Healthy Life Ad
Life Style

သတိပြုစရာ အဝလွန်ရောဂါ

ပါမောက္ခဦးကိုကို ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး

အဝလွန်ရောဂါ အဖြစ်များရတဲ့ အဓိက အကြောင်းရင်းကတော့ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် အချက်အလက် ကြောင့်ပါ။ ပတ်ဝန်းကျင်ဆိုတဲ့နေရာမှာ ဘဝနေထိုင်စားသောက်မှုပုံစံက ကျန်းမာရေးနဲ့ မညီညွတ်တာကြောင့် ဖြစ်တာ များပါတယ်။ အဆီအအိမ့်များတဲ့ အစာ၊ အချိုများတဲ့ အစာတွေကို များများစားတာ၊ ကိုယ်လက်လှုပ်ရှား မှု နည်းတာတွေကြောင့် ဝလာတာများပါတယ်။

အဝလွန်သူများတွင် ဖြစ်တတ်သည့် ရောဂါဝေဒနာများ

ဝတဲ့သူနဲ့ ပိန်တဲ့သူတွေကို နှိုင်းယှဉ် လေ့လာကြည့်တဲ့အခါ ဝတဲ့သူတွေက ရောဂါဖြစ်နှုန်း ပိုများတာကို တွေ့ရပါတယ်။ ဝရင် နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ဒူးနာတာ၊ လေဖြတ်တာ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စသဖြင့် တစ်ကိုယ်လုံးမှာ ရောဂါဝေဒနာတွေ ဖြစ်နိုင်ခြေ ပိုများလာပါတယ်။ ဝနေတဲ့သူတွေဟာ လက်ရှိ ကိုယ်အလေးချိန်ရဲ့ သုံးရာခိုင်နှုန်းကို လျှော့ချနိုင်ရင်တောင် နှလုံးရောဂါ၊ ဒူးနာတာ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ စတာတွေရဲ့ ဖြစ်နိုင်ခြေက သိသိသာသာ လျော့ကျသွားတတ်ပါတယ်။

အဝလွန်တယ်ဆိုတာ . . .

ဝတယ်ဆိုတာ ယေဘုယျအားဖြင့် ပြောရရင်တော့ အဆီစုလာတာပဲ ဖြစ်ပါတယ်။ ဝသလား၊ မဝဘူးလားဆိုတာ သိစေဖို့ ခန္ဓာကိုယ် အသားကျစ်နှုန်း (BMI)နဲ့ တိုင်းတာလေ့ ရှိပါတယ်။

BMI တွက်နည်း

BMI = ကိုယ်အလေးချိန်(ပေါင်) × ၇၀၃
အရပ်(လက်မ)၂

အနောက်နိုင်ငံတွေမှာတော့ BMIရလဒ်က ၁၈ ဒသမ ၅ နဲ့ ၂၅ ကြားဆိုရင် ကျန်းမာရေးနဲ့ ညီ ညွတ်တယ်လို့ သတ်မှတ်ပြီး ၁၈ ဒသမ ၅ ထက် နည်းရင် အာဟာရချို့တဲ့ပြီး ပိန်တယ်လို့ သတ်မှတ်ပါတယ်။ BMIက ၂၅ နဲ့ ၃၀ ကြားမှာဆိုရင် အဝလွန်တဲ့အဆင့် တစ် (Obesity1)လို့ သတ်မှတ်ပြီး ၃၀နဲ့ ၃၅ ကြားဆိုရင် အဝလွန်တဲ့အဆင့် နှစ်၊ ၄၀ ကျော်ရင် အလွန်အမင်းဝတယ်လို့ သတ်မှတ်ပါတယ်။

အာဆီယံနိုင်ငံတွေကတော့ BMI ရမှတ်ကို ၂၃နဲ့ သတ်မှတ်ပါတယ်။ ၁၈ ဒသမ ၅ နဲ့ ၂၃ ကြားဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်ပြီး ၂၃ ကျော်ရင် ကိုယ်အလေးချိန်များတယ်၊ ၂၇ကျော်ရင် အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။

ခါးအတိုင်းအတာ အရေးကြီးလာ . . .

အဝလွန်ရောဂါကို BMIတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ BMIက ၁၀ဝ ရာခိုင်နှုန်း မမှန်ပါဘူး။ ဒါကြောင့် အခုအခါ ခါးကိုပါ တိုင်းတာလာကြပါတယ်။ ခါးအတိုင်းအတာက အာဆီယံနိုင်ငံက အမျိုးသားတွေမှာ ၃၆လက်မ၊ အမျိုးသမီးတွေမှာ ၃၂လက်မထက် မကျော်ရပါဘူး။ နိုင်ငံတကာမှာတော့ အမျိုးသားဆိုရင် ၄၀ လက်မနဲ့ အမျိုးသမီးဆိုရင် ၃၅ လက်မ မကျော်ရပါဘူး။ တကယ်လို့ BMI ကလည်း များပြီး ခါးလည်းတုတ်တယ် ဆိုရင် ကျန်းမာရေးအတွက် ပိုအန္တရာယ်များပါတယ်။ တစ်ကိုယ်လုံး ဝတာထက် ဗိုက်ရွှဲတာက ပိုစိုးရိမ်ရပါတယ်။

အဝလွန်ရောဂါမဖြစ်စေရန် ကာကွယ်ပါ

အဝလွန်ရောဂါ ဖြစ်စေတဲ့ မျိုးရိုးဗီဇကိုတော့ ကာကွယ်လို့မရပေမယ့် ပတ်ဝန်းကျင် အခြေအနေကိုတော့ ပြောင်းလဲပေးရပါမယ်။

အချိုများတဲ့ အစာနဲ့ အဆီအအိမ့်စာတွေကို ရှောင်သင့်ပါတယ်။

အခုနောက်ပိုင်းတွေ့လာတာက မွေးတဲ့အခါ ပေါင်မပြည့်တဲ့ ကလေးတွေက ကြီးလာရင် ဝနိုင်ခြေ ပိုများတာကို တွေ့ရပါတယ်။ မိခင်နို့ချို မတိုက်တဲ့ ကလေးတွေကလည်း ကြီးလာတဲ့အခါ ပိုဝတာကိုတွေ့ရပါတယ်။ ပြီးတော့ ကလေးတွေက တီဗီကို အချိန်ကြာကြာ ကြည့်တာ၊ သရေစာ စားတာတွေကြောင့် ပိုဝလာတာကိုလည်း တွေ့ရပါတယ်။

လူတစ်ယောက် ကိုယ်အလေးချိန် လျော့ကျစေဖို့ရာအတွက်-
(၁) အစားအသောက်၊
(၂) လေ့ကျင့်ခန်း၊
(၃) အပြုအမူကုထုံး၊
(၄) ဆေးကုသမှု ဆိုတဲ့ အချက်လေးချက်ကို လိုက်နာရပါမယ်။

ပိန်ဖို့အတွက် ကာဗိုဟိုက်ဒရိတ် လုံးဝမစားဘဲ လျှော့တဲ့နည်းဆိုတာ ရှိပါတယ်။ တကယ်ထိရောက်ပေမယ့် လိုက်နာနိုင်တဲ့သူမရှိတဲ့အတွက် မအောင်မြင်ပါဘူး။ အဲဒီတော့ ကာဗိုဟိုက်ဒရိတ် နည်းနည်း၊ အဆီနည်းနည်း အစာကို စားတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အမျိုးသားဆိုရင် တစ်နေ့ ၁၅၀ဝ ကယ်လိုရီ၊ အမျိုးသမီးဆိုရင် တစ်နေ့ ၁၂၀ဝ ကယ်လိုရီထက် ပိုမစားသင့်ပါဘူး။ မြန်မြန်ပိန်ချင်တယ်ဆိုရင်တော့ တစ်နေ့ ကယ်လိုရီ ၈၀ဝ အောက်ပဲ စားသင့်ပါတယ်။ အရွက်များများ၊ အသားများများ၊ အဆီနဲ့ ထမင်းနည်းနည်းစားရပါမယ်။

မနက်စာကို မစားဘဲမနေပါနဲ့။ မနက်စာမစားတဲ့ သူတွေက တစ်နေ့လုံး ပိုစားဖြစ်တာကို တွေ့ရပါတယ်။ သရေစာတွေကို ရှောင်ရပါမယ်။ သရေစာအနေနဲ့ စားချင်ရင် အရွက်သုပ်၊ အသီး စတာတွေကို စားပေး နိုင်ပါတယ်။

အဆီကို နည်းနည်းစားရင်တော့ ရပါတယ်။ တိရစ္ဆာန်ဆီကိုရှောင်ပြီး အပင်ထွက်ဆီကို စားပေးရပါမယ်။

အစားအသောက်စားတဲ့အခါ စားတဲ့ပမာဏကို လျှော့ရပါမယ်။ ကြေးအိုးပွဲကြီး စားနေကျဆိုရင် ပွဲသေး ပြောင်းစားတာ၊ ထမင်းကို စားနေကျထက် နှစ်လုတ်၊ သုံးလုတ်လျှော့စားတာ၊ အချိုရည် လျှော့သောက်တာ တို့ကို လိုက်နာရပါမယ်။

အပြင်စာကို မစားပါနဲ့။ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကိုစားပါ။

တစ်ပတ်လျှင် ကိုယ်အလေးချိန် တစ်ပေါင်ကျပါက ထိရောက်မှုရှိ . .

အဓိကက ဘယ်နှလအတွင်း ဘယ်လောက်ပိန်အောင် လျှော့ချမယ်ဆိုတဲ့ ပန်းတိုင်ချမှတ်ထားရပါမယ်။ တစ်ပတ်တစ်ခါ ကိုယ်အလေးချိန်တိုင်းလိုက်လို့ တစ်ပတ်မှာ ကိုယ်အလေးချိန် တစ်ပေါင်ကျရင် အဆင်ပြေပါတယ်။ ခြောက်လကြာလို့ ၂၄ ပေါင် ကျသွားရင် အောင်မြင်ပါတယ်။

ခြောက်လပြည့်တဲ့အခါ ကိုယ်အလေးချိန်ကို ထပ်ချမလား၊ ဒီအတိုင်းအတာကိုပဲ ဆက်ထိန်းထား မလားဆိုတာ စဉ်းစားရပါမယ်။ တကယ်လို့ ကိုယ်အလေးချိန်က မကျဘူးဆိုရင် သောက်ဆေးကို စဉ်း စားရပါတယ်။ သောက်ဆေးမှာ Orlistat ဆိုတဲ့ ဆေးတစ်မျိုးပဲ စိတ်ချရပါတယ်။ တစ်နေ့တစ်လုံးနဲ့ သုံးကြိမ် ထမင်းစားပြီး တစ်နာရီမှာသောက်ရပါတယ်။ ဒါက အဆီရော ကိုယ်အလေးချိန်ပါကျပါတယ်။

Most Popular

Healthy Life Ad
To Top