Healthy Life Ad
Life Style

သားသား မွေးမှာလား၊ မီးမီး မွေးမှာလား ရှေးခန့်မှန်းချက်များနှင့် ဆေးပညာအမြင်

မီမိုး

ကိုယ်ဝန်ရှိလာတဲ့အခါ မိဘတွေက သူတို့ ရင်သွေးလေးက သားလေးဖြစ်မလား၊ သမီးလေး ဖြစ်မလားဆိုပြီး ရင်ခုန် စိတ်လှုပ်ရှားကြပါတယ်။ တချို့ဆို ရင် ကိုယ်ဝန်ဆောင် ပထမ သီတင်းပတ် အနည်းငယ် ကတည်းက သားလေးလား၊ သမီးလေးလားဆိုတာ သိချင်လို့ ဗေဒင်မေးတာမျိုး လုပ်ကြတယ်။ ရှေးနည်း တချို့က ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဗိုက်ပုံစံ၊ ကိုယ်ဝန် ဆောင်ချိန် ချဉ်ခြင်းတပ်တဲ့ အစာ စတာတွေ ကြည့်ပြီး ခွဲခြားကြတယ်။
ရင်သွေးရဲ့ လိင်အမျိုးအစားက ခရိုမိုဇုမ်း XX နဲ့ YY စနစ်နဲ့ ကွဲပြားသွားတယ်။ အမျိုးသမီးရဲ့သားဥ က X ခရိုမိုဇုမ်းဖြစ်ပြီး အမျိုးသားဆီက လာတဲ့ သုက်ကောင်က X ဒါမှမဟုတ် Y ခရိုမိုဇုမ်းကို သယ်ဆောင် ထားသလားဆိုတဲ့ အချက်ပေါ်မူတည်ပြီး XX ဆိုရင် သမီးမိန်းကလေး မွေးကာ XY ပေါင်းစပ် သွားတဲ့အခါ သားလေးမွေးတာ ဖြစ်ပါတယ်။

(၁) . ဗိုက်ပုံစံ

ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ဗိုက်က အောက်ဘက် နည်းနည်းကျတယ်ဆိုရင် သားယောကျာ်းလေး မွေးနိုင်ခြေ များတယ်လို့ ရှေးလူကြီးတွေက ဆိုပါတယ်။ ဗိုက်က အလယ်မှာ ကြီးနေရင် သမီးမိန်းကလေး မွေးနိုင်တယ်လို့ ဆိုပါတယ်။

*** ဆေးပညာအမြင် ***

ကလေးရဲ့ ကြွက်သားထုထည်နဲ့ အနေအထားကြောင့် ဒီလို ဗိုက်ပုံစံ ပြောင်းလဲတတ်တဲ့အတွက် ကလေးရဲ့ လိင်အမျိုးအစားကို ဒီလိုနည်းနဲ့ မပြောနိုင်ပါဘူးလို့ ဆေးပညာရှင်တွေက ဆိုပါတယ်။

(၂) . သန္ဓေသား နှလုံးခုန်နှုန်း

ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားရဲ့ နှလုံးခုန်နှုန်းက တစ်မိနစ်မှာ ၁၄၀ ထက် ပိုများနေရင် သမီး မိန်းကလေး မွေးမယ့် လက္ခဏာဖြစ်ပြီး တစ်မိနစ်မှာ နှလုံးခုန်နှုန်းက ၁၄၀ ထက်နည်းရင် သားယောကျာ်းလေး မွေးမှာလို့ ဆိုကြပါတယ်။

*** ဆေးပညာအမြင် ***

သားကိုယ်ဝန် ဆောင်ချိန်မှာထက် သမီးကိုယ်ဝန် ဆောင်ချိန်မှာ အမျိုးသမီးတွေရဲ့ နှလုံးခုန်နှုန်းက ပိုမြန်တတ်တယ်ဆိုတဲ့ လေ့လာမှုတွေ ရှိတာကြောင့် ဒီခန့်မှန်းချက်က တစ်စိတ်တစ်ပိုင်း မှန်ကန်နိုင်ပါတယ်။

(၃) . လက်စွပ်ဖြင့်စမ်းနည်း

ရှေးကျတဲ့နည်း ဖြစ်ပေမယ့် အခုအချိန်အထိ ယုံကြည်သူတွေ၊ စမ်းသပ်သူတွေ ရှိနေတုန်းပါပဲ။ ဦးစွာ လက်ထပ်လက်စွပ် ကွင်းလေးကို ဖခင်ရဲ့ဆံပင် ဒါမှမဟုတ် အပ်ချည်ကြိုးနဲ့ ချည်လိုက်ပါ။ ပြီးရင် ဆံပင် / အပ်ချည်ကြိုးရဲ့ တစ်ဖက်စွန်းက ကိုင်ကာ လက်စွပ်ကို တွဲလောင်းချပြီး မိခင်ရဲ့ ဗိုက်ပေါ်တင်ထားပါ။ အဲဒီနောက် လက်စွပ်ကို ဗိုက်အပေါ်ကို ဆွဲမလိုက်ပါ။ လက်စွပ်လေးက ဗိုက်ပေါ်မှာ တွဲလောင်းဖြစ်နေချိန် မှာ ဘေးတိုက်၊ ရှေ့နောက် နာရီချိန်သီးလို ယမ်းနေရင် ယောကျာ်းလေးမွေးနိုင်ပြီး နာရီလက်တံလို လည်နေခဲ့ရင်တော့ မိန်းကလေး မွေးနိုင်တယ်လို့ ဆိုပါတယ်။

*** ဆေးပညာအမြင် ***

ဒီနည်းက ကလေးရဲ့ လိင်အမျိုးအစားကို တိတိ ကျကျ ခွဲခြားနိုင်တယ်ဆိုတဲ့ သက်သေမရှိပေမယ့် အန္တရာယ်မရှိတာကြောင့် ဇနီးမောင်နှံတွေ အပျော်သဘော လုပ်ကြည့်နိုင်ပါတယ်။

(၄) . ချဉ်ခြင်းတပ်သော အစာ

ကိုယ်ဝန်ဆောင်မိခင် ချဉ်ခြင်းတပ်တဲ့ အစာက ဘာလေးမွေးမယ်ဆိုတာ ပြောပြနေတယ်လို့ ရှေးကတည်းက ယူဆခဲ့ကြတာပါ။ အချိုစာတွေ စားလေ့မရှိ သူက အချိုတွေစားရင် သားလေးမွေးမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ ငန်တဲ့ အစာတွေကို စားချင်စိတ် ပြင်းပြနေသူဆိုရင် သမီးလေး မွေးနိုင်တယ်လို့ ဆိုထား ကြပါတယ်။

*** ဆေးပညာအမြင် ***

ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတပ်တာက ပုံမှန်ပဲ ဆိုပေမယ့် ကိုယ်ဝန်ဆောင်မိခင်က ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ အစားအသောက်ရဲ့ အရေးပါပုံကို နားလည်သင့်ပါတယ်။ အချိုစာတွေ စားလွန်း တာကြောင့် ကိုယ်အလေးချိန် များတတ်သလို အငန်စာ စားလွန်းရင် ခြေဖျားလက်ဖျား ဖောရောင်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတပ်ရတာပါ။

(၅) . ကိုယ်ဝန်ဆောင်ချိန် ပျို့ချင်အန်ချင်ဖြစ်ခြင်း

သမီးမိန်းကလေး ကိုယ်ဝန်ဆောင်ထားရင် ပျို့ချင်အန်ချင် ဖြစ်နှုန်းများတယ်လို့ အရင်က ယုံကြည် ထားကြပါတယ်။

*** ဆေးပညာအမြင် ***

ကိုယ်ဝန်ဆောင်မိခင်ဟာ ပျို့ချင်အန်ချင် ဖြစ်တတ်တာကြောင့် သားလေးလား၊ သမီးလေးလား ခွဲခြားရာမှာ မထိရောက်ပေမယ့် သမီးလေးကိုယ်ဝန် ဆောင်ထားရင် သားကိုယ်ဝန် ဆောင်ချိန်ထက် ဆီး ထဲမှာ HCG ဟော်မုန်း ပိုများတတ်တယ်လို့ ဆေးပညာရှင်တချို့က ဆိုပါတယ်။

Most Popular

Healthy Life Ad
To Top