Healthy Life Ad
Life Style

ဆန်းထွဋ်နှင့် ဇင်မင်းတို့၏ မိသားစုကျန်းမာရေးအကျင့်ကောင်းများ

san2

– တစ်ယောက်ကျန်းမာရေးကို တစ်ယောက်ဘယ်လို ဂရုစိုက်ပေးပါသလဲ။

အစ်မတို့နှစ်ယောက်စလုံးက အသက် ၃၀ ကျော် ဝန်းကျင်ပိုင်းရှိသွားပြီဖြစ်တဲ့အတွက် အလုပ်ကလည်း အရမ်းများတဲ့အချိန်ဖြစ်တယ်။ အဲဒီအတွက် အစာစားချိန်၊ အိပ်ချိန်မမှန်တာမျိုးရှိတော့ ပိုပြီးဂရုစိုက်ရတယ်၊ အဓိက ကိုဆန်းထွဋ်ကို အစ်မကပိုပြီး ဂရုစိုက်ပေးရတာ များတယ်၊ သူကအစ်မထက်ပိုပြီး အလုပ်များတယ်။ မနက်စာစားပြီးတဲ့အချိန်တိုင်း အားဆေးပုံမှန်တိုက်ဖြစ်တာမျိုး ရှိပါတယ်၊ နယ်ခရီးတွေသွားဖြစ်ရင်လည်း ကျန်းမာရေးအတွက် အထောက်အကူပြုမယ့်ဆေးဝါးလေးတွေ ထည့်ပေးဖြစ်တာမျိုး ရှိပါတယ်။ အစ်မတို့နှစ်ယောက်စလုံးက အခုလက်ရှိကျန်းမာရေး အရမ်းလိုက်စားတာမျိုးတော့ မရှိသေးပါဘူး။ အတတ်နိုင်ဆုံး ပုံမှန်လေးလုပ်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်။

– ကျန်းမာရေးအတွက် အားကစားအနေနဲ့ အစ်မတို့ဘာတွေ လုပ်ဖြစ်ပါသလဲ။

အားကစားအနေနဲ့ သေသေချာချာလုပ်ဖြစ် တာမျိုး မရှိသေးဘူး၊ တစ်ခါတလေ Gym ဆော့မယ်ဆိုပြီး လေးလစာတစ်ခါတည်း သွားသွင်းထားပေမယ့် တစ်ပတ် – နှစ်ပတ်လောက်ပဲ သွားဖြစ်တယ်။ပုံမှန်သွားဖြစ်တာမျိုး မရှိပါဘူး။

– အစားအစာကို ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားသုံးဖြစ်ပါသလဲ။

အစ်မတို့က အပြင်စာသိပ်မစားဖြစ်ဘူး။ အိမ်မှာပဲ ချက်စားဖြစ်တာများတယ်။ အိမ်မှာချက်စားတာက ကျန်းမာရေးအတွက်ပိုပြီး စိတ်ချရပါတယ်။
အရင်ကတော့ ကိုဆန်းထွဋ်က အပြင်စာတွေလျှောက်စားတယ်။ အစ်မနဲ့အိမ်ထောင်ကျပြီးနောက်ပိုင်း သိပ်မစားဖြစ်တော့ပါဘူး၊ အိမ်မှာက အချိုမှုန့်လုံးဝမစားပါဘူး၊ အဆီအအိမ့် ရှောင်ပါတယ်။

– အစ်မတို့အိမ်ထောင်ရေးမှာ ကျန်းမာရေးချူချာမှုကြောင့် စိတ်ညစ်ပြီး ပူပန်ခဲ့ရတာမျိုး ရှိပါသလား။

ကိုဆန်းထွဋ်က အရင်ကကွမ်းစားတာမျိုးရှိတော့ ကျောက်ကပ်ထိဖူးလို့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဖြစ်ပါတယ်၊ အစ်မဆိုလည်း အူအတက်နဲ့ပတ်သက်ပြီး ကျန်းမာရေးမကောင်း ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းကဆို ကျန်းမာရေးကမကောင်း၊ အလုပ်တွေက ပျက်တယ်ဆိုတော့ စိတ်ညစ်ခဲ့ရတာမျိုး ရှိပါတယ်။
ကိုဆန်းထွဋ် အလုပ်တွေအရမ်းများပြီး ဖုန်းပြောတာများတော့ မေ့လဲသွားတာမျိုး ရှိခဲ့ဖူးတယ်။ အဲဒီအချိန်ကတော့ စိတ်ညစ်ရဆုံးဖြစ်ခဲ့ပါတယ်။

san1

– အစ်မတို့ မိသားစုဝင်တွေ နေမကောင်းဖြစ်ရင် ဘယ်လိုကုသဆောင်ရွက်မှုတွေ လုပ်ဖြစ်ပါသလဲ။

အရမ်းကြီးဖျားနာတာမျိုးမဟုတ်ရင် အင်္ဂလိပ်ဆေးကို မသောက်တာများတယ်။ ဥပမာ ခေါင်းမူး၊ ခေါင်းကိုက်တာ နည်းနည်းဖျားချင်သလို ဖြစ်တာမျိုးဆိုရင် အင်္ဂလိပ်ဆေးမသောက်ဘူး၊ အတတ်နိုင်ဆုံး ရှောင်တယ်၊ အဲဒီလိုမျိုး ရှောင်တာများတဲ့အတွက် ဆေးသောက်ရင်လည်း ဆေးပိုတိုးတယ်။
သမီးလေးရဲ့ကျန်းမာရေးကိုတော့ မိသားစုဆရာဝန်နဲ့ ပြတယ်။ အခုဆောင်းတွင်းမှာတော့ ကျန်း မာရေးအကုန်ကောင်းကြတယ်။ မိသားစုအားလုံး ပျော်ပျော်ရွှင်ရွှင် ပါပဲ။ ကျန်းမာရေး အရမ်းမကောင်း ဖြစ်တာမျိုးတွေ မရှိသေးပါဘူး။

– အစ်မတို့အနေနဲ့ သမီးလေးတစ်ယောက်အပြင် နောက်ထပ်ရင်သွေးယူဖို့ ရှိပါသလား။

အခုလက်ရှိကတော့ မရှိသေးပါဘူး။

– ကိုဆန်းထွဋ်ရဲ့ လက်ရှိအနုပညာလှုပ်ရှားမှုလေး ပြောပြပေးပါ။

ခရေဆိုတဲ့ ရုပ်ရှင်ကားကြီးကတော့ ရိုက်ပြီးသွားပါပြီ။ အခုလက်ရှိကတော့ ပွဲအစီအစဉ်တင်ဆက်သူ လုပ်ရတာများတယ်။

– ပရိသတ်ကိုကျန်းမာရေး အကြံပြုချက်လေး ပြောပေးပါ။
ကျန်မာရေးက လူတိုင်းအတွက် အရေးကြီးပါတယ်။ အနည်းဆုံးတစ်နှစ်ကို တစ်ကြိမ်လောက်တော့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်သင့်ပါတယ်လို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top