Healthy Life Ad
Life Style

ထူးဆန်းအံ့သြဖွယ်ရာ ဆေးပညာတွေ့ရှိချက်များ

၊ မီမိုး(ဆေးဝါးတက္ကသိုလ်) ၊

b1
အမြွှာသန္ဓေသားမွေးခဲ့သော တရုတ်ကလေးငယ်

တရုတ်နိုင်ငံက မွေးကင်းစမိန်းကလေးဟာ သူ့မိခင်ရဲ့အမြွှာကိုယ်ဝန်က သူ့ဆီမှာပါလာခဲ့ပါတယ်။ အဲဒါကို သန္ဓေသားထဲတွေ့ရတဲ့ သန္ဓေသားလို့ခေါ်ပြီး အမြွှာလေးက အပြည့်အဝဖွံ့ဖြိုးမှု မရှိပါဘူး။ ဒီဖြစ်စဉ်မှာ ဒီကလေးငယ်ဟာ သုံးမြွှာပူးထဲကတစ်ဦး ဖြစ်နိုင်ပါတယ်။ သူ့ဗိုက်ထဲက အမြွှာသန္ဓေသားကိုဖယ်ရှားဖို့ အသက်သုံးပတ်အရွယ်မှာ ခွဲစိတ်မှုခံယူခဲ့ရပြီး သန္ဓေသားဟာ ကိုယ်ဝန် ၈ – ၁၀ ပတ်အထိ ဖွံ့ဖြိုးခဲ့တယ်လို့ ယူဆထားပါတယ်။ အမြွှာသန္ဓေသားတွေက ၁၄ ဒသမ ၂ ဂရမ်နဲ့ ၉ ဒသမ ၃ ဂရမ် အလေးချိန်ရှိပြီး အချင်းတစ်ခုတည်းနဲ့ ဆက်သွယ်ထားတဲ့ ချက်ကြိုးတစ်ခုစီရှိပါတယ်။

b4
စက်ဘီးစီးရင်း လည်ပင်းထဲသစ်ကိုင်းထိုးစိုက်မိသူ

နယူးမက္ကဆီကိုက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးဟာ စက်ဘီးစီးရင်း ရုတ်တရက်ကျွမ်းပြန်ကျပြီး သတိလွတ်သွားခဲ့ပါတယ်။ သူသတိပြန်ဝင်လာတဲ့အခါ လည်ပင်းဘေးဘက်မှာ သစ်ကိုင်းတစ်ခု ထိုးစိုက်နေတာကို သိလိုက်ရပါတယ်။ ဒါနဲ့ အနီးဆုံးဆေးရုံကို မိုင် ၂၀ အကွာအထိ စက်ဘီးစီးသွားခဲ့ပါတယ်။ ခွဲစိတ်ကုဆရာဝန်က စီတီစကင်ရိုက်ကြည့်ခဲ့ရာ သစ်ကိုင်းဟာ ဦးနှောက်နဲ့နှလုံးသားကို ဆက်သွယ်နေတဲ့သွေးပြန်ကြောနဲ့ လေပြွန်ကြီးကို သီသီလေးလွဲသွားခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် သစ်ကိုင်းဟာ လူနာရဲ့လည်ပင်းထဲ လက်မဝက်ကျော်နစ်မြုပ်နေပေမယ့် အသက်အန္တရာယ်ထိခိုက်မှုမရှိခဲ့တာ ဖြစ်ပါတယ်။

b3
ဆီလီကွန်ထိုးပြီး လိင်တံက ခုနစ်ပေါင်အထိကြီးလာခဲ့သော ဂျာမန်အမျိုးသား

ဂျာမနီနိုင်ငံမှာ အသက် ၄၅ နှစ်အရွယ်အမျိုးသားဟာ သူ့ဘဝရဲ့ကျန်ရှိနေတဲ့ သက်တမ်းအတွင်း ၇ ပေါင်လေးပြီး ၉ လက်မရှည်ကာ ၃ လက်မ အကျယ်ရှိတဲ့ လိင်တံကိုသယ်ဆောင်ရင်း နေထိုင်ရတော့မှာဖြစ်ပါတယ်။ သူဟာ လိင်တံကြီးလိုတဲ့အတွက် ပြီးခဲ့တဲ့ နှစ် ၂၀ ကတည်းက ကြိုးပမ်းခဲ့သူဖြစ်ပြီး ဆီလီကွန်ဆေးထိုးခဲ့ရာ သူ့လိင်တံနဲ့ကပ္ပာယ်အိတ်က ရာသက်ပန် ကြီးထွားသွားခဲ့တာပဲ ဖြစ်ပါတယ်။

b5
အမူးလွန်ပြီးနိုးလာခဲ့ရာ နှင်းကိုက်ခြင်းကြောင့် လက်များရောင်ကိုင်းနေကြောင်း တွေ့ရှိ

ကနေဒါနိုင်ငံကို အလည်အပတ်သွားခဲ့တဲ့ သြစတြေးလျအမျိုးသမီးတစ်ဦးဟာ အရက်ဘားတစ်ခုအပြင်မှာ မူးလဲပြီး အိပ်မောကျသွားခဲ့ပါတယ်။ သူနိုးလာတဲ့အခါ နှင်းကိုက်ရာကြောင့် လက်ချောင်းတွေ ရောင်ရမ်းနေတာကို တွေ့ရှိခဲ့ရပါတယ်။ သူရဲ့ အထူးကုဆရာဝန် ဒေါက်တာရန်ဒဲလ်က လက်ချောင်းက နှင်းကိုက်ရာတွေမပေါက်ခင် အရည်ကြည်ဖုနဲ့ ရောင်ရမ်းမှုတွေဖြစ်လာမယ်လို့ သတိပေးခဲ့ပါတယ်။ ဒါနဲ့ အလွန်အမင်းနာကျင်မှု မခံစားရခင်မှာ ဆရာဝန်သုံးခွဲစိတ်ဓားနဲ့ ဖြည်းဖြည်းချင်း ဖောက်ပစ်ခဲ့ပါတယ်။

b2
၉၂ နှစ်အရွယ်အဘွားအို ဓာတ်မှန်အရ နှစ် ၅၀ကြာ ကျောက်ဖြစ်ရုပ်ကြွင်းကလေးငယ် တွေ့ရှိ

ချီလီကဆရာဝန်တွေက အမျိုးသမီးတစ်ဦးရဲ့ ဝမ်းဗိုက်ထဲမှာ နှစ် ၅၀ အရွယ်ရှိ သန္ဓေသားကို တွေ့ရှိခဲ့ပါတယ်။ ၉၂ နှစ်အရွယ်အဘွားအိုက လဲကျပြီးနောက် ဆေးရုံသွားခဲ့ရာ ဆရာဝန်က ဓာတ်မှန်ရိုက်ခဲ့ပါတယ်။ အဲဒီမှာ သန္ဓေသားခုနစ်လအရွယ်မှာ သေဆုံးသွားဟန်တူတဲ့ ၄ ဒသမ ၄ ပေါင်အရွယ်ရှိ သန္ဓေသားရုပ်ကြွင်းတစ်ခုရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကို ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားသေဆုံးပြီး သားအိမ်ထဲမှာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားတဲ့ ကျောက်တုံးကလေးငယ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အဘွားအိုရဲ့အသက်အရွယ်ကြောင့် ဆရာဝန်တွေက ဒါကိုမဖယ်ရှားတော့ဘဲ နာရီအနည်းငယ်အကြာမှာ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပါတယ်။

b6
သလင်းကျောက်မျက်ရည်ကျခဲ့သော မူကြိုကျောင်းဆရာမ

ဘရာဇီးမှ ကျောင်းဆရာမတစ်ဦးဟာ ရှားပါးတဲ့ မျက်စိရောဂါဝေဒနာ ခံစားနေရပြီး မျက်ရည်ကျတိုင်း သလင်းကျောက်တွေ ငိုကြွေးနေခဲ့တာ လပေါင်းများစွာကြာခဲ့ပြီ။ ဆရာဝန်မျိုးစုံ၊ ဆေးခန်းမျိုးစုံပြခဲ့ပြီးနောက် မျက်ရည်ကျတိုင်း သလင်းကျောက်မှုန်တွေထွက်နေတာက သူ့မျက်စိဟာ ကီရာတင်ပရိုတင်း အလွန်အမင်းထွက်ရှိနေခဲ့လို့ဖြစ်ကြောင်း ဆရာဝန်တွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီကျောက်မှုန်တွေကြောင့် သူ့မျက်စိက ရောင်ရမ်းနေခဲ့တာဖြစ်ပါတယ်။ အခုအခါမှာတော့ ဆစ်လဗားနိုက်ထရိတ်မျက်စဉ်း ဆေးအကူအညီနဲ့ မျက်စိတွင်းပိုးဝင်တဲ့အန္တရာယ် သက်သာသွားပြီး နောက်ဆုံးအလုပ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

(Ref;MD)

Most Popular

Healthy Life Ad
To Top