Healthy Life Ad
Life Style

အမျိုးသားတို့ သတိပြုဖွယ်ရာ ဆစ်ဖလစ်ရောဂါ

ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

မေး. အမျိုးသားတွေမှာ ဆစ်ဖလစ်ရောဂါက ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

ဖြေ. ဆစ်ဖလစ်ရောဂါက လိင်ဆက်ဆံရာက ကူးစက်တတ်တဲ့ ရောဂါထဲမှာ ပါဝင်ပါတယ်။ ပိုးရှိသူနဲ့ လိင်ဆက်ဆံရာက ဘက်တီးရီးယားပိုးဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ဆစ်ဖလစ်ရောဂါ ခံစားရတတ်ပါတယ်။

မေး. ဆစ်ဖလစ်ရောဂါဖြစ်ရင် ဘယ်လို လက္ခဏာတွေ တွေ့ရတတ်ပါသလဲ ဆရာ။

ဖြေ. ဆစ်ဖလစ်ရောဂါ လက္ခဏာက ရောဂါအဆင့်ပေါ် မူတည်ပြီး မတူညီတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ Primary၊ Secondaryနဲ့ Tertiary ဆိုပြီး ရောဂါအဆင့် သုံးမျိုးရှိတဲ့အနက် Primary အဆင့်ဆိုရင် ရောဂါပိုးနဲ့ထိတွေ့တဲ့ ခန္ဓာကိုယ်အရေပြားမှာ အနာဖြစ်လာတယ်။ အမျိုးသားဆိုရင် လိင်တံမှာ အဓိက အနာဖြစ်တတ်ပါတယ်။ တခြား လျှာ၊ ပါးစောင်၊ စအိုဝ၊ အမျိုးသမီးအင်္ဂါ၊ မွေးလမ်းကြောင်း၊ သားအိမ်ခေါင်း စတဲ့ လိင်ဆက်ဆံတဲ့အခါ ထိတွေ့မှုရှိတဲ့ နေရာတွေမှာလည်း အနာဖြစ်တတ်ပါတယ်။

အနာအဖု သေးသေးလေးကနေ နှုတ်ခမ်းသားထူပြီး အတွင်းဘက်ကို လှိုက်စားတဲ့ အနာလိုပုံစံ ဖြစ်ပေါ်လာပါတယ်။ အဲဒါကို ရှန်ကာလို့ ခေါ်ပါတယ်။ အဲဒီ အနာကမနာပါဘူး။ မနာတော့ အမျိုးသားတချို့က ဆေးခန်းကို သွားမပြဘဲ ဒီအတိုင်းပဲ နေလိုက်ပါတယ်။ တချို့လည်း ဆေးကုတတ်ပါတယ်။ ဆေးကုသည်ဖြစ်စေ၊ ဆေးမကုဘဲထားသည်ဖြစ်စေ အဲဒီအနာက ၂ ~ ၄ ပတ်အတွင်းမှာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။

သုံးလလောက်ကြာတဲ့အခါမှာ ဒုတိယအဆင့် (Secondary Syphilis) ဆိုပြီး ပေါ်လာတတ်ပါတယ်။ လက္ခဏာအနေနဲ့ အရေပြားမှာ ယားနာလို တွေ့ရတတ်ပြီး ထူးခြားတာက ဘယ်ညာအတူတူ တွဲဖြစ်တတ်ပါတယ်။ လက်ဆိုရင်လည်း ဘယ်ညာ လက်နှစ်ဖက်လုံး၊ ကျောဆိုရင် ကျောနှစ်ဖက်လုံး အရေပြားမှာ အနာဖုလေးတွေ ပေါက်တတ်ပါတယ်၊ ယားလည်း ယားတတ်ပါတယ်။ အဲဒါကို သတိမမူဘဲ ထားလိုက်ရင် ၂ ~ ၄ ပတ်အတွင်းမှာ သူ့အလိုလို ပျောက်သွားနိုင်ပါသေးတယ်။ ဒီအချိန်မှာဆိုရင် အဲဒီ အရေပြားအနာနဲ့ တခြားသူရဲ့ ပေါက်ပြဲနေတဲ့ အရေပြားထိတွေ့ရာက ကူးစက်နိုင်ခြေများပါတယ်။

ဒုတိယအဆင့် ပေါ်ပြီးချိန်မှာတော့ ကြားထဲမှာ ၂ ~ ၁၀နှစ်လောက်အထိ ဘာလက္ခဏာမှ မပေါ်ဘဲနဲ့ တောက်လျှောက်ငုပ်နေတတ်တယ်။ ဒါကို Latent Syphilis လို့ ခေါ်ပါတယ်။ ဒီလို လူတွေမှာဆိုရင် အကြောင်းအမျိုးမျိုးနဲ့ သွေးစစ်တဲ့အခါ VDRLက Positive ဖြစ်နေတတ်ပါတယ်။ ဒီလို ငုပ်နေချိန်မှာတော့ တခြားသူကို ကူးစက်နှုန်းနည်းပါတယ်။

တချို့လူတွေကျတော့လည်း ဆစ်ဖလစ်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးက တခြားအခြေအနေတွေ (ဥပမာ ဖျားတာ၊ နာတာ၊ ချောင်းဆိုးတာ) ကြောင့် ပဋိဇီဝပိုးသတ်ဆေး သောက်လိုက်တဲ့အခါ သေသွားတတ်ပါတယ်။ ဒီကြားကာလမှာ ပဋိဇီဝပိုးသတ်ဆေးကို အကြောင်းအမျိုးမျိုးနဲ့ သောက်ဖြစ်လိုက်တဲ့သူတွေက တတိယအဆင့်အထိ မခံစားရတော့ဘဲ ပျောက်ကင်းသွားနိုင်ပါတယ်။

မေး. ဆစ်ဖလစ်ရောဂါ တတိယအဆင့်မှာဆိုရင် ဘယ်လိုလက္ခဏာတွေ တွေ့ရတတ်ပါသလဲ ဆရာ။

ဖြေ. ကြားကာလမှာ မပျောက်ဘဲ တတိယအဆင့်အထိ ဖြစ်တဲ့သူတွေက ဦးနှောက်ထဲမှာ ရောဂါပိုး အလုံး အကျိတ်ဖြစ်ပြီး Neurosyphilis အနေနဲ့ လာတတ်သလို နှလုံးသွေးကြောအထွက်မှာ အလုံး အကျိတ်ဖြစ်ပြီး Cardiovascular Syphilis အနေနဲ့ လာတတ်ပါတယ်။ အရေပြား၊ ရိုးတွင်းခြင်ဆီတွေမှာ အလုံးအကျိတ်အနေနဲ့ တွေ့ရတတ်ပါတယ်။

မေး. ဆစ်ဖလစ်ရောဂါရှိနေသူက တခြားသူကို မကူးစက်စေဖို့ ဘယ်လို အပြုအမူတွေကို လိုက်နာသင့်ပါ သလဲ ဆရာ။

ဖြေ. လိင်အင်္ဂါကနေ လိင်ဆက်ဆံမှုကြောင့် ကူးစက်တာက အဓိကဆိုပေမယ့် နမ်းရှုံ့တာ၊ ကိုယ်တွင်း အရည်တွေ ထိတွေ့တာကနေလည်း ကူးစက်နိုင်တဲ့အတွက် ရှောင်ကြဉ်ရမယ်။ ဆစ်ဖလစ်ရောဂါရှိသူ ဆေးကုနေချိန်မှာ သူရဲ့လိင်ဆက်ဆံဖော်ကိုလည်း တစ်ခါတည်း ကုသမှုပေးရပါမယ်။

မေး. ဆစ်ဖလစ်ရောဂါက အဖြစ်များပါသလား ဆရာ။

ဖြေ. အရင်ကတော့ လိင်တံအနာဖြစ်တဲ့ ပထမအဆင့် ဆစ်ဖလစ်ရောဂါတွေကို တွေ့ဖူးတယ်၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ဆေးစစ်ရင်း ဒုတိယအဆင့် ဆစ်ဖလစ်ရောဂါဖြစ်နေတာကို မမျှော်လင့်ဘဲ တွေ့ရတဲ့ လူနာတွေလည်း တွေ့ဖူးပါတယ်။ အခုနောက်ပိုင်းမှာ ဆစ်ဖလစ်ရောဂါတွေ့ရတာ နည်းလာပါတယ်။ ဒါကတော့ ကြားကာလမှာ အကြောင်းအမျိုးမျိုးကြောင့် ပဋိဇီဝပိုးသတ်ဆေးကိုသောက်မိလိုက်တဲ့အတွက် အဖြစ်နည်းသွားတယ်လို့ပဲ ယူဆရပါတယ်။ အရေပြားကုဌာနနဲ့ လိင်အင်္ဂါအနာဆိုင်ရာ ကုဌာနတွေမှာ အနည်းအကျဉ်းလောက်ပဲရှိပါတော့တယ်။

မေး. ဆစ်ဖလစ်ရောဂါငုပ်နေချိန်မှာ အိမ်ထောင်သားမွေးလုပ်လိုက်ရင် နောက်ဆက်တွဲ ဘယ်လို ဆိုးကျိုးတွေ ဖြစ်တတ်ပါသလဲ ဆရာ။

ဖြေ. ဆစ်ဖလစ်ပိုးရှိသူအမျိုးသမီးတစ်ဦး ကလေးမွေးလိုက်ရင် မျက်လုံး၊ သွား စတဲ့ အစိတ်အပိုင်းမှာ ထူး ခြားတာတွေလည်း ပါလာတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာရေး စောင့် ရှောက်မှုပေးတဲ့အခါ VDRLကို အမြဲ စစ်ဆေးလေ့ရှိပါတယ်။ အဲဒီမှာ Positive ဖြစ်နေရင် ကုသမှုကို တစ်ခါတည်း ပေးလိုက်တဲ့အတွက် နောက်ဆက်တွဲ ကလေးမှာ ထိခိုက်မှုနှုန်း ကျဆင်းသွားပါတယ်။

မေး. ဆစ်ဖလစ်ရောဂါရှိသူ အမျိုးသားနဲ့ သူ့သူငယ်ချင်းက အတွင်းခံ ဘောင်းဘီ အတူဝတ်ရင်ကော ကူးနိုင်ပါသလား ဆရာ။

ဖြေ. လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေထဲမှာ ဆစ်ဖလစ်ရောဂါပိုးထက် ပိုကူးစက်လွယ်တာက ဂနို ပိုးကူးစက်တာပဲ ဖြစ်ပါတယ်။ ဒါက ဂနိုပိုးကြောင့် ဆီးကျဉ်ချောင်းနံရံတွေရောင်ပြီး ပြည်တွေဆင်းတာ (Gonorroea) ပဲ ဖြစ်ပါတယ်။ ပြည်နဲ့ သားငံရည်ဆင်းတဲ့အတွက် အတွင်းခံမှာ စွန်းနေမယ်၊ ကိုယ့်လိင်အင်္ဂါမှာ ပွန်းပဲ့နေတာနဲ့ သွားပြီး တိုက်ဆိုင်မယ်ဆိုရင် ပွန်းနေတဲ့ အရေပြားထဲ လိင်အင်္ဂါအရည်ဝင်ပြီး ရှားရှားပါးပါး ပိုးကူးနိုင်ပါတယ်။

မေး. ဆစ်ဖလစ်ရောဂါရှိနေချိန်မှာ ဘယ်လိုနေထိုင် စားသောက်သင့်ပါသလဲ ဆရာ။

ဖြေ. ဆစ်ဖလစ်ရောဂါရှိနေချိန်မှာ လိင်ဆက်ဆံမှုကို တတ်နိုင်သမျှ မလုပ်ရပါဘူး။ မရှောင်နိုင်ရင် ဆေးကုသမှု ခံယူနေချိန်အတွင်းမှာ လိင်ဆက်ဆံတဲ့အခါ ကွန်ဒုံးသုံးရပါမယ်။ ကိုယ်ခံအားကျစေနိုင်တဲ့ ဆေးလိပ်၊ အရက်ရှောင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို စားပေးရပါမယ်။

မေး. ဆစ်ဖလစ်ရောဂါပိုးကြောင့်ဖြစ်တဲ့ လိင်တံအနာက တခြားဘာရောဂါနဲ့ မှားတတ်ပါသလဲ ဆရာ။

ဖြေ. ဆစ်ဖလစ်ရောဂါက ရှန်ကာလို့ခေါ်တယ်၊ တခြားလိင်အင်္ဂါမှာ ဘက်တီးရီးယားပိုးဝင်တာကြောင့် ရှန်ခရွိုက်လို့ခေါ်တဲ့ အနာဖြစ်နိုင်ပါတယ်၊ အဲဒါနဲ့ မှားနိုင်ပါတယ်။ အနာအချင်းချင်းက ပုံစံချင်းဆင်တယ်၊ ဒါပေမဲ့ ရှန်ခရွိုက်က နာတယ် . . ဆစ်ဖလစ်ရဲ့ ထူးခြားချက်က အနာကသာကြီးတာ၊ ကိုင်လည်းမနာ၊ ထိလည်း မနာဘူး၊ အလိုလို ပျောက်သွားတာပဲဖြစ်ပါတယ်။

အမျိုးသားတွေအနေနဲ့ လိင်တံမှာ အနာဖြစ်တယ်၊ အမျိုးသမီးတွေအနေနဲ့ လိင်ဆက်ဆံရင် နာကျင်တယ်၊ အဖြူဆင်းများတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ပြပြီး ဆစ်ဖလစ်ရောဂါရှိ၊ မရှိ စစ်ဆေးသင့်တယ်၊ ရှိခဲ့ရင် စနစ်တကျ ကုသမှုခံယူသင့်ပါ . . .

မေး. ဆစ်ဖလစ်ရောဂါနဲ့ ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. အမျိုးသားတွေအနေနဲ့ လိင်တံမှာ အနာဖြစ်တယ်၊ အမျိုးသမီးတွေအနေနဲ့ လိင်ဆက်ဆံရင် နာကျင်တယ်၊ အဖြူဆင်းများတယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ပြပြီး ဆစ်ဖလစ်ရောဂါရှိ၊ မရှိ စစ်ဆေးသင့်တယ်၊ ရှိခဲ့ရင် စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။ ဒါဆိုရင် ဒုတိယအဆင့်၊ တတိယအဆင့်တွေကို မရောက်တော့ပါဘူး။ တတိယအဆင့်ဖြစ်ရင် အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အတွက် ပထမအဆင့်နဲ့ ဒုတိယအဆင့်ဆိုရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ပြပြီး ဆေးကုသမှု ခံယူသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top