Healthy Life Ad
Health Tips

အမျိုးသားတို့ သင်္ကြန်ပွဲနွှဲပျော်ပြီးချိန် ဖြစ်တတ်တဲ့ဝေဒနာတွေကို ဘယ်လိုလျှော့ချသင့်သလဲ . . .

၊ ကိုမိုး ၊

သင်္ကြန်ပွဲမှာ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲခဲ့တဲ့ အမျိုးသားတွေဟာ သင်္ကြန်ပွဲပြီးဆုံးချိန်မှာ ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ အသားအရေနေလောင်တာ၊ ရေဓာတ်ခမ်းခြောက်တာ အစရှိတဲ့ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဒီဝေဒနာတွေကင်းစင်စေဖို့ အမျိုးသားတွေလိုက်နာသင့်တဲ့ နည်းလမ်းတွေကို ဝေမျှလိုက်ပါတယ်။

(၁) ကြေးချွတ်ပြီး ရေချိုးပါ

သင်္ကြန်ကာလနွှဲပျော်ပြီးချိန်မှာ အရေပြားက နေဒဏ်၊ လေဒဏ်နဲ့ ရေဒဏ်တွေကြောင့် ညစ်နွမ်းထိခိုက် နေနိုင်ပါတယ်။ အရေပြားကို ကြေးတွန်းကျောက် ဒါမှမဟုတ် ရေမြှုပ်စတာတွေနဲ့ ပွတ်တိုက်ပေးပါ။ အရေပြားတွင်း သွေးလှည့်ပတ်မှုကောင်းစေတဲ့အပြင် အရေပြားသန့်ရှင်းကြည်လင် သွားစေပါတယ်။ စိတ်နဲ့ခန္ဓာ ပေါ့ပါးလန်းဆန်း သွားစေပါတယ်။

(၂) ရေများများ သောက်ပါ

သင်္ကြန်ကာလဆင်နွှဲပြီးချိန်မှာ ရေဓာတ်ခမ်းခြောက်မှုကြောင့် တစ်ကိုယ်လုံးနွမ်းနယ် နေတတ်ပါတယ်။ ရေများများ သောက်ပါ။ ရေက ရေဓာတ်ခမ်းခြောက်တဲ့ပြဿနာကို ကင်းစင်စေတဲ့အပြင် အဆိပ်အတောက်တွေကို ပြေလျော့စေပါတယ်။

(၃) အစားအသောက်ကို ကောင်းစွာစားသောက်ပါ

သင်္ကြန်ပွဲ ဆင်နွှဲနေချိန်မှာ အမျိုးသားအများစုက အစားအသောက်ကိုဖြစ်သလို စားတတ်ကြပါတယ်။ အဆင်သင့်အစာစားတာနဲ့ ဘီယာအရက်သောက်တာတွေကြောင့် အာဟာရဓာတ် ချို့တဲ့နေနိုင်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအများစုကို စားပါ။ အိမ်မှာ ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကို စားသင့်ပါတယ်။

(၄) အိပ်ရေးဝ၀ အိပ်စက်အနားယူပါ

သင်္ကြန်ကာလမှာ လျှောက်လည်တာ၊ ကခုန်တာ၊ အရက်ဘီယာသောက်တာ စတာတွေနဲ့ ပျော်ပါးခဲ့တယ်ဆိုရင် သင်္ကြန်ကာလပြီးဆုံးချိန်မှာ အိပ်ရေးဝ၀အိပ်စက်အနားယူဖို့ အချိန်တန်နေပါပြီ။ အိပ်စက်အနားယူတာကြောင့် စိတ်ရောကိုယ်ပါ အပန်းပြေစေပါတယ်။

(၅) ဆိတ်ငြိမ်စွာ အနားယူပါ

အတာပွဲမှာ ဆူညံနေတဲ့သီချင်းသံတွေ၊ ကားသံတွေကြောင့် သင့်နားတွေ အူနေတတ်ပါတယ်။ ဒါကြောင့် ပြန်လာချိန်မှာ တိတ်ဆိတ်ငြိမ်သက်တဲ့အခန်းထဲ အနားယူသင့်ပါတယ်။

(၆) လေ့ကျင့်ခန်း လုပ်ပါ

လမ်းလျှောက်တာလို ညင်သာတဲ့လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း အထွက်တိုးစေပါတယ်။ ချွေးထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်တာကြောင့် အရက်နာကျတဲ့ဝေဒနာတွေကို သက်သာလျော့ပါးစေပါတယ်။

(၇) ရယ်မောပါ

ဘယ်လောက်ပဲ ကိုက်ခဲနာကျင်နေပါစေ၊ ရယ်မောလိုက်တာကြောင့် နာကျင်မှုတွေ ပြေလျော့သွားပါတယ်။ ကိုယ်လက်ကိုက်ခဲတာနဲ့ ခေါင်းကိုက်တာတွေ ခံစားနေရရင် အားရပါးရ ရယ်မောလိုက်ပါ။

(၈) ကဖင်းဓာတ်ကို ရှောင်ပါ

အရက်အလွန်အကျွံ သောက်ပြီးတဲ့ကာလမှာ ကဖင်းဓာတ်ပါတဲ့ကော်ဖီ၊ ကိုလာစတာတွေကို ရှောင်တာအကောင်းဆုံးပါ။ ကဖင်းဓာတ်က ရေဓာတ်ခမ်းခြောက်စေတဲ့အပြင် အရက်နာကျတဲ့ဝေဒနာကို ပိုကြာကြာ ခံစားရစေပါတယ်။ ဒါကြောင့် ရေကိုပဲများများ သောက်ပါ။

(၉) အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ် လုပ်ဆောင်ပါ

အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တဲ့ လေ့ကျင့်ခန်းကို မကြာခဏ ပြုလုပ်ပေးတာကြောင့် ပင်ပန်းနွမ်းနယ်မှုတွေ ပြေလျော့စေသလို သက်သောင့်သက်သာ ရှိသွားတတ်ပါတယ်။

(၁၀) နွေးနွေးထွေးထွေး နေပါ

သင်္ကြန်မှာ ရေစိုလိုက်၊ ပြန်ခြောက်သွားလိုက်၊ နေပူလိုက်၊ ရေထိလိုက် စသဖြင့် လည်ပတ်ခဲ့တယ်ဆိုရင် ကိုယ်ခံအားစနစ်ကျဆင်းနေသူတွေက ချမ်းတုန်နေတတ်ပါတယ်။ အဲဒီအခါ နောက်ဆက်တွဲအနေနဲ့ နာမကျန်းမှုမဖြစ်စေဖို့ နွေးနွေးထွေးထွေး နေပေးသင့်ပါတယ်။

(Ref;HI)

Most Popular

Healthy Life Ad
To Top