Healthy Life Ad
Child

သားယောကျာ်းလေးများတွင် ဖြစ်တတ်သည့် ဝှေးစေ့လိမ်ခြင်း (Torsion Of Testis)

ပါမောက္ခဦးအေးမွန်(ခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ဝှေးစေ့လိမ်ခြင်းက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. ဗိုက်ထဲကနေ ဝှေးစေ့ကိုလာတဲ့ သွေးကြောရှိတယ်၊ သွေးပြန်ကြောကနေ သွေးတွေက သုက်လှောင်ပြွန်ကနေ ပြန်သွားတယ်၊ အဲဒီသွေးကြော၊ သုက်လှောင်ပြွန်တွေကလာတဲ့ ကြိုး(Cord)က ဝှေးစေ့အညှာကို လာတွယ်နေတယ်၊ ဒါပေမဲ့ သူ့အလိုလို အဲဒီကြိုးကလည်ပြီး လိမ်သွားတဲ့အခါ ဝှေးစေ့ပါလိုက်ပြီး လိမ်သွားပါတယ်။ ဝှေးစေ့ဆိုတာ ကပ္ပာယ်အိတ်ထဲမှာ တွယ်နေတဲ့သဘောရှိပါတယ်။ အသက်ငယ်ရွယ်ချိန်မှာ ကလေးတွေရဲ့ ဝှေးစေ့ကျတော့ ကပ္ပာယ်အိတ်ထဲမှာ ကပ်တွယ်အားကနည်းပါတယ်။ အဲဒီအခါ သူ့ကို လာဆိုင်းနေတဲ့ ကြိုးလည်ပြီး လိမ်သွားတဲ့အခါ ဝှေးစေ့ကလည်း လိုက်လိမ်သွားတာဖြစ်ပါတယ်။

ဝှေးစေ့လိမ်တာက ပိုးဝင်တာ၊ ထိခိုက်ဒဏ်ရာရတာစတဲ့ အကြောင်းတွေနဲ့ လုံးဝမဆိုင်ပါဘူး။ သူ့အလိုလိုပဲ ဝှေးစေ့က ကပ္ပာယ်အိတ်နဲ့ တွယ်ဆိုင်းမှုနည်းတဲ့အချိန်မှာ ဝှေးစေ့ကိုလာတွယ်တဲ့ သုက်လှောင်ပြွန်ကလာတဲ့ ကြိုးလည်တဲ့အခါ လိုက်လည်ပြီး လိမ်သွားတဲ့သဘောပဲဖြစ်ပါတယ်။

မေး. ဝှေးစေ့လိမ်ခြင်းဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲဆရာ။

ဖြေ. ဝှေးစေ့လိမ်သွားတဲ့အခါ ကလေးတွေက အရမ်းနာပါတယ်။ ကပ္ပာယ်အိတ်တစ်ခုလုံးရောင်ပြီး တင်းနေပါတယ်။ ဆရာတို့က အဲဒါကိုရုတ်တရက် ကပ္ပာယ်အိတ်နာတယ် (Acute Scrotum)လို့ ခေါ်ပါတယ်။

မေး. ဝှေးစေ့လိမ်ခြင်းက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲဆရာ။

ဖြေ. အဓိကအားဖြင့် ကလေးတွေမှာ အဖြစ်များပါတယ်။ လူကြီးတွေမှာ ဖြစ်ခဲပါတယ်။ ကလေးတွေဆိုရင် ၄-၅-၆ နှစ်ကနေ ၁၀-၁၁ နှစ်လောက်မှာ ဖြစ်တာများပါတယ်။ လူကြီးတွေမှာကျတော့ ဝှေးစေ့နဲ့ ကပ္ပာယ်အိတ်က ကပ်သွားပြီဖြစ်တဲ့အတွက် လည်စရာအကြောင်းက သိပ်မရှိတော့ပါဘူး။ ကလေးမှာတော့ ခန္ဓာဗေဒဖွဲ့စည်းပုံအရ ဝှေးစေ့နဲ့ ကပ္ပာယ်အိတ်ကသိပ်မတွယ်သေးတဲ့အတွက် ဖြစ်တတ်တာပါ။

မေး. ဝှေးစေ့လိမ်ခြင်းက အဖြစ်များပါသလားဆရာ။

ဖြေ. အဖြစ်များတာတော့ မဟုတ်ပေမယ့် သိပ်တော့မရှားလှပါဘူး။ ဝှေးစေ့ရောင်တာ ၁၀ဝယောက်လောက် ရှိရင် ဝှေးစေ့လိမ်တဲ့ဖြစ်စဉ်က တစ်ယောက်-နှစ်ယောက်လောက်တော့ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ပတ်လောက်က မကွေးဆေးရုံကြီးမှာ အသက် ၇နှစ်အရွယ်ကလေးလေးက ဝှေးစေ့အောင့်ပြီး ရောင်နေတယ်။ အဲဒါကို မိဘတွေက နီးစပ်ရာဆရာတစ်ဦးနဲ့ပြတော့ ဝှေးစေ့ရောင်တယ်ဆိုပြီး ထားလိုက်တာ။ မသက်သာတာနဲ့ ရောင်ကိုင်းပြီး ဆေးရုံကိုရောက်လာခဲ့တယ်။ ဆရာ စမ်းသပ်ကြည့်လိုက်တာနဲ့ ဒါဝှေးစေ့လိမ်တာပဲဖြစ်မယ်ဆိုပြီး အရေးပေါ်ခွဲစိတ်လိုက်တယ်။ အဲဒီတော့ အထဲမှာပုပ်နေပြီ . . .

Untitled-1

မေး. ဝှေးစေ့လိမ်တာနဲ့ပတ်သက်ပြီး လတ်တလော ဆရာ့အတွေ့အကြုံကို သိပါရစေဆရာ။

ဖြေ. ပြီးခဲ့တဲ့ နှစ်ပတ်လောက်က မကွေးဆေးရုံကြီးမှာ အသက် ၇နှစ်အရွယ်ကလေးလေးက ဝှေးစေ့အောင့်ပြီး ရောင်နေတယ်။ အဲဒါကို မိဘတွေက နီးစပ်ရာ ဆရာတစ်ဦးနဲ့ပြတော့ ဝှေးစေ့ရောင်တယ်ဆိုပြီးထားလိုက်တာ။ မသက်သာတာနဲ့ ရောင်ကိုင်းပြီး ဆေးရုံကိုရောက်လာခဲ့တယ်။ ဆရာ စမ်းသပ်ကြည့်လိုက်တာနဲ့ ဒါဝှေးစေ့လိမ်တာပဲဖြစ်မယ်ဆိုပြီး အရေးပေါ်ခွဲစိတ်လိုက်တယ်။

အဲဒီတော့ အထဲမှာပုပ်နေပြီ။ အဲဒါနဲ့ လူနာရှင်တွေကို သေချာရှင်းပြပြီး ထုတ်လိုက်ရပါတယ်။ ဝှေးစေ့တစ်ဖက် ထုတ်လိုက်ရတဲ့အတွက် နောက်တစ်ဖက်က ဆက်ဖြစ်နိုင်ခြေရှိတာကြောင့် သတိထားဖို့၊ ချက်ချင်းအောင့်ရင် ချက်ချင်းလာပြဖို့ မိဘတွေကို သေချာမှာလိုက်ရပါတယ်။ တချို့ဆေးစာအုပ်တွေထဲမှာ ကောင်းတဲ့ဝှေးစေ့ကို ပြန်ဖွင့်ပြီး မလိမ်အောင် ပြန်တွယ်ပေးလိုက်တယ်ဆိုတာမျိုး တွေ့ဖူးပါတယ်။

မေး. ဝှေးစေ့လိမ်ခြင်းနဲ့ လွဲမှားတတ်တဲ့ ကျန်းမာရေးပြဿနာတွေရှိရင် သိပါရစေဆရာ။

ဖြေ. အများအားဖြင့် ပါးချိတ်ဗိုင်းရပ်စ် (Mump Virus)ကြောင့် ဝှေးစေ့ရောင်တတ်ပါတယ်။ တခြားပိုးမွှားတွေ၊ တီဘီရောဂါပိုးတွေကြောင့်လည်း ဝှေးစေ့ရောင်တတ်ပါတယ်။ အဲဒီလို ပိုးဝင်တာကြောင့် ဝှေးစေ့ရောင်တာနဲ့ ဒီဝှေးစေ့လိမ်လို့ ရောင်တာက မှားတတ်ပါတယ်။ ဝှေးစေ့ရောင်တာ (Orchitis)ဖြစ်တဲ့အခါမှာလည်း နာတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုဝှေးစေ့လိမ်ပြီး နာတဲ့အခါ ကပ္ပာယ်အိတ်ကတင်းပြီး အပြင်ကနေရာတွေပါ လိုက်ရောင်တာများပါတယ်။ ရိုးရိုးဝှေးစေ့ရောင်တာဆိုရင် ခွဲစိတ်စရာမလိုပါဘူး။ သူ့အလိုလို ဆေးတွေပေးလိုက်ရင် ကောင်းသွားတာပါပဲ။

မေး. ဝှေးစေ့လိမ်ခြင်းဖြစ်တဲ့အခါ ဘယ်လိုကုသမှု ခံယူဖို့လိုအပ်ပါသလဲဆရာ။

ဖြေ. ဒီဝှေးစေ့လိမ်တဲ့ အခြေအနေဖြစ်တဲ့အခါ သွေးကြောတွေပါလိမ်သွားတဲ့အတွက် အောက်ပိုင်းကို သွေးမရောက်တော့ပါဘူး။ အဲဒီအခါ ဒီအတိုင်းထားလိုက်ရင် တစ်ရက်-နှစ်ရက်အတွင်း ဝှေးစေ့ပုပ်သွားနိုင်ပါတယ်။ ဝှေးစေ့ကပုပ်သွားမှ သိတယ်ဆိုရင် ခွဲထုတ်လိုက်ရပါတယ်။ အဲဒီတော့ ကလေးမှာ ဝှေးစေ့တစ်ဖက် ဆုံးရှုံးသွားတတ်ပါတယ်။ ဒါကြောင့် အမြန်သိဖို့ အရေးကြီးပါတယ်။

အမြန်ဆုံး သိတယ်ဆိုရင် ခွဲစိတ်ပြီးလိမ်နေတဲ့ ဝှေးစေ့ကို ပြန်တည့်ပေးလိုက်တဲ့အခါ အချိန်မီ ပြန်ကောင်းသွားပါတယ်၊ သွေးကြောကလည်း သွေးပြန်စီးဆင်းမှု ဖြစ်သွားတဲ့အတွက် မည်းပြီးပုပ်တာမျိုး မဖြစ်တော့ပါဘူး။ နောက်ကျသွားရင်တော့ဝှေးစေ့က မည်းပြီးပုပ်နေတဲ့အတွက် ထုတ်လိုက်ရပါတယ်။

မေး. ဝှေးစေ့လိမ်တာလား၊ ဝှေးစေ့ရောင်တာလားဆိုတာ ခွဲခြားသိနိုင်ဖို့ ဘယ်လိုစမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရပါသလဲဆရာ။

ဖြေ. ခွဲစိတ်ဆရာဝန်တွေကတော့ ဝှေးစေ့ကို လက်နဲ့အပေါ်ပင့်လိုက်ရင် ဝှေးစေ့ရောင်တဲ့အခါ သက်သာသွားပါတယ်။ ဒါပေမဲ့ ဝှေးစေ့လိမ်နေတဲ့အခြေအနေဆိုရင်တော့ အဲဒီလိုလက်နဲ့အပေါ် ပင့်ကြည့်လိုက်တဲ့အခါ ပိုနာသွားပါတယ်။ အဲဒီလို ခွဲခြားကြည့်နိုင်ပါတယ်။ေ နာက်တစ်ခုက Coloured Duplex USG လို့ခေါ်တဲ့ သွေးအနီ၊ အပြာစတဲ့ အရောင်တွေကိုပါ ခွဲခြားမြင်ရတဲ့၊ ဝှေးစေ့လိမ်တာကို မြင်ရတဲ့ အာထရာဆောင်းနဲ့ရိုက်ကြည့်လိုက်ရင် သေချာမြင်ရပါတယ်၊ ပိုတိကျပါတယ်။

မေး. ဝှေးစေ့လိမ်ခြင်းနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေဆရာ။

ဖြေ. ကလေးငယ်ငယ်တွေ လူပျိုအရွယ်မရောက်ခင် အချိန်အထိ၊ အတန်းအလိုက်ပြောမယ်ဆိုရင် ရှစ်တန်းလောက် မရောက်ခင်အချိန်အထိ ထိခိုက်ဒဏ်ရာရတာလည်းမရှိဘဲ ရုတ်တရက်ဝှေးစေ့အောင့်လာတယ်၊ ဝှေးစေ့ရောင်လာတယ်၊ တင်းလာတယ်ဆိုရင် ဆရာဝန်နဲ့ပြဖို့ အရေးကြီးပါတယ်။ ပြလို့ တစ်ရက်လောက်အတွင်း မသက်သာရင် ခွဲစိတ်ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။ အာထရာဆောင်းရိုက်ရပါမယ်။ တစ်ရက်အတွင်း ဒါကိုပြန်လှည့်ပေးလိုက်နိုင်ရင် ပြန်ကောင်းသွားနိုင်ပေမယ့် မသိလိုက်လို့ နောက်ကျသွားရင် ဝှေးစေ့ဆုံးရှုံးသွားနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top