Healthy Life Ad
Life Style

စက္ကန့် ၃၀ ကြာတိုင်း ကမ္ဘာ့တစ်နေရာ၌ ဆီးချိုရောဂါရှင်တစ်ဦး၏ ခြေတစ်ဖက်ဆုံးရှုံးနေ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

စက္ကန့် ၃၀တိုင်းတွင် ကမ္ဘာ၏တစ်နေရာ၌ ဆီးချိုသွေးချိုရောဂါရှင်တစ်ဦးဦး၏ ခြေတစ်ဖက်ဆုံးရှုံးနေကြောင်း ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးပါမောက္ခဦးကိုကိုက Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“ ခြေထောက်ဖြတ်တောက်ခံရသူတွေရဲ့ ၇၀ ရာခိုင်နှုန်းက ဆီးချိုသွေးချိုရောဂါရှင်တွေဖြစ်ပြီး လူနာအများစုက သေးငယ်တဲ့အနာက စတင်ပါတယ်။ဆီးချိုရောဂါရှိသူတွေက ခြေထောက်ကိုမဖြတ်ရအောင် ကာကွယ်လို့ရနိုင်ပါတယ်” ဟု ပါမောက္ခဦးကိုကိုက ပြောသည်။

ဆီးချိုသွေးချိုရောဂါရှင်များ ဂရုပြုရမည့် ရောဂါလက္ခဏာများမှာ ခြေထောက်များ အလွန်အေးစက်နေခြင်း၊ ခြေစွယ်ငုပ်ခြင်း၊ ခြေဖဝါးတွင် အသားမာတက်ခြင်း၊ ခြေထောက်များ အရောင်ပြောင်းလဲခြင်း၊ ခြေထောက်ပေါ်တွင် အနာများဖြစ်ပေါ်လာခြင်း ခြေထောက်အနာအကျက်နှေးခြင်းတို့ ဖြစ်ကြသည်။

” ခြေထောက်မှာ အနာ ရှိ၊ မရှိ မှန်မှန်စစ်ဆေးရပါမယ်၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ကြည့်ခိုင်းရပါမယ်၊ ဆေးမြီးတိုနဲ့မကုသဘဲ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့ အချိန်မီထိရောက်တဲ့ ဆေးကုသမှုခံယူဖို့ အထူးလိုအပ်ပါတယ်၊

သင့်တော်တဲ့ဖိနပ်ကို အိမ်တွင်းအိမ်ပြင်ပါမကျန် စီးထားရပါမယ်၊ ဖိနပ်အသစ်စီးတိုင်း ခြေထောက်ပွန်းပဲ့အနာမဖြစ်အောင် သတိပြုရပါမယ်၊ ကျပ်တဲ့ဖိနပ်ကို မစီးပါနဲ့၊ ခြေထောက်ကိုစင်ကြယ်အောင် ဆေးပါ၊ ခြေထောက်၊ အထူးသဖြင့် ခြေချောင်းတွေကို ခြောက်သွေ့အောင် ထားရပါမယ်၊ ခြေသည်းညှပ်ရင် အဖြောင့်ညှပ်ရပါမယ်၊ အနာတွေကို သန့်ရှင်းတဲ့အဝတ်နဲ့ ဖုံးအုပ်ထားရပါမယ်” ဟု ပါမောက္ခဦးကိုကိုက ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဆီးချိုသွေးချိုရောဂါရှိသူဦးရေ ၁၀ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းမှာ လူဦးရေ ၂ ဒသမ ၅ သန်းနှင့် ညီမျှကြောင်း ၂၀၁၄ ခုနှစ်လေ့လာမှုအရ သိရသည်။

Most Popular

Healthy Life Ad
To Top