံမှသာ သောက်သင့်တဲ့ အရည် (Occasional Drink)လို့ ခေါ်ပါတယ်။ ဥပမာပြောရရင် ပွဲလမ်းသဘင်သွားတဲ့ အခါမှသာ သောက်သင့်တဲ့ အရည်ပါ၊ တစ်လကို အလွန်ဆုံး နှစ်ခါထက်ပိုပြီး မသောက်သင့်ပါဘူး။

ဒီအချိုရည် တွေက များသောအားဖြင့် ဖရက်တို့စ် ပါဝင်မှုများတဲ့ အတွက် ဒီလိုအချိုရည်သောက်တာက သကြား လက်ဖက်စားဇွန်း ၁၀ ဇွန်း ရေဖျော်သောက်တာနဲ့ အတူတူပါပဲ။ အဲဒီတော့ ဆီးချိုတွေလည်း အများကြီး မြင့်တက်သွားနိုင်ပါတယ်၊ ကျောက်ကပ်ထဲမှာလည်း ကျောက်ဖြစ်သွားနိုင်ပါတယ်၊ အဝလွန်တာလည်း ဖြစ်နိုင်ပါတယ်၊ နောက်ဆုံး ကင်ဆာရောဂါတွေအထိ ဖြစ်သွားနိုင်ပါတယ်”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့် က သတိပေးထားသည်။
_ _ _
အဲလေးကို ကိုယ်အလေးချိန် ချိန်ကြည့်လိုက် သည့်အခါ အသက် ၁၅ နှစ်၊ ကိုးတန်းဆိုသော အရွယ်နှင့်မလိုက်၊ ပေါင် ၂၀ဝ ကျော်နေပြီ၊ အရပ်ကလည်း မြင့်နေတော့ ကြီးထွားဟော်မုန်း (Growth Hormone) များလို့ပဲလား၊ ရောဂါရှိလို့လားဆိုတာ သိအောင် သွေးစစ်ကြည့်လိုက်သည်။ အဖြေအရ HbA1c နည်းနည်းမြင့်နေပြီး သွေးတွင်းသကြားဓာတ် ကလည်း နည်းနည်းမြင့်နေခဲ့သည်။

“သမီး တစ်နေ့ တစ်နေ့ ဘာကို အဓိက စား ဖြစ်လဲ”
“အဓိကက အချိုရည်ပဲသောက်တာပါ. . တခြားမစားဖြစ်ဘူး၊ ပူလို့အေးသွားအောင် အချိုရည်ပဲ သောက်တယ်၊ တစ်ခါတလေမှ ပေါင်မုန့်နဲ့ အချိုရည်၊ အာလူးချောင်းကြော်နဲ့ အချိုရည်၊ ဘာဂါနဲ့ အချိုရည်၊ ကြက်ကြော်နဲ့ အချိုရည် အဲဒီလို တစ်လှည့်စီ စားဖြစ် တာ”ဟု အဲလေးက ပြောပြခဲ့သည်။
_ _ _
“အခုနောက်ပိုင်း ဆရာမဆီကို တအားဝလာ လို့ ဆိုပြီး ရှစ်တန်းနဲ့ ၁၀ တန်းကြား ကလေးတွေ လာပြကြတာ သိသိသာသာ များလာပါတယ်။ ရှစ် တန်းနဲ့ ၁၀ တန်းကြား ကလေးတွေ ဘာလို့ တအားကြီး ဝလာသလဲဆိုရင် အချိုရည်တွေရဲ့ စနက်က ၅၀ ရာခိုင်နှုန်း ပါနေပါတယ်။ ဒီကလေးတွေမှာ ကစား ခုန်စားဖို့ အချိန်ကလည်း သိပ်မရှိဘူးလေ. .များသောအားဖြင့် ဒီကလေးတွေက ရှစ်တန်း- ကိုးတန်း-၁၀ တန်း ကလေးတွေဆိုတော့ ကျောင်းတက်ချိန်၊ ကျူရှင်တက်ချိန်က များတယ်၊ ဒီတော့ အထိုင်ကလည်း များပြီး လေ့ကျင့်ခန်း လုပ်ဖို့ အချိန်ကလည်းမရှိဘူး။ ကိုယ်အလေးချိန် ထိန်းချုပ်ဖို့ (Weight Management)အတွက် လာပြတဲ့ ကလေးတွေကို လမ်းလျှောက်ဖို့ ပြောတိုင်း “ဘယ်အချိန် လျှောက်ရမလဲ ဆရာမ”လို့ ပြန်မေးတတ်ကြပါတယ်။ အဲဒီတော့ စာမေးပွဲပြီးမှ ဆက်လုပ်ပေးရမလို ဖြစ်နေပါတယ်။

လူတိုင်း လူတိုင်း အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုက အမြဲတမ်း မျှတနေဖို့ လိုပါတယ်။ အဲဒီလို မျှတမှုမရှိဘဲ အချိုရည်တွေချည်း နင်းကန် သောက်နေမယ်ဆိုရင်၊ အစားတွေ အများကြီး စား နေမယ်ဆိုရင် ဆယ်ကျော်သက်အရွယ်မှာ အလွန်အမင်း ဝလာပါလိမ့်မယ်။ ထွားတဲ့အရွယ်မှာ အာလူးကြော်၊ ဘာဂါ၊ ပီဇာ၊ အချိုရည် စတဲ့ အဆင်သင့် အစာတွေကို စားသောက်နှုန်းများတာကြောင့် အဝလွန်ရောဂါ အဖြစ် များလာတယ်၊ ဆီးချိုနဲ့ သွေးတိုး ရောဂါ ဖြစ်နှုန်းကလည်း မြင့်တက်လာပါတယ်။အဲဒီလို ဝလာရင် ဘာဖြစ်လာမလဲ . . ဒီရှစ်တန်း-ကိုးတန်း- ၁၀ တန်းဆိုတဲ့အရွယ်က အလွန်အရေးကြီးတဲ့ အရွယ်ပါ။ အသက် ၁၄နှစ်နဲ့ ၁၈ နှစ်ကြား အပျိုဖော်၊ လူပျိုဖော်ဝင်စအရွယ်မှာ အဝလွန်သွား လို့ရှိရင် အသက် ၂၀ ကျော်အရွယ်မှာ ကိုယ်အလေး ချိန် ပေါင်က အကြီးစားတွေ ဖြစ်နေကြပါလိမ့်မယ်။ အဲဒီအခါ သူတို့ကို ပြုပြင်ဖို့ နည်းနည်း ခက်ပါတယ်”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က လူပျိုဖော်၊ အပျိုဖော်ဝင်စအရွယ် ကလေးများအတွက် အဝလွန်ခြင်း အန္တရာယ်ကို ပြောပြခဲ့သည်။

ယခုနောက်ပိုင်း အသက် ၅ နှစ်- ၆ နှစ်အရွယ် ကလေးများ၌ပင် အချိုရည် အများကြီး သောက်သုံးသည်ကို တွေ့လာရကြောင်း၊ သို့ဖြစ်ရာ ထိုကလေးများ အရွယ်ရောက်လာလျှင် အဝလွန်ရောဂါ၊ ဆီးချိုရောဂါ ဖြစ်နှုန်း မြင့်မားနိုင်ခြေရှိကြောင်း သိရသည်။

“အပျိုဖော်၊ လူပျိုဖော်ဝင်ချိန်မှာ အဝလွန်တာကြောင့် အသက် ၃၀ ကျော်အရွယ်ရောက်တာနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ ဝင်လာပါတော့မယ်။ အရင်ကတော့ ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါက အသက် ၄၀ကျော် ၅၀ကျော်အရွယ်တွေမှာပဲ ဖြစ်တတ်တာပါ။ ဒီကလေးတွေကျတော့ အသက် ၃၀ ကျော် အရွယ်မှာ ဆီးချို၊ သွေးတိုး ဖြစ်လာနိုင်သလို အသက် ၃၀ ကျော်အရွယ်နဲ့ ဆီးချို၊ သွေးတိုး ဖြစ်နေသူတွေ ကိုလည်း တွေ့နေရပါတယ်။ ဒါကို မိဘတွေအနေနဲ့လည်း ဂရုစိုက်ဖို့လိုပါတယ်”ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က အဲလေးနှင့် နဒီဝင့်တို့၏ မိဘများအပါအဝင် သားရှင်၊ သမီးရှင်တို့၏ မိဘများအားလုံးကို သတိပေး ပြောကြားလိုက်ပါသည်။

Most Popular

Healthy Life Ad
To Top