Healthy Life Ad
Q & A

မေးရိုးက နေရင်းထိုင်ရင်း ဂွပ်ခနဲဖြစ်သွားတယ်. .

မေး. မေးရိုးက နေရင်းထိုင်ရင်း ဂွပ်ခနဲဖြစ်ဖြစ်သွားတယ်၊ တစ်ခါတလေ အစာတောင်စားလို့မရဘူး။ ဘာလုပ်သင့်ပါသလဲဆရာ။
ဂျက်စမင်၊ မန္တလေး။

ပါမောက္ခဦးကိုကိုမောင် (မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဒါက မေးရိုးကဖြစ်တာမဟုတ်ပါဘူး။ အောက်မေးရိုးမှာ အဆစ်ဆိုတာရှိပါတယ်။ အဆစ်ဆိုတာ ညာရော ဘယ်ပါ ရှိပါတယ်။ ပါးစပ်ကဟမယ်ဆိုရင် အဲဒီမေးရိုးအဆစ်က အလုပ်လုပ်ရတယ်။ ပါးစပ်ဟလိုက်တဲ့အခါ အဲဒီအဆစ်ကလေးက ရှေ့ကိုတိုးသွားတယ်၊ နဂိုရှိရမယ့် ခွက်ကလေးထဲကနေ ရှေ့ကိုတိုးသွားပြီး ပါးစပ်ဟတယ်။

ပိတ်လိုက်တဲ့အခါအဆစ်က သူ့နေရာသူပြန်ဝင်သွားပြီး ပိတ်သွားပါတယ်။ အခုဖြစ်တာက ပါးစပ်ဟလိုက် တဲ့အချိန်မှာ အဆစ်ကရှေ့ကိုတိုးသွားပြီး ရှေ့မှာသွားထစ်နေလို့ ဂလုပ်ဆိုပြီးဖြစ်သွားတာပါ။ အဲဒီလိုဖြစ်ပြီဆိုရင် လိုက်နာရမှာတွေကတော့-

(၁) ပါးစပ်ကို အကျယ်ကြီးမဟသင့်ပါဘူး။

(၂) နောက်တစ်ခါ ဖြစ်ဦးမလား၊ ဖြစ်ဦးမလားဆိုပြီး ခဏခဏပါးစပ်ကို ဟဟ မကြည့်ရပါဘူး။ သူများကို ကြားလား “ဂလုပ်”ဆိုပြီး မြည်သွားတယ်ဆိုတာမျိုး လုပ်လုပ်ပြနေရင် ပိုဖြစ်တတ်ပါတယ်။

(၃) ပါးစပ်ကို လက်နှစ်လုံးထက် ပိုမဟသင့်ပါဘူး၊ လက်နှစ်လုံးထက် ပိုမဟဘူးဆိုရင် ဘာမှမဖြစ်ပါဘူး။ လက်နှစ်လုံးထက် ပိုဟရင်၊ ရယ်ရင်၊ သမ်းဝေရင် အဆစ်ကရှေ့ကိုရောက်ပြီး ပါးစပ်ကိုပြန်ပိတ်လို့ မရတာမျိုး ဖြစ်သွားတတ်ပါတယ်။ အဲဒီအခါ ပိတ်ရင်နာတတ်ပါတယ်။

အဲဒီတော့ ကြိုတင်ကာကွယ်သင့်တာက ပန်းသီးစားရင် ရှေ့သွားတွေနဲ့ မကိုက်ရပါဘူး၊ ဓားနဲ့စိတ်ပြီး စားပေးရပါမယ်၊ ရယ်ရင်၊ သမ်းရင် သတိထားရမယ်၊ ပါးစပ်ကို အကျယ်ကြီး မဟသင့်ပါဘူး။ လူတစ်ယောက်က ပုံမှန်အားဖြင့် လက်သုံးလုံးဟလို့ရပါတယ်။ လက်နှစ်လုံးထက် ပိုမဟတာအကောင်းဆုံးပါပဲ။

Most Popular

Healthy Life Ad
To Top