Healthy Life Ad
Life Style

ဆီးချိုရောဂါက သူဌေးရောဂါလား . .( အပိုင်း- ၅ )

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

-ယခင်တစ်ပတ်မှအဆက်

ဆီးချိုသွေးချိုရောဂါကြောင့်ဖြစ်ပွားလာတဲ့ နောက်ဆက်တွဲရောဂါမျိုးစုံကြောင့် ဗျာများနေကြရတဲ့ ဦးမြင့်တို့မိသားစုအကြောင်းလေးကို ဝေမျှလိုက်ပါတယ်။
ဦးမြင့်က အသက် ၆၅ နှစ်ရှိပြီး ဆီးချိုဖြစ်တာ ၁၀နှစ်ရှိပါပြီ။ မအူပင်မှာနေတဲ့ ကုန်သည်တစ်ဦးပါ။ ဝင်ငွေအသင့်အတင့်ရှိပြီး အလယ်အလတ်နေထိုင်နိုင်တဲ့ အဆင့်ရှိသူ တစ်ဦးပါ။ သားကြီးက စီးပွားရေး ကောင်းတဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာပါ။ ကျန်တဲ့ သမီးသုံးယောက်မှာ တစ်ယောက်က ကျောင်းဆရာမ၊ နှစ်ယောက်က အလုပ်လက်မဲ့ အိမ်မှာမိဘနဲ့အတူနေကြတယ်။
ဦးမြင့်ကို ရန်ကုန်က ဆေးရုံတစ်ရုံမှာ အရေးပေါ်တင်လိုက်ရတဲ့ အကြောင်းရင်းကတော့ ခြေ ထောက်အနာရင်းပြီး သွေးဆိပ်တွေတက်၊ သွေးချို တွေတက်ရာကနေ သတိလစ် မေ့မျောသွားလို့ပါပဲ။
အရေးပေါ် အသက်လုပြီး ကုသရမယ့် အခြေအနေဖြစ်လို့ အထူးကြပ်မတ်ခန်း( ICU )ထဲ ထည့်ပြီး ငွေအင်အား၊ လူအင်အား၊ ဆရာဝန် ဆရာမ အင်အား အပြည့်အဝ အားစိုက်ကုသလိုက်တော့ နှစ်ရက်-သုံးရက်အတွင်း အခြေအနေပြန်ပြီး တည်ငြိမ်လာပါတယ်။ သတိရပြီး အမောနဲ့ အဖျားတွေ သက်သာလာလို့ သာမန်အခန်း ပြန်ပို့ပြီး ဆက်လက် ကုသမှု ခံယူနေရပါပြီ။ ဒါပေမဲ့ ရှေဆက်ပြီး ကုရမယ့် အပိုင်း တွေကိုကြည့်လိုက်တော့ ခြေထောက်ပုပ်နာကို ခွဲစိတ်အထူးကု ဆရာဝန်နဲ့လွှဲအပ်ပြီး ပြည်ပုပ်၊ အသားပုပ်တွေရှင်းထုတ်ရပါဦးမယ်။ တစ်လုံးကို နှစ်သောင်းလောက်တန်ဖိုးရှိပြီး တစ်ရက်ကို သုံးလုံး ထိုးရမယ့် အစွမ်းထက်တဲ့ ပဋိဇီဝပိုးသတ်ဆေးတွေ နောက်ထပ် ခုနစ်ရက်လောက် ဆက်ထိုးရဦးမယ်၊ အရေးထဲ ဆီး ချိုသွေးချိုကောင်းလာပေမယ့် မူလက ယိုင်နဲ့နေတဲ့ ကျောက်ကပ်က ပိုးဆိပ်ပြန့်ပြီး သွေးပေါင်ကျလို့ အ လုပ်မလုပ်နိုင်တော့ပါဘူး။ ဆီးတွေ ချုပ်သွားလို့ ကျောက်ကပ်ဆေးရမယ့် အခြေအနေရောက်နေပါတယ်။ ဒီသုံးရက်တည်းနဲ့ ဦးမြင့်ရဲ့ ဆေးကုသစရိတ် က ၁၀ သိန်း-၁၅ သိန်းလောက် ကုန်သွားလောက်ပါပြီ။ ရှေ့ဆက်ကုဖို့ သားကြီးကိုပဲ အားကိုးစရာ ရှိပါတယ်။ အနာကိုခွဲစိတ်ဆရာဝန်က ခွဲစိတ်ပြီး သန့်ရှင်း ပေးလိုက်တော့ အဖျားလည်းကျ၊ အနာလည်း သိပ်မရင်းတော့ပါဘူး။
နောက်သုံးရက်လောက်ထပ်ကြာလာတော့ ဦးမြင့်အခြေအနေက သိသိသာသာဆက်ပြီး မတိုး တက်လာတော့ဘဲ တဖြည်းဖြည်း ပြန်ဆိုးလာပါတယ်။ ဆီးဆိပ်တွေ များနေလို့ ကျောက်ကပ်ဆေးမှ ပြန် ကောင်းမှာဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေကို မိသားစုနဲ့ ဆွေးနွေးတိုင်ပင်ရမှာဖြစ်လို့ သားကြီးနဲ့ သ မီးသုံးယောက်ကို အရင် ခေါ်ယူလိုက်ပါတယ်။
“အဖေကြီးဦးမြင့်ရဲ့ အခြေအနေက ရောက်ခါစနဲ့ စာရင် အတော်လေး ကောင်းလာပါပြီ။ ဒါပေမဲ့ အနာကျက်ဖို့ အနည်းဆုံး သုံးလေးလ ကြာဦးမယ်၊ ပိုဆိုးတာက ကျောက်ကပ် အားနည်းပြီး အလုပ်မလုပ်နိုင်တော့လို့ ကျောက်ကပ်တုသွေးသန့်စင်စက်နဲ့ ကျောက်ကပ်ဆေး ( Dialysis ) ဖို့လိုနေတယ်။ ဒါကလည်း ယာယီဖြစ်နိုင်သလို ပြန်မကောင်းရင် အမြဲဖြစ်နိုင်ပါတယ်။ ဒီလို လုပ်နိုင်ရင် အသက်ရှင်ဖို့ ၈၀မှ ၉၀ ရာခိုင်နှုန်း သေချာသွားပါပြီ။ ဒါပေမဲ့ အရေးကြီးဆုံးအချက်က ငွေကုန်ကြေးကျဒဏ်ကို ခံနိုင်၊ မခံနိုင် ဆိုတဲ့ ပြဿနာပါပဲ။ ဒါကြောင့် သားတို့၊ သမီးတို့ကို အခုလိုခေါ်ပြီး ရှင်းပြရတာပါ”လို့ ဆရာမက ပြောပြလိုက်တော့ ဦးမြင့်ရဲ့ သားကြီးက ပြောပါတယ်။
“ဆေးရုံတက်ခါစက အဖေကြီးကို ရှိတဲ့ငွေ တွေနဲ့ နိုင်မယ်လို့ ထင်ခဲ့တာ၊ ရှိတာတွေ သုံးပြီး ရအောင် ကုမယ်ဆိုပြီးလည်း အားခဲထားတာ၊ ဆရာမ တို့ ကုပေးလို့လည်း ဒီနေ့ အဖေကြီးကို တွေ့နေရသေးတာ။ အဲဒီအတွက် ကျေးဇူးတင်ပါတယ် ဆရာမ . . အခု ကျောက်ကပ်ဆေးတာက ဘယ်လောက် ထပ်ကုန်မှာလဲ၊ ဘယ်လောက်ကြာအောင် ဆေးနေရမှာလဲ၊ ဒီနေ့ ဘယ်နှရက်မှ မကုရသေးဘူး၊ သိန်း ၂၀ ကုန်နေပြီ။ ကျွန်တော်လည်း မိဘရဲ့ ကျေးဇူး ဆပ်ချင်ပါတယ် ဆရာမ”
“ကျောက်ကပ်ဆေးတာက အတော်လေးတော့ ကုန်ကျစရာရှိဦးမှာ၊ ဒီစရိတ်တွေကို ဆေးရုံ လူမှုဆက်ဆံရေးဌာနမှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။ အနည်းဆုံး နောက်ထပ် ၁၀ သိန်းနဲ့ သိန်း ၂၀ လောက်ကုန်မယ်လို့ ခန့်မှန်းရတယ်”လို့ ဆရာမ က ပြောလိုက်တော့-
“အဖေ့အတွက် ဆေးကုစရိတ်ကို ကျွန်တော်ပဲ ကျခံခဲ့တာ အတော် ကုန်နေပြီ။ ကျွန်တော့်မှာလည်း ကလေး သုံးယောက် ရှိသေးတယ်၊ မိသားစုအတွက် လည်း ချန်ထားဖို့လိုတော့ရှိတာ အားလုံးများ ကုန် သွားနိုင်မလား”လို့ ဦးမြင့်ရဲ့ သားကြီးက ဆိုပါတယ်။
“အစ်ကိုကြီးတစ်ယောက်ထဲ ကုန်တာ မဟုတ်ပါဘူး၊ ကျွန်မတို့ စုဆောင်းထားတဲ့ လစာရော၊ အဖေ ကြီးစုဆောင်းထားတာရော သုံးလိုက်ရတာပါနော်၊ အစ်ကို့မိန်းမ ကြိုးကိုင်နေပြီထင်တယ်၊ ဟိုဝယ်ထားတဲ့ ခြံကို ရောင်းလိုက်ပါလား၊ သမီးသာဆိုရင် အဖေ့ အသက်ရှင်ဖို့ အကုန်ထုတ်သုံးလိုက်မှာပဲ”လို့ သမီးကြီးက ဝင်ပြောတော့-
“နင်တို့ဆီက သုံးတဲ့ငွေက ဘာမှ မပြောပ လောက်ပါဘူး။ ငါလည်း တတ်နိုင်သလောက် ထုတ်ပေးဦးမှာပါ၊ လုပ်စရာရှိတာတော့ ဆက်လုပ်မယ်ဗျာ၊ အဖေ အသက်ရှင်မယ်ဆိုရင် လိုအပ်တာ ဆက်လုပ်ပေးပါ ဆရာမ . .” သားကြီးက ညီမဖြစ်သူဘက် လှည့်ပြောရင်း ဆရာမကိုပါ တစ်ခါတည်း တောင်းဆိုပါတော့တယ်။
“အင်း . . ကောင်းပါပြီ၊ ဒါဆိုရင် ကျောက်ကပ် အထူးကုနဲ့လည်း တိုင်ပင်ပြီး ဆက်လုပ်တာပေါ့”
– – –
နောက်နေ့မှာ လူနာကို လှည့်လည်ကြည့်ရှုစဉ်မှာ ဦးမြင့်ကိုယ်တိုင်ရဲ့ တောင်းပန်စကားလေးကို ကြားရတော့ စိတ်မကောင်းဖြစ်ရပါတယ်။
“ကျွန်တော့်အဆင့်က တကယ်တော့ ဒီလို ဆေးရုံနဲ့ မတန်ပါဘူး။ ဒီလောက် ကုန်ကျစရာ ငွေကြေးလည်း တကယ်တော့ မရှိပါဘူး။ ဆရာမကို တောင်းပန်ပါတယ်။ ကျွန်တော့်ကို ပြည့်သူဆေးရုံကြီး ကိုပဲ လွှဲအပ်ပေးပါတော့။ ဒါမှမဟုတ် ကျွန်တော့်ကို အိမ်ပြန်ခွင့်ပြုပါတော့။” ဦးမြင့်ရဲ့ ဇနီးနဲ့ သားသမီးတွေ က ခုတင်ခြေရင်းမှာ ငေးငိုင်ပြီး စိတ်မကောင်းစွာ ကြည့်နေတာ တွေ့ရပါတယ်။
“ဟုတ်ပါပြီ . . ဦးမြင့် ရှေ့ဆက်ကုဖို့ အဆင် ပြေဆုံးကတော့ ပြည်သူ့ဆေးရုံကြီးပါပဲ”လို့ ဆရာမ က ပြောလိုက်တော့-
“အဖေကြီးဆေးရုံ ပြောင်းသွားရင် ဆရာမနဲ့ ဆက်မကုရတော့ရင် ဖြစ်ပါ့မလား”လို့ ဦးမြင့်ရဲ့ သမီးငယ်က စိုးရိမ်တကြီး မေးပါတယ်။
“ဆေးရုံမှာလည်း ပစ္စည်းစုံပါတယ်။ ဆေးဝါး တွေအတွက်လည်း ကုန်ကျတာ သက်သာမယ်၊ ဆရာမတို့လို သမားတော်ကြီးတွေ ကိုယ်တိုင် ကြပ်မတ်ကုသပေးမှာပါပဲ၊ စိတ်မပူပါနဲ့”

ဦးမြင့်တို့ မိသားစု ရှေ့ဆက်ပြီး ဘယ်လောက် စိတ်ဆင်းရဲစရာတွေ ကြုံကြရဦးမလဲ၊ ဒါဟာ နောက် ဆက်တွဲရောဂါတွေထဲက တစ်ခု-နှစ်ခုပဲ ရှိပါသေးတယ်။ ရှေ့ဆင့် နောက်ဆင့် နောက်ထပ် ဝင်ရောက် လာနိုင်တာကတော့—

နှလုံး၊ လေငန်း စသဖြင့် ရှိပါသေးတယ်။ ဒီအနာက ခြောက်လကြာရင်လည်း ကြာနိုင်တယ်၊ ကျောက်ကပ်ဆေးတာကလည်း အမြဲ ဆေးရမယ့် အခြေအနေမျိုး ဖြစ်သွားခဲ့ရင်ရော သူတို့ရဲ့ ပိုက်ဆံတွေဘယ်လောက် စုပ်ယူသွားဦးမလဲ၊ သူတို့ကရော ဘယ်လောက်ကြာအောင် ကြံ့ကြံ့ခံနိုင်ကြ မလဲ၊ မိသားစုအတွင်း ပဋိပက္ခတွေ ဘယ်လောက် မွှေလိုက်ဦးမလဲ၊ အသက်ကို ငွေနဲ့ လဲယူလိုက်ရသလို ဖြစ်လာပါတယ်။ ဘယ်သူကရော ဒီစရိတ်တွေ မထောက်နိုင်တော့လို့ ဆေးကုတာ ရပ်ပစ်ရက်မလဲ၊ ဦးမြင့်တို့ မိသားစုသာမက အစိုးရအနေနဲ့လည်း ဦးမြင့်တို့လို လူနာဘယ်နှယောက်ကို ဘယ်လောက်အထိ ဘယ်လောက်ကြာအောင် ကုပေးနိုင်မလဲ။ သူဌေးသားတစ်ယောက် သုံးဖြုန်းနေသလိုမျိုး ငွေ ကုန်ကြေးကျများလွန်းတဲ့ ဆီးချိုသွေးချိုရောဂါကြီးပါလားလို့ ခံယူမိပါတော့တယ်။

မှတ်ချက်

(၁) ဆီးချိုသွေးချိုတစ်သက်တာ ကုသစရိတ်ရဲ့ အများစုဟာ နောက်ဆက်တွဲရောဂါတွေကို ကုရတဲ့ စရိတ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ ရောဂါမဝင်အောင် ကာကွယ်ဖို့ အလွန်အရေးကြီးပါ တယ်။
(၂) ဆီးချိုရောဂါဟာ သူဌေးတွေပဲ ဖြစ်တာ မဟုတ်ပါဘူး။ ဆင်းရဲချမ်းသာမရွေး ဖြစ်ပါတယ်။ ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီး ဖြစ်ပါတယ်။
(၃) ဆီးချိုရောဂါ ကုသစရိတ်ဟာ သူဌေးတွေ အဖို့ မပြောပလောက်ပေမယ့် သာမန်လူတွေအဖို့ ပြီး ပြည့်စုံအောင် မကုနိုင်ပါဘူး။ စရိတ်မတတ်နိုင်လို့ ကုသမှု အဆင့်အတန်းတွေ ကွာဟမှု ရှိနေတာတွေ မြင်ရမှာ ဖြစ်ပါတယ်။
(၄) ဈေးအသက်သာဆုံးနဲ့ ထိရောက်မှု အရှိ ဆုံး ( Cost-Benefit )ဖြစ်တဲ့နည်းလမ်းတွေကို ပိုပြီး သုံးဖို့ လိုအပ်လာပါတယ်။ ဒီကုထုံးတွေကတော့ ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်တာ၊ ဖြစ်နေတာကို စောစော သိအောင် ဖော်ထုတ်တာ၊ စသိတာနဲ့ အမြဲတမ်း ထိရောက်အောင် စနစ်တကျ ကုသမှုခံယူတာ၊ ပြီးပြည့်စုံတဲ့ ဆီးချိုသွေးချို ထိန်းသိမ်းကုသမှုပေးတာ . . ဒါတွေအားလုံးဟာ ဈေးနှုန်းအသက်သာဆုံးနဲ့ အကျိုးသက်သာမှုအရှိဆုံး ကုထုံးတွေပဲဖြစ်ပါတယ်။ နောင်မှာ မကုန်ကျရလေအောင် ဒီနေ့မှာ ထိထိ ရောက်ရောက်ကုသပါ။

Most Popular

Healthy Life Ad
To Top