Healthy Life Ad
Child

ဉာဏ်ရည်မမီပေမယ့် စွမ်းရည်ပြခွင့်ရပြီလေ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

“သားသမီးလေးဦးမှာ သူကတတိယသားပါ။ မွေးတုန်းက ၈၈ အရေးအခင်းမှာဆိုတော့ ကလေးမွေးရတဲ့အခြေအနေကလည်း နယ်အိမ်မှာပဲဆရာမနဲ့ မွေးရတယ်၊ မွေးရာပါစအိုမှာ အပေါက်မပါဘူး၊ အဲဒါကိုနောက်နေ့တွေမှာ ကလေးက နောက်ဖေးမသွားပါလား . . မသွားပါလားဆိုကာမှ စအိုအပေါက် မပါမှန်းသိတယ်၊ အဲဒီအချိန် ကချင်ပြည်နယ်မှာတာဝန်ကျနေတဲ့ ခွဲစိတ်ဆရာဝန်ကြီးက အရေးအခင်းကာလ မြို့ကိုပြန်လာတော့ ဆရာကြီးက ချက်ချင်းခွဲပေးခဲ့တယ်၊ အဲဒီလို ကျန်းမာရေးအခက်အခဲလေးတွေ ကြုံခဲ့တယ်။ လမ်းလျှောက်တာကလည်း နှစ်နှစ်ကျော်လောက်မှ စလမ်းလျှောက်ပါတယ်၊ မြေကြီးတွင်းထဲ မနက် ၇ – ၈ နာရီဆို လည်ပင်းအထိမြှုပ်ပြီး လေ့ကျင့်ပေးခဲ့ရတယ်၊ ကလေးက စကားကလည်းမပြောတတ်၊ ကျန်းမာရေးကလည်းမကောင်းဆိုတော့ ကျွန်တော်တို့အတော် စိတ်ဆင်းရဲခဲ့ရတယ်”

အငြိမ်းစားပညာရေးမှူးက သားဖြစ်သူ Down Syndrome ရောဂါရှိသူ ဇော်မျိုးဇော်အကြောင်း စိတ်မကောင်းဟန်ဖြင့် ပြောပြခဲ့သည်။

“ဆွေမျိုးထဲမှာ သိမ့်သိမ့်နဲ့အတူတူ တစ်ရက်တည်းမွေးတဲ့ကလေးလေး ကျောင်းတတ်တာတွေ့ရတဲ့အခါမှာ ဝမ်းနည်းမိတာပေါ့။ အရင်တုန်းက သိမ့်သိမ့်ကျောင်းထားဖို့ စုံစမ်းသေးတယ်။ ဒါပေမဲ့ သိပ်ပြီးအဆင်မပြေဘူး။ အိမ်ကလည်းစိုးရိမ်ကြတဲ့အတွက် အိမ်မှာပဲကိုယ့်ဘာသာ သင်ကြမယ်ဆိုပြီး သူ့ကိုစာသင်ပေးခဲ့ကြတယ်။ ဒါပေမဲ့ တိုးတက်မှုတော့ သိပ်မရှိပါဘူး” Down Syndrome ရောဂါရှိသူ သိမ့်သိမ့်သူ၏ အစ်မမသူဇာကလည်း ပြောပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် သုဝဏ္ဏအားကစားကွင်း၊ အောင်ဆန်းအားကစားကွင်း၊ မင်္ဂလာဒုံအားကစားကွင်း၊ အင်းစိန်အားကစားကွင်း၊ လှိုင်သာယာအားကစားကွင်း စသဖြင့်ရှိကြပြီး အားကစားကွင်းအားလုံးတွင် Down Syndrome ရောဂါရှိသူဦးရေ ၃၀ ကျော် လာရောက်ကစားကြကြောင်း၊ ထိုအားကစားကွင်းများတွင် တစ်ပတ်လျှင်သုံးရက်၊ အခကြေးငွေပေးစရာမလိုဘဲ စေတနာရှင်အားကစားနည်းပြများက စနစ်တကျ သင်ကြားပို့ချပေးနေကြောင်း၊ သိခဲ့ရာ ထိုသတင်းကိုကြားသည်နှင့် ဇော်မျိုးဇော်၏ဖခင်က သားဖြစ်သူလက်ကိုဆွဲပြီး အားကစားကွင်းထဲ ရောက်လာခဲ့သည်။

“ကျောင်းထားပေမယ့် အဆင်မပြေတော့ အိမ်မှာဆရာမခေါ်သင်တယ်၊ မရပါဘူး၊ အခုအသက် ၂၇ နှစ်အရွယ်အထိ အရောင်တွေဘာတွေသင်ပေးပေမယ့် သင်ပေးတုန်းခဏပဲ ရတယ်၊ နောက်ပြန်မေးရင် မရတော့ဘူး၊ မှတ်ဉာဏ်ကိုက အားနည်းပါတယ်၊ ဒေါသကလည်းကြီးတော့ နယ်မှာတုန်းက တစ်ယောက်တည်းလွှတ်ထားလို့လည်း မရဘူးလေ၊ အမြဲလိုက်စောင့်ရှောက်နေရတာ . . ကျွန်တော်ပင်စင်ယူပြီး ရန်ကုန်ကိုရောက်လာပြီး သားကိုဒီပို့ခဲ့တာ တစ်နှစ်ကျော်ပဲရှိသေးတယ် . . အိမ်မှာနေတာနဲ့စာရင် ပေါင်းသင်းဆက်ဆံရေး၊ ပြောတာဆိုတာတွေ၊ ပျော်ရွှင်တာတွေက သိသိသာသာတိုးတက်လာပါတယ်။ သူတို့ပုံစံတူလေးတွေ အချင်းချင်းတွေ့တော့ သူတို့ဝမ်းသာအားရ နှုတ်ဆက်ကြတယ်၊ အဲဒါလေးကိုကြည့်ပြီး မိဘတွေဖြစ်တဲ့ ကျွန်တော်တို့တစ်တွေ ဝမ်းသာပီတိဖြစ်ရတယ်၊ အားကစားလုပ်တဲ့အခါမှာလည်း အိမ်မှာခိုင်းလို့မရပေမယ့် ဒီမှာအများနဲ့အတူလုပ်ရတော့ လုပ်ကြပါတယ်၊ ရေကူးအားကစားနဲ့ ဘိုချီကစားနည်းတွေမှာ စိတ်ပါလက်ပါ တက်တက်ကြွကြွလုပ်ဆောင်တာကို တွေ့ရပါတယ်. . အခုတော့ဒီမှာ အပေါင်းအသင်းတွေနဲ့တွေ့ရတော့ ပြောရဲ၊ ဆိုရဲ၊ သွားရဲ၊ လာရဲလာတယ်၊ စကားမပီပေမယ့် သူတို့ပြောချင်တာကို ပြောတတ်လာတယ်။ သူတို့မမျှော်လင့်ဘဲ ပြောလိုက်တဲ့စကားတွေကြောင့် မိသားစုမှာပျော်ရွှင်ရတာတွေ ရှိပါတယ် . .”ဟု ဇော်မျိုးဇော်၏ ဖခင်က အားကစားလေ့ကျင့်ခြင်းကြောင့် သားဖြစ်သူတိုးတက်လာပုံကို ပြောပြခဲ့သည်။

“ရန်ကုန်တိုင်းတစ်တိုင်းလုံးမှာ ဒီအားကစားကွင်းကို Training လာဆင်းနေတဲ့သူ အားလုံးပေါင်းလိုက်ရင် Down Syndrome ဖြစ်တဲ့သူ ၃၀ ယောက် ကျော်လောက် ရှိပါတယ်။ ဒီကလေးတွေက တခြား အော်တစ်ဇင် (Autism) နဲ့ MR (Mentral Retred) ကလေးတွေလိုမကြမ်းတမ်းပါဘူး၊ သူတို့ကနူးညံ့ပါတယ်၊ ချော့ပြောရင်ရတယ်၊ ကြင်ကြင်နာနာ နားလည်မှုပေးနိုင်ရင် အားကစားမှာပါဝင်ဆောင်ရွက်မှု ကောင်းပါတယ်၊ နောက်ပိုင်းမှာသူတို့ဘာသာ သူတို့လုပ်လာနိုင်တဲ့ သဘောရှိပါတယ်။ Down Syndrome ကလေးတွေက လည်ပင်းရိုးတစ်ဆစ် ကျဉ်းနေတဲ့အတွက် ခုန်လို့မရဘူးဆိုပေမယ့် နိုင်ငံတကာအလျားခုန်ပြိုင်ပွဲတစ်ခုမှာ ဒေါင်းဆင်ဒရုန်းကလေးက နံပါတ်တစ်ရသွားခဲ့ပါတယ်၊ ဒါကဘာကိုပြနေသလဲဆိုတော့ သူတိုရဲ့ စွမ်းဆောင်နိုင်စွမ်းပေါ်မူတည် ပြီး သင်လို့ရတယ်ဆိုတာ ပြသနေပါတယ်။ဘယ်ကလေးက ဘယ်လိုအားကစားကို ပါဝင်နိုင်တယ်ဆိုတာ နည်းပြတွေကတော့ သူတို့ကိုအမြဲသင်ပေးနေတဲ့အတွက် သိပါတယ်ဟု” Down Syndrome ကလေးများအပါအဝင် ဉာဏ်ရည်မမီကလေးများအား လေ့ကျင့်သင်ကြားပေးနေသော မြန်မာနိုင်ငံဉာဏ်ရည်မမီအားကစားအဖွဲ့ နည်းပြဖြစ်သူ ဒေါ်ခင်ဆွေအေးက ပြောပြခဲ့သည်။

Down Syndrome ကလေးများသည် များသောအားဖြင့်ဘိုချီကစားနည်း၊ ဘောလုံးပစ်ကစားနည်းများတွင် ပါဝင်လုပ်ဆောင်နိုင်စွမ်းမြင့်မားသော်လည်း စွမ်းဆောင်နိုင်စွမ်းက တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိကြကြောင်း သိရသည်။

“၂၀၁၃ ခုနှစ်ကပဲ အသိတစ်ယောက်ရဲ့အဆက်အသွယ်နဲ့ သုဝဏ္ဏအားကစားကွင်းကို လာပို့ဖြစ်ခဲ့တာပါ။ တစ်နှစ်လောက်ကတော့ သိပ်အဆင်မပြေသေးပေမယ့် နောက်ပိုင်းတော့အတော်လေး တိုးတက်လာတာ တွေ့ရပါတယ်။ နှစ်နှစ်ကျော်အတွင်း အိမ်မှာထားတာနဲ့ဒီမှာထားတာက အတော်လေးကွာခြားမှု ရှိပါတယ်။ အိမ်မှာဆိုရင်သိမ့်သိမ့်က တစ်ယောက်တည်းလည်း ဖြစ်နေတယ်။ အစ်မတို့ကလည်း အလုပ်တွေနဲ့ဆိုတော့ သူ့ကိုသိပ်ပြီး ဂရုမစိုက်နိုင်ဘူး။ အရင်တုန်းကဆို လမ်းသိပ်မလျှောက်နိုင်ဘူး။ အခုဆိုရင် သူ့ကြံ့ခိုင်မှုက အတော်လေးတိုးတက်လာတယ်။ စကားတွေလည်း အတော်ပြောလာတယ်၊ ကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။ သိမ့်သိမ့်မှာ နှလုံးအပေါက်ကလည်း တစ်စင်တီမီတာရှိနေလို့ ဆရာဝန်တွေကတော့ အားကစားကိုအလွန်အကျွံမလုပ်ဖို့ ပြောထားပါတယ်။ ဒီကွင်းထဲမှာ လေ့ကျင့်ခန်းတွေလာလုပ်ပြီးတော့မှ သိမ့်သိမ့်က ဝိတ်တွေကျလာတယ်၊ ချွေးတွေလည်းအရမ်းထွက်တယ်၊ သွေးပေါင်လည်း တက်တက်လာတာကို သိလိုက်ရတယ်။ အဲ့ဒါနဲ့မှ အစ်မတို့ဆေးတွေစစ်ကြည့်မိတော့ ဟိုက်ပါသိုင်းရွိုက်ရှိနေမှန်း သိခဲ့ရတယ်။ ဒါက အားကစားလုပ်လို့ ရောဂါကိုစောစောသိခဲ့ရတာပါ။ ဒီမှာလေ့ကျင့်တဲ့အတွက်ကြောင့် သူ့မျက်စိအဝေးမှုန်တယ်ဆိုတာလည်း သိခဲ့ရပြီး ဆေးကုသမှုတွေပေးနိုင်တဲ့အတွက် ပိုကျန်းမာလာပါတယ်”ဟု မသူဇာကဆိုသည်။

ဉာဏ်ရည်မမီကလေးများအား အသက်ငါးနှစ်ဆိုလျှင် စတင်လက်ခံ၍ လေ့ကျင့်ခွင့်ပြုသော်လည်း အသက်ရှစ်နှစ်မှသာ အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုကြောင်း၊ နိုင်ငံတကာပြိုင်ပွဲသို့သွားရာတွင် စရိတ်ငြိမ်းသွားရောက်ယှဉ်ပြိုင်ခွင့် ရရှိနေပြီဖြစ်ကြောင်း သိရသည်။

“အားကစားကွင်းထဲမလာဘဲ အိမ်မှာပဲနေတဲ့ Down Syndrome ကလေးတွေက အိမ်မှာတီဗီကြည့်မယ်၊ မိဘနဲ့နေမယ်၊ အလွန်ဆုံးသူပြောဆိုရင် မိသားစုလောက်ပဲရှိမယ် . .

ဒီမှာကျတော့ သူတို့နဲ့ပုံစံတူတဲ့ ကလေးတွေကိုတွေ့တယ်၊ ဆရာမတွေကလည်း သူတို့ကိုတန်းတူရည်တူ ဆက်ဆံပေးတယ်၊ အဲဒီအခါ သူတို့ကအချင်းချင်းသာမက ဆရာမတွေအပေါ်မှာပါ ပေါင်းသင်းဆက်ဆံတတ်လာတယ်၊ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကလည်း တိုးတက်လာတယ်၊ သန်မာသွားကြတယ်၊

အရင်က သွားရည်ကျနေတဲ့ကလေးက ဒီရောက်လာတော့ သွားရည်မကျတော့ဘူး၊ ရွဲ့တာစောင်းတာ လျော့သွားတယ် . . အဲဒီကနေ နိုင်ငံတကာအဆင့်အထိ အားကစားပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်နိုင်တာမျိုးတွေ ဖြစ်သွားပါတယ် . .”ဟု ဒေါ်ခင်ဆွေအေးက ဆိုသည်။

သာမန်ကလေးများ အားကစားလိုက်စားရာတွင် လေ့ကျင့်ပေးမည့်နည်းပြပေါသော်လည်း ဉာဏ်ရည်မမီကလေးများအတွက်မူ သူတို့ကိုနားလည်ပေးမည့်သူ၊ သူတို့အပေါ်စိတ်ရှည်လက်ရှည် လေ့ကျင့်ပေးမည့်သူ ရှားကြောင်း၊ သူတို့လေးများအတွက် လိုအပ်နေသောကွက်လပ်အား ၂၀ဝ၄ ခုနှစ်၊ ဉာဏ်ရည်မမီအားကစားအဖွဲ့ စတင်တည်ထောင်စဉ်ကတည်းက ဖြည့်ပေးခဲ့သော နည်းပြဒေါ်ခင်ဆွေအေးက -“ဆရာမကျတော့ ဒီကလေးတွေကိုစတွေ့ကတည်းက သူတို့မှာနည်းပြတစ်ယောက် မရှိလို့မဖြစ်ဘူး၊ လိုအပ်နေတယ်ဆိုတာတွေ့လို့ ဒီလိုအပ်နေတဲ့နေရာကို ဖြည့်ဆည်းပေးချင်လို့ ကူညီဆောင်ရွက်ပေးဖြစ်တာပါ” ဟု ကရုဏာသက်စွာ ပြောပြခဲ့သည်။

ဉာဏ်ရည်မမီကလေးများအား လေ့ကျင့်သင်ကြားပေးရာတွင် ကြုံတွေ့ခဲ့ရသောအခက်အခဲကို မေးမြန်းကြည့်ခဲ့ရာ –

“ဒီလိုလေ့ကျင့်ပေးခဲ့တဲ့ ကာလတစ်လျှောက်မှာ အော်တစ်ဇင်ကလေးတချို့ တုန့်ပြန်တာနည်းနည်းကြမ်းတာကို ခံခဲ့ရဖူးပါတယ်၊ ကိုက်ဆွဲတာ၊ မျက်နှာကို တံတွေးနဲ့ထွေးတာ၊ ကုတ်ဆွဲတာတွေ ခံခဲ့ရတယ်၊ သူတို့သဘောသဘာဝကို နားလည်ပြီး လူတွေနဲ့အတူ ပေါင်းသင်းနေတတ်လာအောင် သင်ပေး၊လေ့ကျင့်ပေးလိုက်တော့ သူတို့လည်းအများကြားမှာ သွားလာလှုပ်ရှားနိုင်လာပါတယ်။ Down Syndrome ကလေးတွေကျတော့စစချင်း မိဘတွေကိုထဘီဆွဲပြီးပါလာပေမယ့် ဒီမှာလေ့ကျင့်ရင်း ရင်းနှီးသွားတော့အဆင်ပြေလာတယ်၊ မိဘတွေပါလာပေမယ့် လိုက်မလုပ်ပေးနဲ့လို့ မှာထားလိုက်တော့ ကလေးတွေကသူတို့စွမ်းရည်လေးတွေ ထုတ်သုံးလာကြပါတယ်၊ စိတ်ပိုင်းဆိုင်ရာမှာလည်း သူများတကာပန်းဝင်ရင် သူတို့လည်းပန်းဝင်ချင်တဲ့ အားကစားစိတ်ဓာတ်လေးတွေ ဖြစ်လာပါတယ်။ ဇွဲစိတ်ဓာတ်ရှိလာတယ်၊ စည်းကမ်းတကျဖြစ်လာတယ်၊ ပူးပေါင်းလှုပ်ရှား ဆောင်ရွက်တတ်လာပါတယ် . . အိမ်ရောက်ရင်မိသားစုမှာ ပါဝင်ကူညီလုပ်ဆောင်ပေးလာပါတယ်၊ အများကြီး တိုးတက်လာပါတယ်” ဟု ဒေါ်ခင်ဆွေအေးက ပြောပြခဲ့သည်။

“မိသားစုထဲမှာ ဒေါင်းကလေးမွေးလာတယ်လို့သိတာနဲ့ သက်ဆိုင်တဲ့ဆရာဝန်တွေနဲ့ တွေ့ဆုံပြသသင့်ပါတယ်။ ဒါမှသာ လိုအပ်တဲ့အကြံဉာဏ်နဲ့ လမ်းညွှန်မှုတွေရမှာဖြစ်ပါတယ်။ တစ်နှစ်တစ်ခါ ဆေးစစ်တာတွေလည်း လုပ်ပေးပါ၊ ပညာရေးသင်ကြားဖို့ မလွယ်ကူပေမယ့် ဉာဏ်ရည်မမီသင်တန်းကျောင်းတွေမှာ ကျောင်းထားပေးပါ။ ဒီလိုလုပ်မှ သူတို့ရဲ့လူမှုဆက်ဆံရေးတွေအပါအဝင် တခြားအသိတွေကလည်း တိုးတက်လာမှာဖြစ်ပါတယ်။ အိမ်မှာပဲ ဖွက်ထားတာတွေ၊ လှောင်ထားထားတာတွေ မလုပ်သင့်ပါဘူး။ ကလေးကိုသင့်တော်တဲ့ အဖွဲ့အစည်းတွေနဲ့လက်တွဲပြီး စောင့်ရှောက်ပေးမှသာ သူတို့ရဲ့ဘဝလေးတွေလည်း ပိုပြီးကျန်းမာပျော်ရွှင် လာနိုင်မှာဖြစ်ပါတယ်” ဟု မသူဇာက အခြား Down Syndrome ကလေးတို့၏ မိဘအုပ်ထိန်းသူများအား အကြံဉာဏ်ကောင်း မျှဝေလိုက်ပါသည်။

Most Popular

Healthy Life Ad
To Top