Healthy Life Ad
Q & A

ကလေးက ဟီမိုဂလိုပင် E အမျိုးအစားဖြစ်နေလို့ပါ

မေး. ကျွန်မရဲ့ကလေးက ဟီမိုဂလိုပင် E အမျိုးအစားဖြစ်နေပြီး အမြဲသွေးစစ်နေရပါတယ်။ ကလေးအသက်က ၁၀လပါ။ အဲဒီသွေးအမျိုးအစားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ သိထားသင့်တာတွေ၊ ဗဟုသုတတွေရချင် ပါတယ်။ ဆွေးနွေးလို့ရမယ့် ဆရာဝန်ရှိရင်လည်း ဆွေးနွေးမေးမြန်းချင်ပါတယ်။
Thapjei Aung (FB)

ပါမောက္ခဦးစောဝင်း (ကလေးအထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. လူရဲ့သွေးထဲမှာ သွေးရည်ကြည်နဲ့ သွေးနီဥရှိပါတယ်။ သွေးနီဥထဲမှာ အောက်ဆီဂျင်ကိုသယ်ဆောင်တဲ့ အနီရောင်ခြယ် ဟီမိုဂလိုဘင်ဆိုတာရှိပါတယ်။ သာမန်အားဖြင့် ဟီမိုဂလိုဘင်အမျိုးအစားက Aပါ။ A2 နည်းနည်းလေးပါတာပေါ့။ အဲဒီမှာ ဗီဇပြောင်းလဲမှုဖြစ်သွားရင် ဟေမိုဂလိုဘင် E တို့၊ ဟီမိုဂလိုဘင် F တို့ ဖြစ်သွားပါတယ်။

ဟီမိုဂလိုဘင် F ဆိုရင် မွေးရာပါသွေးအားနည်းရောဂါ(Thalassaemia) ဖြစ်တတ်ပါတယ်။ ဒါက မိဘဆီကလာတဲ့ဗီဇကြောင့်ဖြစ်တာပါ။ ဗီဇက မိဘမျိုးရိုးနှစ်ဖက်ကလာရင် မွေးရာပါသွေးအားနည်းရောဂါက အတော်လေးပြင်းထန်ပါတယ်။

ဟီမိုဂလိုဘင် E ဆိုတာလည်း သာလာဆီးမီးယားမွေးရာပါ သွေးအားနည်းရောဂါလိုပဲ မိဘနှစ်ပါးလုံးဆီကရတယ်ဆိုရင် သာလာဆီးမီးယားရောဂါလို လက္ခဏာပြတတ်ပါတယ်။ ကလေးက သွေးအားနည်းတယ်၊ အသည်း၊ သရက်ရွက်ကြီးလာတယ်၊ ဖွံ့ဖြိုးမှုနောက်ကျတယ်၊ ရောဂါမကြာခဏဝင်တယ်၊ မကြာခဏ သွေးသွင်းရတတ်တယ်။ မိဘတစ်ပါးဆီကပဲရတယ်ဆိုရင်တော့ သိပ်မသိသာပါဘူး၊ သွေးအားနည်းတာပဲ ရှိပါတယ်၊ သူများထက်စာရင် အမောမခံနိုင်တာလောက်တော့ဖြစ်တတ်ပါတယ်။

မိဘတစ်ဖက်ဆီက သာလာဆီးမီးယားရောဂါဗီဇရပြီး တစ်ဖက်ကဟီမိုဂလိုဘင် E ဗီဇရရင်လည်း မကြာခဏသွေးသွင်းရတဲ့ သွေးအားနည်းရောဂါဖြစ်တတ်ပါတယ်။ လောလောဆယ်မှာတော့ ဒီရောဂါကို လုံးဝပျောက်သွား အောင် ကုသလို့မရသေးပါဘူး။ လိုအပ်ရင်သွေးသွင်းရတယ်၊ သံဓာတ်များလာရင် သံဓာတ်ထိန်းဆေး ပေးရ ပါတယ်။

ကလေးက မိဘနှစ်ဖက်စလုံးဆီက ဗီဇပါတာလား၊ မိဘတစ်ဖက်ဆီကပဲ ဗီဇပါတာလား . . အဲဒီအပေါ် မူတည်ပြီး ရောဂါပြင်းထန်မှု အနည်းအများရှိတတ်တဲ့အတွက် ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး ကြည့်ဖို့ အကြံပြုချင်ပါတယ်။

Most Popular

Healthy Life Ad
To Top