Healthy Life Ad
Health Tips

အမျိုးသားတို့ လုပ်လေ့ရှိသည့် ရေချိုးနည်း အမှားများ

၊ ကိုမိုး ၊

ရေချိုးတယ်ဆိုတာ ခန္ဓာကိုယ်အညစ်အကြေးတွေကို ကင်းစင်စေရုံသာမက စိတ်ကိုပါလန်းဆန်း ပေါ့ပါးသွားစေပါတယ်။ ဒါပေမဲ့ ရေချိုးတာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးမရစေဖို့ ရေချိုးနည်း အမှားတွေကို ရှောင်ကြဉ်ကြဖို့ လိုပါတယ်။

(၁) သပွတ်အူ သို့မဟုတ် ရေမြှုပ်ကို အသစ်မလဲဘဲ အသုံးပြုခြင်း
ရေချိုးတဲ့အခါ သင့်ခန္ဓာကိုယ်ကို ပွတ်တိုက်လေ့ ရှိတဲ့ ဘရပ်ရှ်နုနု ဒါမှမဟုတ် သပွတ်အူ ဒါမှမဟုတ် ရေမြှုပ်စတာတွေကို အသစ်မလဲဘဲ ကြာရှည်အသုံးပြုတဲ့အခါ ဘက်တီးရီးယား ပေါက်ပွားနိုင်ခြေ များပါတယ်။ အဲဒါကို ပြန်သုံးလေလေ သင့်အရေပြားမှာ ဘက်တီးရီးယား ကပ်ငြိနိုင်ခြေ များလေလေဖြစ်ပါတယ်။ ဒါကြောင့် ၃-၄ ကြိမ် သုံးပြီးတိုင်း ရေနွေးစိမ်ကာ လျှော်ဖွပ်ပြီးမှပြန်သုံးပါ။

(၂) ရေချိုးတိုင်း ကြေးချွတ်ခြင်း
ကြေးချွတ်တဲ့အခါ အရေပြားကနေ သဘာဝအဆီတွေ ကင်းစင်သွားစေပြီး အသားအရေခြောက်သွေ့ကာ အလွယ်တကူ စပ်ဖျဉ်းဖျဉ်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ကြေးချွတ်မယ့်အစား တစ်ပတ်တစ်ကြိမ်ပဲ ညင်ညင်သာသာ ကြေးချွတ်ပေးပါ။

(၃) ဆံပင်ကို ဘီးမဖြီးဘဲ ခေါင်းလျှော်ခြင်း
ရေမထိခင် ဆံပင်ကို ခေါင်းဘီးနဲ့ဖြီးလိုက်တာကြောင့် ဆံပင်သားပြတ်ထွက်မှုနဲ့ ရှုပ်ထွေးမှုကို လျော့ကျစေနိုင်ပါတယ်။ ဆံပင်တွေက ရှုပ်ထွေးနေတယ်ဆိုရင် အသွားကျယ်တဲ့ဘီးနဲ့ အရင်ဆုံးဖြီးလိုက်ပါ။

(၄) ရေချိုးစဉ် သွားတိုက်ခြင်း
တစ်ပြိုင်နက်တည်း အလုပ်နှစ်ခုလုပ်လို့ အချိန်ကုန်သက်သာတယ်ထင်ရပေမယ့် တကယ်တမ်းမှာ သွားတိုက်တဲ့စနစ်က မှန်ကန်မှုမရှိတော့ပါဘူး။ သွားတိုက်တဲ့အခါ အာရုံစိုက်ပြီး အနည်းဆုံးနှစ်မိနစ် အချိန်ပေးဖို့ သွားဆရာဝန်တွေက ညွှန်ကြားထားကြပါတယ်။

(၅) မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေး အရင်ဆုံး ရိတ်ခြင်း
အမျိုးသားတွေက မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေကို အမြန်ရိတ်လိုကြပါတယ်။ တကယ်တော့ အရင်ဆုံး ကြက်သီးနွေးရေ (မပူလွန်းမအေးလွန်းတဲ့ ရေ)နဲ့ မျက်နှာသစ်ပြီး ခဏကြာမှ အမွှေးရိတ်သင့်ပါတယ်။

(၆) နေ့စဉ် ရေချိုးတိုင်း ခေါင်းလျှော်ခြင်း

ဆံပင်တွေကို နေ့တိုင်း လျှော်တာများလေလေ၊ ဦးရေပြားကနေ အဆီတွေကို ပိုထွက်လေလေ ဖြစ်ကာ ဆံပင်အဆီပြန်နှုန်း ပိုများတတ်ပါတယ်။ ခေါင်းလျှော်တာကို တစ်ရက်ခြားပဲ လုပ်သင့်ပါတယ်။ ဒါမှသာ ဦးရေပြားကနေ သဘာဝအဆီတွေထွက်ပြီး ဆံပင်သားအနှံ့ပြန့်ကာ ဆံကေသာတောက်ပပြီး ပိုသန်စွမ်းလာမှာ ဖြစ်ပါတယ်။

(၇) ရေပူဖြင့် ရေချိုးခြင်း
ပူလွန်းတဲ့ရေကိုသုံးပြီး ခေါင်းလျှော်ရေချိုးလုပ်တာက အရေပြားခြောက်သွေ့ပြီး အသားပပ်စေနိုင်သလို နှင်းခူလို အရေပြားရောဂါတွေ ပိုဖြစ်လွယ်စေပါတယ်။

(၈) တဘတ်ကြမ်းကြမ်းဖြင့် ပွတ်တိုက်သုတ်ခြင်း
သင့်ဆံပင်သားကို တဘတ်နဲ့ ခပ်ကြမ်းကြမ်း ပွတ်တိုက်လိုက်တာကြောင့် ဆံပင်သား ပြတ်ထွက်စေနိုင်ပြီး ဆံချည်မျှင်အိတ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ဆံပင်ကို တဘတ်နဲ့ အရင်ဆုံးအုပ်ထားပြီး ရေစုပ်ယူသွားမှ တခြားတဘတ်နဲ့ ညင်ညင်သာသာသုတ်ပေးရမှာ ဖြစ်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top