Healthy Life Ad
Life Style

မြန်မာနိုင်ငံတွင် ဆီးချိုရောဂါအပါအဝင် ကူးစက်မဟုတ်သောရောဂါများ ဖြစ်စေနိုင်သည့် အကြောင်းအချက်များ

ပါမောက္ခဦးကိုကို (ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံမေးမြန်းခြင်း

မေး ။ မြန်မာနိုင်ငံမှာ ဆီးချိုရောဂါ အပါအဝင် ကူးစက်မဟုတ်တဲ့ရောဂါတွေ ဖြစ်စေနိုင်တဲ့ အကြောင်းအ ချက်တွေကို ဘယ်လို စစ်တမ်းကောက်ယူခဲ့တာပါလဲ ဆရာ။
ဖြေ ။ မြန်မာနိုင်ငံမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းနဲ့ ကူးစက်မဟုတ်တဲ့ရောဂါတွေ ဖြစ်စေနိုင်တဲ့ အ ကြောင်းအချက်တွေ လေ့လာစစ်တမ်းကောက်တာ ကို ၂၀၁၄ မှာ ပြုလုပ်ခဲ့ပါတယ်။ အသက် ၂၅ နှစ်ကနေ ၆၄ နှစ်အတွင်း အရွယ်တွေကို အခြေခံပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုက ကိုယ်စားပြုမြို့နယ် ၅၂ မြို့နယ်ကို ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီစစ်တမ်းမှာ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းသာမက ကူးစက်မဟုတ်တဲ့ရောဂါတွေ ပိုဖြစ်စေတဲ့အကြောင်း အချက်တွေကိုပါ ကောက်ယူခဲ့တာပါ။
ကူးစက်မဟုတ်တဲ့ ရောဂါတွေဆိုတာက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေကြောင့် ဖြစ်လာတဲ့ နာတာရှည်ရောဂါတွေကို ဆိုလိုပါတယ်။ နှလုံးသွေးကြောရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချိုသွေးချို ရောဂါနဲ့ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတို့ ပါဝင်ကြပါတယ်။

မေး ။ စစ်တမ်းအရ ဘယ်လိုအကြောင်းအချက်တွေက ကူးစက်မဟုတ်တဲ့ ရောဂါတွေကို ပိုဖြစ်စေတာကို တွေ့ရှိရပါသလဲ ဆရာ။
ဖြေ ။ ကူးစက်မဟုတ်တဲ့ရောဂါကို ပိုဖြစ်စေတဲ့ အကြောင်းအချက်တွေက ဆေးလိပ်သောက်တာ၊ အ ရက်အလွန်အကျွံသောက်တာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စားသုံးမှုနည်းတာ၊ ကိုယ်လက်လှုပ်ရှား မှုနည်းတာ၊ အဝလွန်ကဲတာ၊ သွေးတိုးရောဂါရှိတာ၊ သွေးချိုရောဂါရှိတာ၊ သွေးတွင်းအဆီများတာ စတာတွေ ပါဝင်ပါတယ်။
မြန်မာတစ်ပြည်လုံးဆိုင်ရာ စစ်တမ်းကောက်ယူမှုကနေ အဓိက တွေ့ရှိရတာက-

(၁) ဆေးလိပ်နဲ့ဆေးရွက်ကြီး သုံးစွဲနေသူ ၂၆ ဒသမ ၁ ရာခိုင်နှုန်း၊

(၂) ကွမ်းယာနဲ့ ဆေးရွက်ကြီး စားသုံးသူ ၄၃ ဒသမ ၂ ရာခိုင်နှုန်း၊

(၃) အရက်အလွန်အကျွံ သောက်သုံးသူ ၁၀ ဒသမ ၃ ရာခိုင်နှုန်း၊

(၄) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စားသုံးမှု လျော့နည်းသူ ၈၆ ဒသမ ၆ ရာခိုင်နှုန်း၊

(၅) ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူ ၁၅ ဒသမ၇ ရာခိုင်နှုန်း၊

(၆) ကိုယ်အလေးချိန် ရှိသင့်တာထက် ပိုနေသူ ၂၂ ဒသမ ၄ ရာခိုင်နှုန်း၊

(၇) အဝလွန်ကဲသူ ၅ ဒသမ ၅ ရာခိုင်နှုန်း၊

(၈) သွေးတိုးရောဂါရှိသူ ၂၆ ဒသမ ၄ ရာခိုင်နှုန်း၊

(၉) ဆီးချိုသွေးချိုရောဂါရှိသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊

(၁၀) သွေးတွင်း အဆီများနေသူ ၃၆ ဒသမ ၇ ရာ ခိုင်နှုန်း၊

(၁၁) အထက်ဖော်ပြပါ အကြောင်းအချက်တွေအနက် သုံးခုနဲ့အထက် ပိုရှိနေသူ ၁၉ ဒသမ ၆ ရာခိုင်နှုန်း၊

(၁၂) ၁၀ နှစ်အတွင်း နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေများသူ ၁၂ ဒသမ ၁၂ ရာခိုင်နှုန်းတို့ ဖြစ်ကြပါတယ်။

ဒီအချက်တွေထဲက အန္တရာယ်များစေတဲ့အကြောင်းအချက်တွေ များများရှိလေလေ၊ နှလုံးသွေး ကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်ပါတယ်။

မေး ။ ဒီစစ်တမ်းအရ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းကကော ဘယ်လောက်ရှိပါသလဲ ဆရာ။
ဖြေ ။ မြန်မာနိုင်ငံမှာ အသက် ၂၅ နှစ်ကနေ ၆၄ နှစ် အထိ ဆီးချိုသွေးချိုရောဂါ ဖြစ်နှုန်း လူ ၁၀ဝမှာ ၁၀ ဒသမ ၅ ဦးနှုန်း ဖြစ်နေပါတယ်။ ဒီဖြစ်ပွားနှုန်းနဲ့တွက်လိုက်ရင် မြန်မာနိုင်ငံမှာ ဆီးချိုရောဂါ ဖြစ်ပွားနေသူ ပေါင်း ၂ ဒသမ ၅ သန်းခန့် ရှိတယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာနိုင်ငံရဲ့ ဆီးချိုရောဂါ ဖြစ်ပွားနှုန်းက အိမ်နီးချင်း နိုင်ငံတွေရဲ့ ဆီးချိုရောဂါ ဖြစ်ပွားနှုန်းထက် ပိုများနေပါတယ်။ ဆီးချိုရောဂါရှိသူ ၁၀ ဦးမှာ ၈ ဦးက နှလုံးသွေးကြောရောဂါ ဖြစ်လာနိုင်တဲ့အတွက် မြန်မာနိုင်ငံမှာ နှလုံးသွေးကြော ရောဂါဖြစ်လာနိုင်တဲ့ သူတွေလည်း များပြားတယ်လို့ ခန့်မှန်း သိရှိရပါတယ်။

မေး ။ ဆီးချိုရောဂါ အပါအဝင် ကူးစက်မဟုတ်တဲ့ ရောဂါ ဖြစ်နှုန်းကို ထိရောက်စွာ ကာကွယ်နိုင်ဖို့ ဘယ်လို အချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။
ဖြေ ။ ဆီးချိုရောဂါ အပါအဝင် ကူးစက်မဟုတ်တဲ့ ရောဂါ ဖြစ်နှုန်းကို ထိရောက်စွာ ကာကွယ်နိုင်ဖို့ ဆေးလိပ် သောက်တာ၊ အရက်သောက်တာ၊ လှုပ်ရှားမှုနည်းတာ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ စားသုံးမှုနည်းတာ၊ အဝလွန်ကဲတာ၊ သွေးတိုးတာ၊ သွေးတွင်း အဆီများတာ၊ ဆီးချိုရောဂါ ဖြစ်တာ စတာတွေကို ကာ ကွယ်တားဆီးရမှာ ဖြစ်ပါတယ်။

မေး ။ ဒီစစ်တမ်းအရ ဆရာ့အနေနဲ့ ဘယ်လိုကောက်ချက်မျိုး ပေးချင်ပါသလဲ။
ဖြေ ။ ပြည်သူလူထုအများစုက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံမရှိကြပါဘူး။ အဲဒီအတွက် ဆီးချိုရောဂါအပါအဝင် ကူးစက်မဟုတ်တဲ့ ရောဂါဖြစ်နှုန်းတွေက အလွန်မြင့်မားနေတာကို တွေ့လာရတာဖြစ်ပါတယ်။ အထူးကြောက်စရာ ကောင်းတာက အရက်အလွန်အမင်းသောက်တာ အပြင် ဆေးရွက်ကြီး ငုံတာ၊ ကွမ်းယာစားတာတွေက အတော်ကြီးကို မြင့်မားနေတာတွေ့ရပါတယ်။ နောက်တစ်ခုက အဝလွန်တာ၊ လေ့ကျင့်ခန်း မလုပ်တာတွေ ကလည်း အတော်ကြီး မြင့်မားနေပါတယ်။ ပြီးတော့ ဆီးချိုရောဂါ ဖြစ်နှုန်းကလည်း အတော်မြင့်မားနေပါတယ်။ သွေးတွင်း အဆီဓာတ် ဖောက်စစ်လိုက်တော့လည်း သုံးယောက်မှာ တစ်ယောက်လောက်က အဆီဓာတ်တွေ မြင့်တက်နေတာကို တွေ့ရပါတယ်။ ဒါတွေ ပေါင်းလိုက်ရင် နှလုံးသွေးကြောရောဂါနဲ့လေဖြတ်တာတွေ မြင့်တက်လာမှာပါ။ ဒီလိုရောဂါတွေ ဖြစ်နှုန်း လျော့ကျဖို့ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနတင်မက ပြည်သူလူထုကိုယ်တိုင်ကလည်း ပါဝင်လုပ်ဆောင်ပြီး ကျန်းမာရေးနဲ့ အညီနေထိုင်စားသောက်ဖို့ လိုအပ်ပါတယ်။ အခြေခံအားဖြင့် အငန်လျှော့စားရမယ်၊ အဆီအအိမ့်တွေလျှော့စားရမယ်၊ လေ့ကျင့်ခန်းတွေလုပ်ရမယ်၊ ရေဆာရင်ရေပဲသောက်ရမယ်၊ အချိုရည်တွေ သိပ်မသောက်နဲ့၊ အရက်၊ ကွမ်းယာနဲ့ဆေးလိပ် ဆေးရွက်ကြီးတွေကို ရှောင်ရမယ် . . ဒါတွေကို မြန်မာလူမျိုးတွေ လိုက်နာမှသာ ကူးစက်မဟုတ်တဲ့ ရောဂါဖြစ်နှုန်း လျော့ကျသွားမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top