Healthy Life Ad
Life Style

သွားဖုံးကင်ဆာ

ပါမောက္ခဦးကိုကိုမောင် မေးရိုးနှင့်ခံတွင်း ခွဲစိတ်ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. သွားဖုံးကင်ဆာဖြစ်ရင် အသက်အန္တရာယ် ထိခိုက်တတ်ပါသလား ဆရာ။

ဖြေ. ကင်ဆာရောဂါလို့ပြောလိုက်ရင် လူတိုင်း၊ လူတိုင်း ကြောက်ကြတယ်။ ဘာကြောင့် ကြောက်သလဲဆိုရင် ကင်ဆာဆိုတာ ကုရင်လည်းမနိုင်ဘဲ ဖြစ်တတ်တယ်၊ မနိုင်ဘဲ တခြားနေရာတွေ ပြန့်သွားတတ်တယ်၊ အဲဒါကြောင့်ကင်ဆာဆိုရင် လူတိုင်းကြောက်ကြတယ်။ ကင်ဆာက စောစောစီးစီး မပြနိုင်ဘူးဆိုရင် အသက်အန္တရာယ်ရှိတာ များပါတယ်။ စောစောစီးစီးပြဖြစ်ရင် ကင်ဆာကို စောစောပျောက်အောင် ကုနိုင်ပါတယ်။ နောက်ကျသွားရင် ပျောက်အောင်ကုလို့မရတဲ့အပြင် တခြားနေရာတွေကို ပြန့်သွားနိုင်ပါတယ်။ ပါးစပ်ထဲကကင်ဆာတွေ၊ သွားဖုံးကင်ဆာတွေဆိုရင် လည်ပင်းမှာအကျိတ်တွေ ဖြစ်နိုင်တယ်၊ အဲဒီကနေ အဆုတ်နဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေအထိ ကင်ဆာပြန့်သွားနိုင်တယ်။ ဒါကြောင့် ကင်ဆာဆိုရင် လူတိုင်းက ကြောက်ကြပါတယ်။

မေး. သွားဖုံးကင်ဆာက ဘယ်လိုလူတွေမှာ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. သွားဖုံးကင်ဆာက များသောအားဖြင့် ဆေးလိပ်သောက်တာ၊ ကွမ်းစားတာနဲ့ အရက်သောက်တာ . . ဒီအပြုအမူသုံးခုလုပ်တဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ကင်ဆာဖြစ်သူအများစုက ဆေးလိပ်သောက်တာ၊ ကွမ်းစားတာနဲ့ အရက်သောက်တာ တစ်မျိုးမဟုတ် တစ်မျိုးလုပ်တတ်သလို တချို့လည်း နှစ်မျိုး – သုံးမျိုးလုပ်တာ တွေ့ရပါတယ်။ အရက်မသောက်ဘူး၊ ကွမ်းမစားဘူး၊ ဆေးလိပ်မသောက်ဘူးဆိုရင် ကင်ဆာဖြစ်နှုန်း နည်းပါတယ်။

ဒါပေမဲ့ အရက်သောက်တိုင်း၊ ကွမ်းစားတိုင်း၊ ဆေးလိပ်သောက်တိုင်း ကင်ဆာဖြစ်မှာလားလို့ မေးရင် အဲဒီလိုတော့ ပြောလို့မရပါဘူး။ ကင်ဆာဖြစ်သူအများစုက အဲဒါတွေနဲ့ဆက်စပ်နေလို့ ဒါတွေမလုပ်သင့်ဘူးလို့ ဆရာတို့က အကြံဉာဏ်ပေးတာ ဖြစ်ပါတယ်။

မေး. သွားဖုံးကင်ဆာဖြစ်ရင် ဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲ ဆရာ။

ဖြေ. သွားဖုံးကင်ဆာဖြစ်ရင် ပထမဆုံး သွားဖုံးမျက်နှာပြင်က မသိမသာကြမ်းကြမ်းလေး ဖြစ်လာပါတယ်။ အဲဒီလို ကြမ်းထော်ထော်ဖြစ်တာကို ကွမ်းစားတဲ့သူတွေက ထုံးပေါက်တယ်လို့ ထင်ကြပါတယ်။ ထုံးပေါက်တာပဲ၊ ပျောက်သွားမှာပါဆိုပြီး ဂရုမစိုက်ကြပါဘူး၊ တကယ်တော့ အဲဒီလိုသွားဖုံး ကြမ်းထော်ထော်ဖြစ်နေချိန်မှာ ဆရာဝန်ကို စောစောစီးစီးပြလိုက်ရင် ကင်ဆာ ဟုတ်၊ မဟုတ်ဆိုတာ ဆရာဝန်တွေက စစ်ဆေးပြီး ပြောမှာပါ။ အဲဒီလိုအချိန်မှာ ကင်ဆာဖြစ်တာကို သိလိုက်ရရင် ဒီကင်ဆာကကုသပျောက်ကင်းဖို့ အကောင်းဆုံးအနေအထားမှာ ရှိပါတယ်။

နည်းနည်းကြီးသွားရင် အနာကြီးလို ဖြစ်သွားတယ်၊ ဗြုက်ကလေးတွေထပြီး အနာကတစ်ပတ်နဲ့ မပျောက်ဘူး၊ နှစ်ပတ်နဲ့မပျောက်ဘူး . . လနဲ့ချီပြီး ကြာသွားတယ်၊ အဲဒီလို နှစ်ပတ်ထက်ကျော်ပြီး အနာရှိနေပြီဆိုရင် တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသင့်ပါတယ်။ တော်ရုံတန်ရုံအနာက တစ်ပတ် – နှစ်ပတ်အတွင်းမှာ အလိုလို ပျောက်သွားတတ်ပါတယ်။ ကင်ဆာအနာက မပျောက်ဘဲ ရှိနေတတ်ပါတယ်။ အနာက ပထမဆန်စေ့လောက် သေးသေးလေးရှိနေရာက နေတဖြည်းဖြည်း ကြီးကြီးလာပါမယ်၊ အဲဒီလို ကြီးကြီးလာရင်လည်း ဆရာဝန်နဲ့ပြသင့်ပါတယ်။ အဲဒီအဆင့်က ကင်ဆာဒုတိယအဆင့် ဖြစ်တတ်ပါတယ်။

အဲဒီလို အနာကကြီးလာပေမယ့် မပြဘဲနေရင် သွားဖုံးတွေကိုစားသွားပြီး သွားတွေ ကနဲ့လာမယ်၊ အရိုးတွေအထိ ရောက်သွားမယ်၊ အရိုးတွေကနေ အကျိတ်တွေအထိ ပြန့်သွားမယ်ဆိုရင် အဲဒီကင်ဆာအဆင့်က တတိယအဆင့် – စတုတ္တအဆင့်အထိ ဖြစ်သွားပါတယ်။ အဲဒီအခါကုသမှုက မေးရိုးတွေကိုဖြတ်ပြီး ထုတ်ရတယ်၊ တစ်ခါတလေ မေးရိုးတစ်ခြမ်းလုံးထုတ်ရတာ၊ လျှာမှာဖြစ်ရင် လျှာတစ်ခြမ်း ဖြတ်ထုတ်ရတာတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို ခွဲစိတ်လို့မရတော့ဘူးဆိုရင် အဲဒီကင်ဆာက ကုသလို့မရတဲ့အဆင့်အထိ ရောက်သွားပါတယ်။

မေး. သွားဖုံးကင်ဆာဖြစ်ရင် အဆင့်အလိုက် ကုသနည်းတွေကို သိပါရစေ ဆရာ။

ဖြေ. ကင်ဆာဖြစ်ရင် ကုသနည်းတွေက အနာသေးသေးဆိုရင် ခွဲစိတ်ပြီးထုတ်တယ်၊ စင်သွားရင် ရောဂါက ပျောက်သွားပါတယ်။ မေးရိုးကို ရောက်သွားတယ်ဆိုရင် မေးရိုးအထိ ဖြတ်ထုတ်ရတယ်၊ အကျိတ်ကိုရောက်သွားရင် အကျိတ်ကိုကုန်အောင်ထုတ်ပြီး ကုလို့ရတယ်။ ဒါပေမဲ့ အဆင့် ၃ -၄ အထိရောက်သွားရင် ကင်ဆာကို နိုင်တယ်၊ မနိုင်ဘူးဆိုတာ ပြောလို့မရတော့ပါဘူး။ ကုသတဲ့အခါ အကျိတ်တွေကို မထုတ်ဘူးဆိုရင် အကျိတ်တွေဆီ ကင်ဆာမပြန့်အောင် ဓာတ်ရောင်ခြည်ပေးလို့ရပါတယ်။ ဓာတ်ရောင်ခြည်ပေးရင် သေတာပဲဆိုပြီး လူတွေကဓာတ်ရောင်ခြည် အပေးမခံကြဘူး၊ ဒါက မှားယွင်းနေပါတယ်။ ကင်ဆာကို ခွဲစိတ်ကုသပြီးမပြန့်အောင် ဓာတ်ရောင်ခြည်ပေးတာပါ၊ အဲဒီလိုပေးလိုက်ရင် ရောဂါကိုထိန်းနိုင်ပါတယ်။

တစ်ခါတလေ ကင်ဆာကိုခွဲစိတ်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး၊ ကုလို့လည်း မရတော့ဘူးဆိုရင် ဆရာတို့က အနာနည်းနည်းကျုံ့သွားအောင်၊ သေးသွားအောင် ဓာတ်ရောင်ခြည်ပေးလေ့ ရှိပါတယ်။ ဒါကပျောက်အောင် ကုလို့မရပါဘူး။ အနာပိုမကြီးအောင် တားဆီးတဲ့အနေနဲ့ ပေးတာပါ။ အဲဒီအခါ ဓာတ်ရောင်ခြည်ပေးပေမယ့် နောက်ဆုံးမှာ အသက်ဆုံးရှုံးရတာပဲဆိုပြီး လူတွေက အမြင်မှားနေတာပါ။ တကယ်က ကင်ဆာအဆင့်က ကျော်သွားတဲ့အခါ ဘာမှလုပ်လို့မရတော့လို့ ဓာတ်ရောင်ခြည်ကို နောက်ဆုံးအဆင့်အနေနဲ့ ပေးတာပါ။ ကင်ဆာကို စောစောစီးစီးပြနိုင်ရင် အသက်အန္တရာယ် မထိခိုက်ပါဘူး၊ ရောဂါကိုလည်း ပျောက်အောင် ကုသနိုင်ပါတယ်။

မေး. မြန်မာနိုင်ငံမှာ သွားဖုံးကင်ဆာ အဖြစ်များပါသလားဆရာ။

ဖြေ. ဆရာတို့က ဆရာဝန်ပေါက်စဘဝကတည်းက လူနာအမျိုးမျိုးကြုံတွေ့လာတာဆိုတော့ ဟိုးအရင်တုန်းကဆိုရင် သွားဖုံးကင်ဆာဖြစ်တာ အသက် ၄၀ ကျော်တဲ့သူတွေမှ ဖြစ်တာတွေ့ရပါတယ်။ ဖြစ်ရင် ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေနဲ့ ဆက်စပ်နေပါတယ်။ အရင်က ပညာမတတ်တဲ့သူတွေ၊ ယာဉ်မောင်းတဲ့သူတွေ အိပ်မငိုက်အောင် ကွမ်းစားကြတာများတော့ အဲဒီလိုလူမျိုးတွေ သွားဖုံးကင်ဆာဖြစ်တာ များတယ်။

အခုနောက်ပိုင်းမှာတော့ လူတွေရဲ့ ဘဝနေထိုင်စားသောက်မှုပုံစံက ပြောင်းသွားတယ်၊ ကွမ်းကနေရာတကာမှာ အလွယ်တကူရနေတော့ စားနေကြတယ်၊ ၁၄နှစ် – ၁၅နှစ် အထက်တန်းကျောင်းသား အရွယ်လောက်ကစပြီး ကွမ်းစားကြတော့ အသက် ၂၀ – ၂၅ နှစ်မှာ ကင်ဆာဖြစ်တဲ့သူ ပိုများလာတယ်၊

အရင်က အမျိုးသမီးအများစုက ကွမ်းမစားပေမယ့် အခုနောက်ပိုင်းမှာ အမျိုးသမီးတွေက ကွမ်းစားတာရှိလာတယ်၊ အရက်သောက်တာပါ တွဲလာတယ်၊ အရက်၊ ဆေးလိပ်သောက်ပြီး အနံ့မနံအောင် ကွမ်းစားတယ်ဆိုတာမျိုး ရှိလာတော့ သွားဖုံးကင်ဆာဖြစ်နှုန်းက ပိုများလာပါတယ်။

အရင်က အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာတွေက ကင်ဆာဖြစ်နှုန်းမှာ ပထမနေရာရှိပြီး ခံတွင်းကင်ဆာက အရင်အနှစ် ၂၀ လောက်က နံပါတ် ၅ နေရာမှာ ပဲရှိခဲ့တယ်။ အခုကျတော့ နံပါတ် ၄ အဆင့်တက်လာပြီး နံပါတ် ၃ ရောက်ခါနီး ဖြစ်လာတယ်၊ ဒါကြောင့် ဖြစ်နှုန်းပိုများလာပါတယ်။

Most Popular

Healthy Life Ad
To Top