Healthy Life Ad
Q & A

အလုပ်လုပ်တဲ့မေမေ ရင်သွေးကို မိခင်နို့ချိုတိုက်ချင်တယ်ဆိုရင် . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

အလုပ်လုပ်တဲ့ကလေးမေမေတွေက အလုပ်မသွားခင် မနက်ဆိုရင်နို့ညှစ်ပြီး ခွက်လေးတွေထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားမယ်ဆိုရင် တခြားနိုင်ငံတွေမှာ ၇၂ နာရီတောင်ထားပြီး ကလေးကိုတိုက်လို့ရပါတယ်။ ဒီမှာတော့ မီးကလည်းပျက်တတ်တဲ့အတွက် လေးနာရီအတွင်း အကုန်တိုက်ခိုင်းလိုက်ပါတယ်။

မိခင်နို့ကို ရေနွေးကြမ်းပန်းကန်လုံးလေးခွက်ထဲ ညှစ်ထည့်ပါ
မေမေကအလုပ်ကို ရှစ်နာရီလောက်သွားမယ်ဆိုရင် မိခင်နို့ကို ရေနွေးကြမ်းသောက်တဲ့ ပန်းကန်လုံးလေးတွေထဲ ထည့်ခိုင်းထားပါတယ်။ များသောအားဖြင့် တစ်ခါညှစ်လိုက်ရင် ရေနွေးကြမ်းပန်းကန်လေးခွက် (ငါးအောင်စ) လောက်ရပါတယ်။ ခွက်ငယ်လေးတွေနဲ့ တစ်ခွက် – တစ်ခွက်ထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားရပါမယ်။

ကလေးကို ဇွန်းသေးနဲ့ နို့ချိုခပ်ပြီးတိုက်ပါ
အိမ်မှာကျန်တဲ့သူတွေက တစ်နာရီတစ်ခါ ရေခဲသေတ္တာထဲကထုတ်ပြီး အခန်းအပူချိန်မှာ အချိန်ငါးမိနစ်လောက် ဆန်ခါနဲ့အုပ်ပြီး ထားရပါမယ်။ ပြီးတော့ ရေနွေးကြမ်းပန်းကန်လုံးထဲကနေ ဇွန်းသေးလေးနဲ့ယူပြီး ကလေးကို တိုက်ပေးရပါတယ်။

မိခင်နို့ကို အပူမပေးရ
တိုက်တဲ့အခါ အထူးသတိပြုရမှာက အဲဒီမိခင်နို့ကို ရေနွေးထဲမှာလည်း အပူမပေးရပါဘူး၊ မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီးလည်း မနွှေးရပါဘူး။ အဲဒီလိုအပူပေးလိုက်ရင် မိခင်နို့ထဲမှာပါတဲ့ ပရိုတင်းမော်လီကျူးတွေက ပျက်စီးသွားတတ်ပါတယ်။ အဲဒီတော့ကလေးကို ရေတိုက်တာနဲ့ပဲ တူသွားပါလိမ့်မယ်။ ဒါကြောင့် ရေခဲသေတ္တာထဲကထုတ်ပြီး အေးတယ်ဆိုပြီး ဘာမှစိတ်မပူပါနဲ့။ အခန်းအပူချိန်မှာပဲ အဖုံးလေးအုပ်ထားပြီး ငါးမိနစ်လောက်ကြာမှ ကလေးကိုတိုက်ရိုက် တိုက်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top