Healthy Life Ad
Life Style

ဗေလုဝမိသားစု၏ ကျန်းမာရေးအကျင့်ကောင်းများ

Photo:Internet

အစ်ကိုဗေလုဝတို့ရဲ့မိသားစုမှာ တစ်ယောက်ကျန်းမာရေးကိုတစ်ယောက် ဘယ်လိုဂရုစိုက်ဖြစ်ကြပါသလဲ။

အဓိက ကလေးနှစ်ယောက်ရဲ့ကျန်းမာရေးကို ပိုပြီးဂရုစိုက်ပေးဖြစ်ပါတယ်။ ကျောင်းသားတွေလည်းဖြစ်တော့ သူတို့ရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးမှအဆင်ပြေမှာပါ၊ သားက နှစ်ယောက်ရှိပါတယ်။ တစ်ယောက်နေမကောင်းဖြစ်တာနဲ့ နီးစပ်ရာကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ ချက်ချင်းပြတယ်။ နေမကောင်းဖြစ်ရင် ဆရာဝန်တွေနဲ့ပြသတာ ပိုကောင်းတယ်၊ သူတို့ကပိုပြီး နားလည်တတ်ကျွမ်းတယ်။ အစ်ကို့အမျိုးသမီးကတော့ ကလေးတွေကို အနီးကပ်စောင့်ကြည့်ပြီး ဂရုစိုက်ပေးရတယ်။ အစစအရာရာပါပဲ။ အစ်ကိုတို့ လင်မယားနှစ်ယောက်စလုံးကတော့ အတတ်နိုင်ဆုံးကျန်းမာရေးကောင်းအောင် နေပါတယ်။ လက်ရှိမှာလည်း မိသားစုလေးယောက်လုံး ကျန်းမာရေးကောင်းကြပါတယ်။

– အစ်ကိုရဲ့ကျန်းမာရေးမှာ အစ်ကို့အမျိုးသမီးရဲ့ ကူညီပုံပိုးမှုလေး ပြောပြပေးပါ။

အစ်ကို့အမျိုးသမီးကတော့ ကျန်းမာရေးတင်မကပါဘူး။ အစစအရာရာ ကူညီပံ့ပိုးမှုတွေ လုပ်ပေးပါတယ်။ အဓိကဟောပြောပွဲတွေ သွားရတာများတော့ အိပ်ရေးပျက်တာမျိုး ရှိတယ်။ တစ်ခါတလေ အစားမမှန်တာမျိုးလည်းရှိတော့ အစ်ကို့အမျိုးသမီးက နေ့လည်ခင်းတွေမှာ အနားယူအိပ်ခိုင်းတယ်။ အာဟာရဖြစ်စေမယ့် အစားကောင်းကောင်းလေးတွေ ချက်ကျွေးပါတယ်။

– အခုလက်ရှိမှာ အနုပညာအလုပ်တွေ၊ စာပေဟောပြောတွေနဲ့ ခရီးသွားရတဲ့အချိန်မှာ ကျန်းမာနေအောင် ဘယ်လိုတွေဂရုစိုက်ဖြစ်လဲ။

အဓိကနယ်ဘက်တွေသွားရင် ကျန်းမာရေးကို ဂရုစိုက်ရတယ်။ ရာသီဥတုဒေသ အပြောင်းအလဲကြောင့်လည်း ကျန်းမာရေးမကောင်းတာတို့ ဖြစ်တတ်တော့ အတတ်နိုင်ဆုံးဂရုစိုက်တယ်။ လိုအပ်တဲ့ဆေးဝါးလေးတွေ ယူဆောင်သွားဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကျန်းမာရေးကောင်းနေပါတယ်။ နယ်တွေသွားတဲ့အခါမှာ သူတို့ရဲ့ကျေးလက်အစားအစာတွေက ကျန်းမာရေးအတွက်ကောင်းတယ်ဗျ။ နောက်တစ်ခု ကျန်းမာရေးကောင်းဖို့က စိတ်နဲ့လည်း ဆိုင်ပါတယ်။ ခေါင်းထဲကို စိတ်အနှောက်အယှက်ဖြစ်စေမယ့် အမှိုက်တွေကို ခေါင်းထဲမထားဘူး၊ အမြဲတမ်းရှင်းထားပါတယ်။ အဲ့လို စိတ်ဖိစီးမှုဖြစ်စေမယ့် အမှိုက်တွေကို ရှင်းထားနိုင်လို့လည်း ကျန်းမာရေးကောင်းတယ်လို့ ထင်တယ်ဗျ။

– ကျန်းမာရေးအတွက်အဟာရဖြစ်စေမယ့် အစားအစာတွေကို ဘယ်လိုစားသုံးဖြစ်ပါသလဲ။

များသောအားဖြင့် ကျန်းမာရေးနဲ့အညီ အဟာရမျှတမှုရှိအောင် စားတယ်။ အိမ်မှာလည်း ရိုးရာထမင်းဟင်းချက်စားတာ များတယ်။ အကောင်းဆုံးကတော့ အပြင်မှာဝယ်စားတာထက် အိမ်မှာချက်စားတဲ့ထမင်းဟင်းက ကျန်းမာရေးအတွက် အကောင်းဆုံးလို့ထင်ပါတယ်။

– အစ်ကိုတို့ရဲ့မိသားစုမှာ ကျန်းမာရေးကြောင့် ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲတွေ စိတ်ပူပန်မှုတွေရှိခဲ့ရင် ပြောပြပေးပါ။

အစ်ကို့အမျိုးသမီး ခါးခွဲစိတ်တဲ့အချိန် သုံးနာရီကျော်အတွင်းမှာတော့ စိတ်ပူပန်ခဲ့ရတာမျိုး ရှိခဲ့ဖူးတယ်။ အခုတော့ သက်သာပျောက်ကင်းနေပါပြီ။ တခြား အရမ်းစိတ်ပူပန်ခဲ့ရတဲ့ ကျန်းမာရေးချူချာမှုတွေတော့ မရှိပါဘူး။

– အနုပညာဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့အချိန်မှာ အတိုက်အခိုက်တွေ ဘယ်လိုကျော်ဖြတ်ခဲ့ပါသလဲ။

ဘယ်သူမှပန်းခင်လမ်းကို လျှောက်ပါလို့မပြောပါဘူး။ ကိုယ်သွားတဲ့လမ်းမှာ တစ်တောင်နဲ့တွတ်တဲ့လူတော့ ရှိမှာပဲ။ အဲ့ဒါကိုကိုယ်က ခံနိုင်ရည်ရှိရမယ်။ ဗိုက်တွေ၊ ရင်ဘတ်တွေတော့ နာတာပေါ့။ ဒါပေမဲ့ ကိုယ်ဝါသနာပါတဲ့အလုပ်ကို ဇွဲနဲ့မှန်မှန်လေး လျှောက်ဖို့တော့လိုတယ်။ ကြာရင်လည်း ကြာမယ၊် မြန်ရင်လည်း မြန်မှာပေါ့။ အဓိကပန်းတိုင်ရောက်ဖို့က အရေးကြီးတယ်။ အစ်ကိုက အတိုက်အခိုက်တွေကို ပြန်ပြီးတုန့်ပြန်တာမျိုး မရှိပါဘူး။ ရုပ်ရှင်ကောင်းကောင်း ကြည့်လိုက်တယ်၊ စာဖတ်တယ်၊ အတိုက်အခိုက်တွေကို စိတ်အနှောက်အယှက်ဖြစ်ခံပြီး ခေါင်းထဲမထည့်ထားပါဘူး။

– တခြားငယ်ရွယ်တဲ့ ဇနီမောင်နှံတွေကို ကျန်းမာရေးအကြံပြုချင်တဲ့ စကားလေးပြောပြပေးပါ။

ဇနီးမောင်နှံရယ် မဟုတ်ပါဘူး။ ဘယ်သူမဆို ကျန်းမာရေးကိုတော့ ဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးမကောင်းစဖြစ်တာနဲ့ ဆရာဝန်တွေကို ချက်ချင်းပြသင့်ပါတယ်။ ကျန်းမာရေးအတွက် စိတ်ပိုင်ဆိုင်ရာလည်း အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။

– သားတွေဆိုတော့ အရက်ဆေးလိပ်ကင်းအောင် ဘယ်လိုဆုံးမဖြစ်လဲ။

သားတွေကိုမဆုံးမခင် ကျွန်တော်ကိုယ်တိုင် ဆေးလိပ်ဖြတ်တယ်။ ကိုယ်တိုင်အရင်ဖြတ်ထားမှ သားတွေကိုဆုံးမရတာ ပိုအဆင်ပြေပါတယ်။

– ဆေးလိပ်ဖြတ်ပြီးနောက်ပိုင်း ကျန်းမာရေးအားသာချက်လေး ပြောပြပေးပါ။

ဆေးလိပ်ဖြတ်လိုက်တော့ ကျန်းမာရေးက အများကြီးကောင်းလာပါတယ်။ အသားအရေကအစ လှလာပါတယ်။ အရင်က ဆေးလိပ်သောက်ခဲ့တုန်းက ဗေလုဝနဲ့ အခုဆေးလိပ် မသောက်တော့တဲ့ ဗေလုဝ အရမ်းကွာသွားပါတယ်။ အရင်ကထက် ပိုချောလာပါတယ်။ ပိုပြီးတော့လည်း သန်မာလာပါတယ်။

– လက်ရှိအနုပညာလှုပ်ရှားမှု ဘာတွေလုပ်ဖြစ်နေပါသလဲ။

အနုပညာအလုပ်ကတော့ ပုပ္ပါးမှာကားကြီးရိုက်ဖို့ ရှိပါတယ်။
– အစ်ကိုဗေလုဝတို့မိသားစုကို အားပေးနေတဲ့ ပရိတ်သတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်လေး ပြောပြပေးပါ။
ကျန်းမာရေးကောင်းဖို့က အရမ်းအရေးကြီးပါတယ်။ ကျန်းမာရေးကောင်းရင် ဦးနောက်တွေ ဖွံ့ဖြိုးလာမယ်၊ တိုင်းပြည်အတွက် အကျိုးရှိလာမယ်။ ဒါကြောင့်ကျန်းမာရေးကို ဂရုစိုက်ကြပါလို့ အကြံပေးချင်ပါတယ်။

Most Popular

Healthy Life Ad
To Top