Healthy Life Ad
Life Style

အရမ်းပူတဲ့ ရာသီမှာ အပြင်သွားရင် အင်္ကျီလက်ရှည်ဝတ်ပြီး ထီးဆောင်းဖြစ်တယ် ဆိုတဲ့ အန်တီခင်သန်းနွယ်

– လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ဘာတွေ လုပ်ဆောင်ဖြစ်နေပါသလဲ။

အန်တီကတော့ ထုံးစံအတိုင်း ရုပ်ရှင်ကားတွေ၊ ဗီဒီယိုကားတွေ ရိုက်ဖြစ်နေပါတယ်။

– အန်တီတို့မိသားစုမှာ တစ်ယောက်ကျန်းမာရေးကို တစ်ယောက် ဘယ်လိုဂရုစိုက် အကြံပေးဖြစ်ပါသလဲ။

ကျန်းမာရေးဗဟုသုတတွေ လေ့လာပြီး ကိုယ်တတ်နိုင်သလောက် သိသလောက်လေးတွေကို ပြောပြဖြစ်ပါတယ်။ ဘာရောဂါဖြစ်ရင် ဘာဆေးသောက်ရင် ပျောက်တယ်ဆိုတာမျိုးပါ။ ဆရာဝန်နဲ့ လည်း ပြသတာမျိုး ရှိပါတယ်။

– အစားအသောက်ကို ကျန်းမာရေးနဲ့အညီ ဘယ်လိုချက်စားဖြစ်လဲ။

အိမ်မှာကတော့ အန်တီကိုယ်တိုင်ချက်ပြုတ် စားသောက်တယ်။ ကျန်းမာရေးကောင်းစေမယ့် အစာကို ချက်စားဖြစ်ပါတယ်။ အပြင်စာကတော့ အလုပ်တွေသွားနေရတဲ့အချိန်မှာ စားလိုက်တယ်။ အပြင်စာကို စားဖြစ်ရင်လည်း သန့်ရှင်းလတ်ဆတ်တဲ့ ဆိုင်မျိုးမှာ ရွေးစားဖြစ်တယ်။

– ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကော လုပ်ဖြစ်ပါသလား။

အန်တီက လေ့ကျင့်ခန်းအနေနဲ့ လမ်းပဲလျှောက်ဖြစ်ပါတယ်။

– ဒီအသက်အရွယ်အထိ အန်တီနဲ့ မိသားစုကျန်းမာရေးကြောင့် စိတ်ညစ်ခဲ့ရဖူးသလား။

အခုချိန်ထိ အန်တီ့ကျန်းမာရေးအတွက်ကော မိသားစုကျန်းမာရေးအတွက်ပါ အရမ်းကြီး စိတ်ညစ်ခဲ့ရတာမျိုး မရှိသေးပါဘူး။

– ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ဖြစ်ပါသလား။

ကျန်းမာရေး စစ်ဆေးမှုတွေတော့ လုပ်ဖြစ်ပါတယ်။ အန်တီ ကိုယ်တိုင်ကလည်း ဆီးချိုရောဂါရှိတော့ အချိုတွေ လျှော့စားဖြစ်ပါတယ်။

– နယ်ခရီးတွေ ရိုက်ကူးရေးသွားဖြစ်ရင် အန်တီရဲ့ ကျန်းမာရေးကို ဘယ်လို ဂရုစိုက်ပါသလဲ။

နယ်ခရီးတွေသွားရင် ဆေးဝါးအပြည့်အစုံ ယူသွားပါတယ်။ ကိုယ်အမြဲသောက်နေကျဆေးတွေကို အဓိက ယူသွားဖြစ်ပါတယ်။

– အိမ်က မိသားစုဝင်တွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆေးလိပ်၊ အရက်သောက်တာတွေရှိရင် ဘယ်လို အကြံပေးဖြစ်ပါသလဲ

အန်တီ့အမျိုးသားကလည်း ဆေးလိပ်၊ အရက် မသောက်ပါဘူး။ အဲဒီတော့ ကျန်းမာရေး လိုက်စားဖို့ပဲ အကြံပေးဖြစ်ပါတယ်။

– ဒီနှစ် နွေရာသီက အရမ်းပူတယ်၊ ပိုပြီး ပူဦးမယ်လို့လည်း သိရပါတယ်။ အဲဒီအတွက် ကျန်းမာအောင် ဘယ်လို နေထိုင်ပါသလဲ အန်တီ

အဓိက အပြင်သိပ်မထွက်ပါဘူး။ အပြင်သွားရင်လည်း လက်ရှည်အင်္ကျီဝတ်တယ်၊ ထီးဆောင်းတယ်၊ အပူမလျှပ်အောင်လည်း ဂရုစိုက်ရပါတယ်။

– ဒီနှစ်မှာ လည်ပတ်ကြမယ့် လူကြီး၊ လူငယ် တွေအတွက် ကျန်းမာရေး အကြံပြုချက်လေး ပြောပေးပါ အန်တီ။
ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။ နေအရမ်းပူတဲ့ အချိန်တွေမှာ ဦးထုပ်၊ ထီးတွေ ယူဆောင်သွားပါ၊ လူတစ်ယောက်မှာ ကျန်းမာရေးက အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top