Healthy Life Ad
Life Style

အသက်ကြီးသူများနှင့်ကင်ဆာ

ဒေါက်တာမိုးအောင်ကျော်နိုင်
အထွေထွေရောဂါအထူးကုဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး ။ အသက်ကြီးလာရင်ဘယ်လိုကင်ဆာရောဂါတွေအဖြစ်များပါသလဲဆရာ။
ဖြေ။ကင်ဆာရဲ့သဘောတရားအရအသက်ကြီးလာတာနဲ့အမျှ ကင်ဆာအမျိုးအစားမျိုးစုံက ပိုဖြစ်တတ်ပါတယ်။ အရင်ကဆိုရင် ကင်ဆာကို သက်ကြီးရောဂါ (Aging Disease)လို့ ခေါ်ခဲ့ကြပါတယ်။အသက်ကြီးလေကင်ဆာ ဖြစ်နိုင်ခြေပိုများလာလေပါပဲ။

ကမ္ဘာ့ကုလသမဂ္ဂ (United Nation)၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တို့ရဲ့သတ်မှတ်ချက်အရ နိုင်ငံအတော်များများမှာ အသက်၆၀နဲ့၆၅နှစ်အထက်ကို အသက်ကြီးသူတွေလို့ သတ်မှတ်ထားကြပါတယ်။အဲဒီအရွယ်တွေမှာကင်ဆာဖြစ်နှုန်းကလည်းများလာပါတယ်။

သက်ကြီးအမျိုးသားတွေမှာဆိုရင်ဆီးကျိတ်ကင်ဆာ၊အူမကြီးကင်ဆာ၊အဆုတ်ကင်ဆာ၊ဆီးအိမ်ကင်ဆာနဲ့အစာအိမ်ကင်ဆာတွေအဖြစ်များတယ်။သက်ကြီးအမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာ၊အဆုတ်ကင်ဆာ၊အူမကြီးကင်ဆာ၊သားအိမ်ကင်ဆာ၊သားဥအိမ်ကင်ဆာတွေ အဖြစ်များတယ်။

မေး ။သက်ကြီးအမျိုးသားဆိုရင်ဘယ်လိုကင်ဆာစစ်ဆေးမှုတွေကိုလုပ်သင့်ပါသလဲဆရာ။
ဖြေ။သက်ကြီးအမျိုးသားတွေမှာအဖြစ်များဆုံးကင်ဆာဖြစ်တဲ့ဆီးကျိတ်ကင်ဆာအတွက်ဆီးထဲမှာPSAဆိုတဲ့ဓာတ်ကိုစစ်လို့ရပါတယ်။ဆီးကျိတ်ကြီးတဲ့လက္ခဏာရှိနေရင်စအိုထဲကိုလက်ချောင်းသွင်းပြီးစစ်ဆေးတဲ့နည်းနဲ့ Tumor Markerစစ်ဆေးမှုနှစ်ခုပေါင်းပြီးစစ်ဆေးလိုက်ရင်ဆီးကျိတ်ကင်ဆာကိုစောစောစီးစီး တွေ့ရှိနိုင်ပါတယ်။

သက်ကြီးအမျိုးသားတွေမှာအူမကြီးကင်ဆာစစ်ဆေးမှုအတွက်ဝမ်းထဲမှာ Fecal Occult Blood Test လို့ ခေါ်တဲ့မမြင်နိုင်တဲ့ သွေးစပါ၊မပါနှစ်စဉ် စစ်ဆေးသင့်ပါတယ်။ကိုယ့်ဆွေမျိုးထဲမှာအူမကြီးကင်ဆာမျိုးရိုးရှိရင်ဆရာဝန်နဲ့တိုင်ပင်ပြီးအူမကြီးကိုမှန်ပြောင်း( Colonoscope) ကြည့်ပြီးစစ်ဆေးသင့်ပါတယ်။

သက်ကြီးအမျိုးသားတွေမှာကြိုတင်စစ်ဆေးလို့မရတဲ့ကင်ဆာကတော့အဆုတ်ကင်ဆာပါ။ ဖြစ်စေတဲ့ ဆေးလိပ်ရှောင်တာမျိုးနဲ့ ကာကွယ်သင့်ပါတယ်။ အဆုတ်ကင်ဆာစစ်ဆေးဖို့ ဓာတ်မှန်ပုံမှန်ရိုက်ပါဆိုတဲ့ညွှန်ကြားချက်မျိုးမရှိပါဘူး။

မေး ။ သက်ကြီးအမျိုးသမီးဆိုရင်ဘယ်လိုကင်ဆာစစ်ဆေးမှုတွေကိုလုပ်သင့်ပါသလဲဆရာ။
ဖြေ။ကင်ဆာစစ်ဆေးမှုလုပ်တဲ့အခါအကြမ်းဖျင်းပြောမယ်ဆိုရင်နှစ်မျိုးရှိပါတယ်။တစ်မျိုးကကင်ဆာကနဦးလက္ခဏာတွေကိုလိုက်ပြီးစစ်ဆေးတာပါ။ နောက်တစ်မျိုးကဘာရောဂါလက္ခဏာမှမရှိတဲ့သူတွေကိုစစ်ဆေးတာ ဖြစ်ပါတယ်။

ကျန်းမာနေတဲ့သက်ကြီးအမျိုးသမီးတွေဆိုရင်ရင်သားကင်ဆာနဲ့သားအိမ်ခေါင်းကင်ဆာကိုကြိုတင်စစ်ဆေးမှုလုပ်သင့်ပါတယ်။ရင်သားကင်ဆာစစ်ဆေးမှုအတွက်ရင်သားဓာတ်မှန် (Mammogram) ကိုတစ်နှစ်တစ်ကြိမ်-နှစ်နှစ်တစ်ကြိမ် လောက်ရိုက်သင့်တယ်ဆိုပြီး အင်္ဂလန်နိုင်ငံကအကြံပြုထားပါတယ်။ လစဉ်မိမိရင်သားကို မိမိကြိုတင်စမ်းသပ်စစ်ဆေးနည်းနဲ့ ကြိုတင်စစ်ဆေးသင့်ပါတယ်။

အိမ်ထောင်ရှိတဲ့ သက်ကြီးအမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်းကင်ဆာအတွက် သားအိမ်ခေါင်းအချွဲစယူစစ်ဆေးမှု (PapSmear)ကို သုံးနှစ်တစ်ကြိမ် စစ်ဆေးသင့်တယ်လို့ အင်္ဂလန်နိုင်ငံကဆိုပါတယ်။ အသက်၄၀အရွယ်အမျိုးသမီးတွေဆိုရင်တစ်နှစ်တစ်ကြိမ်စစ်သင့်ပြီး တွေ့ရှိချက်ပေါ်မူတည်ကာ လိုရင်လိုသလို စစ်သင့်ပါတယ်။

တခြားအဖြစ်များတဲ့ သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာတို့ကိုလည်း တစ်နှစ်တစ်ကြိမ် အာထရာဆောင်းရိုက်ပြီး စစ်ဆေးသင့်ပါတယ်။ အူမကြီးကင်ဆာကတော့ သက်ကြီးအမျိုးသမီးတွေရဲ့ဝမ်းထဲမှာ Fecal Occult Blood Test လို့ ခေါ်တဲ့မမြင်နိုင်တဲ့ သွေးစပါ၊မပါနှစ်စဉ် စစ်ဆေးသင့်ပါတယ်။ ကိုယ့်ဆွေမျိုးထဲမှာ အူမကြီးကင်ဆာမျိုးရိုးရှိရင်ဆရာဝန်နဲ့တိုင်ပင်ပြီးအူမကြီးကိုမှန်ပြောင်း (Endoscope) ကြည့်ပြီးစစ်ဆေးသင့်ပါတယ်။ဒီကျန်းမာရေးစစ်ဆေးမှုတွေကို ဘယ်လောက်တစ်ကြိမ် လုပ်သင့်သလဲဆိုတာကတော့ ကိုယ်ရဲ့ကင်ဆာဖြစ်နိုင်ခြေအပေါ်မူတည်ပြီးစစ်ဆေးသင့်ပါတယ်။

မေး ။ အသက်ကြီးလာတဲ့အခါကင်ဆာရောဂါမဖြစ် အောင်ဘယ်လိုကာကွယ်သင့်ပါသလဲဆရာ။
ဖြေ။အသက်ကြီးတဲ့အခါကင်ဆာမဖြစ်စေဖို့ဆိုရင်ငယ်စဉ်ကတည်းကကာကွယ်သင့်ပါတယ်။ငယ်ငယ်ကတည်းကကြိုတင်ကာကွယ်ထားမှအသက်ကြီးလာတဲ့အခါကင်ဆာမဖြစ်အောင်ကာကွယ်ပြီးသား ဖြစ်မှာပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်စားမယ်၊ကျန်းမာတဲ့လူနေမှုပုံစံ နေမယ်၊ကိုယ်အလေးချိန်ကိုကျန်းမာအောင်ထိန်းထားမယ်၊ ဆေးလိပ်-အရက်-ကွမ်းစတဲ့ အန္တရာယ်ပေးနိုင်တဲ့အရာတွေကို ရှောင်ကြဉ်မယ်ဆိုရင်အသက်ကြီးလာတဲ့အခါကင်ဆာအားလုံးရဲ့၃၀ရာခိုင်နှုန်းကမဖြစ်ပါဘူး။အသက်ကြီးမှဆင်ခြင်မယ်ဆိုရင်လည်း နောက်မကျပါဘူး။ ဆေးလိပ်-အရက်-ကွမ်းစတာတွေကိုသုံးစွဲခဲ့သူတွေကအခုချိန်မှာ ရှောင်ကြဉ်လိုက်မယ်ဆိုရင် ရှောင်လိုက်တဲ့အချိန်ကစပြီးအကျိုးရှိပါတယ်။ ကောင်းတဲ့အမူအကျင့်တွေကိုလိုက်နာရာမှာနောက်ကျသွားပြီဆိုတာမရှိပါဘူး။

မေး ။ အသက်ကြီးသူတွေမှာကင်ဆာရောဂါဖြစ်တဲ့အခါဘယ်လိုလက္ခဏာတွေ ပြတတ်ပါသလဲဆရာ။
ဖြေ ။ ကင်ဆာတစ်မျိုးချင်းစီအလိုက်မှာအစောပိုင်းအစပျိုးလက္ခဏာလေးတွေရှိတတ်ပါတယ်။အဲဒါတွေကတော့
-ဆီးသွားတဲ့အလေ့အထတွေ ပြောင်းသွားတယ်၊ဒါကဆီးအိမ်ကင်ဆာနဲ့ဆီးကျိတ်ကင်ဆာတွေမှာ တွေ့ရတတ်တာပါ။
-ဝမ်းသွားတဲ့အလေ့အထတွေ ပြောင်းသွားတယ်၊ဒါကအူမကြီးကင်ဆာမှာ တွေ့ရတတ်တာပါ။
-အမျိုးသမီးတွေဆိုရင်ရင်သားမှာအလုံး၊အဖု၊အကျိတ်စမ်းသပ်မိတယ် (ဒါကရင်သားကင်ဆာမှာ တွေ့ရတတ်တာပါ)
-အမျိုးသားတွေမှာ ဝှေးစေ့မှာအလုံး၊အဖု၊အကျိတ်တွေစမ်းသပ်မိတယ် (ဒါက ဝှေးစေ့ကင်ဆာမှာ တွေ့ရတတ်တာပါ)
-အရေပြားပေါ်ကမှဲ့ရဲ့အရွယ်အစား၊ပုံစံ၊အရောင်အဆင်းပြောင်းလဲလာတယ် (ဒါကမှဲ့ကင်ဆာမှာ တွေ့ရတတ်တာပါ)
-အနာတစ်ခုဖြစ်လို့ကျက်သင့်တဲ့အချိန်မှာမကျက်ဘူး၊အနာကမနာဘူး (ဥပမာပြောရရင်အမျိုးသား တွေမှာ ဖြစ်တဲ့ လိင်တံကင်ဆာဆိုရင် လိင်တံမှာအနာဖြစ်ပေမယ့် မနာဘူး၊အနာမကျက်ဘူး)
-ကွမ်းစားတဲ့သူတွေမှာ ဖြစ်တဲ့ခံတွင်းအနာဆိုရင်မနာဘူး၊မကျက်ဘူး . .(ဒါကခံတွင်းကင်ဆာတွေမှာ တွေ့ရတတ်တာပါ)
-အစားအသောက်ပျက်တယ်၊ပျို့ချင်သလိုလို ဖြစ်တယ်၊အစာမကြေဘူး၊ပိန်သွားတယ်ဆိုရင်အစာအိမ်ကင်ဆာ၊အသည်းကင်ဆာ၊သားဥအိမ်ကင်ဆာစတာ တွေရဲ့အစောပိုင်းလက္ခဏာတွေဖြစ်တတ်ပါတယ်။
– ချောင်းဆိုးတာကတာရှည်ဖြစ်ပြီး သွေးပါလာတယ်ဆိုရင် အဆုတ်ကင်ဆာရဲ့ အစောပိုင်းလက္ခဏာဖြစ်တတ်ပါတယ်။ ဆိုလိုတာက ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေက နည်းနည်းလေးကြာလာတယ်ဆိုရင် ကင်ဆာလားဆိုတာ သံသယဝင်ပြီး ဆရာဝန်နဲ့တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

မေး ။အသက်ကြီးလာချိန်မှာကင်ဆာမဖြစ်အောင်ဘယ်လိုနေထိုင်စားသောက်မှုပုံစံတွေကိုလိုက်နာသင့်ပါသလဲဆရာ။
ဖြေ ။ အသက်ကြီးလာချိန်မှာကင်ဆာမဖြစ်အောင် ဆေးလိပ်၊အရက်၊ကွမ်းရှောင်ရပါမယ်။ အဆီ၊အချိုစတာတွေစားရင် ကိုယ်အလေးချိန် ပုံမှန်ထက်များလာပြီးအဝလွန်တာကြောင့်ကင်ဆာ ဖြစ်နိုင်ခြေများတဲ့အတွက်အဆီ၊အချိုတွေ လျှော့စားသင့်ပါတယ်။အသီးအရွက်၊ငါးကိုစားသင့်ပြီးအနီရောင်အသား (ခြေလေးချောင်းသား)ကိုတစ်ပတ်မှာအများဆုံးနှစ်ကြိမ်ပဲစားသင့်ပါတယ်။တစ်နေ့ခပ်သွက်သွက်လမ်းလျှောက်တာကိုမိနစ်၃၀လောက်လုပ်ပေးသင့်ပါတယ်။ငယ်ငယ်ကနေအသက်ကြီးတဲ့အထိကိုယ်အလေးချိန်ကိုပုံမှန် (BMI ၂၅ အောက်) ထိန်းထားရပါမယ်။

မေး ။အသက်ကြီးလာချိန်မှာကင်ဆာမဖြစ်အောင်စိတ်ကိုဘယ်လိုနှလုံးသွင်းသင့်ပါသလဲဆရာ။
ဖြေ ။ စိတ်နဲ့ကင်ဆာကလည်းဆက်နွှယ်မှုရှိပါတယ်။စိတ်ပူပင်သောကများတယ်၊အရာရာကိုအလိုမကျ ဖြစ်နေတယ်ဆိုရင် ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ဇီဝကမ္မ ဖောက်ပြန်မှု ဖြစ်တတ်ပါတယ်၊ဆဲလ်ပွားတဲ့ဒီအင်န် အေမှာလည်း ပြောင်းလဲမှု ဖြစ်တတ်ပါတယ်၊ အဲဒီအခါ ဆဲလ်အလွန်အကျွံပွားပြီး ကင်ဆာဆိုတာဖြစ်လာတတ်ပါတယ်။ စိတ်ဖိစီးပူပင်မှုတွေကြောင့် ကင်ဆာဖြစ်နိုင်သလို ကင်ဆာကြောင့်လည်း စိတ်ဓာတ်ကျရာက အသက်အန္တရာယ်ကို မြန်မြန်ထိခိုက်နိုင်ပါတယ်။

စိတ်ပူပင်သောကများတယ်၊စိတ်ဖိစီးမှုများတယ်၊စိတ်အလိုမကျဘူးစတဲ့ခံစားမှုတွေ ဖြစ်ရင်ကင်ဆာတင်မကကူးစက်မဟုတ်တဲ့ ရောဂါတွေ (ဥပမာ- သွေးတိုး၊ဆီးချို၊နှလုံးရောဂါ)တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။အဲဒီတော့စိတ်အေးအေးထားပါ၊အကောင်းမြင်ဝါဒလက်ကိုင်ထားပါ . . ဒါဆိုရင်ကင်ဆာတင်မကတခြားကူးစက်မဟုတ်တဲ့ရောဂါတွေရဲ့ ဖြစ်နှုန်းကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

မေး ။ကင်ဆာမဖြစ်သေးပေမယ့်ကင်ဆာဖြစ်မှာစိုးကြောက်နေတတ်တဲ့အသက်ကြီးသူတွေကိုဘယ်လို ဖြေသိမ့်ပေးချင်ပါသလဲဆရာ။
ဖြေ။အသက်ကြီးလာပြီဆိုရင်ကိုယ်ဖြတ်သန်းလာတဲ့ဘဝတစ်လျှောက်မှာအစားအသောက်၊အနေအထိုင်စတဲ့လူနေမှုပုံစံတွေကကျန်းမာတဲ့ပုံစံနဲ့ နေလာတယ်ဆိုပါစို့ . . ကင်ဆာ ဖြစ်နိုင်ခြေနည်းလို့သိပ်စိုးရိမ်မနေပါနဲ့လို့အကြံပေးချင်ပါတယ်။

အဲဒီလိုမဟုတ်ဘဲကင်ဆာမျိုးရိုးလည်းရှိတယ်၊ငယ်ငယ်က ဆေးလိပ်လည်း သောက်ခဲ့တယ်. . စသ ဖြင့်ကျန်းမာရေးနဲ့မညီညွတ်ဘဲ နေထိုင်စားသောက်ခဲ့တယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ပြီးကိုယ့်အတွက် ဖြစ်နိုင်ခြေများတဲ့ကင်ဆာတွေကို ကြိုတင်စစ်ဆေးလို့ရပါတယ်။ ဥပမာ အသည်းရောင်အသားဝါဘီပိုး၊စီပိုးရှိသူတွေ အသည်းကင်ဆာ ဖြစ်မှာကြောက်တယ်ဆိုရင် စောစောစီးစီးသိအောင် အာထရာဆောင်းရိုက်တာ၊ AFP စစ်တာတို့ လုပ်သင့်ပါတယ်။အဖြေက ကောင်းတယ်ဆိုရင်စိတ်အေးအေးနေသင့်ပါတယ်။

ကင်ဆာဖြစ်မှာစိတ်ပူနေပေမယ့်ကြိုတင်စစ် ဆေးမှုမခံယူဘူးဆိုရင်ကင်ဆာ ဖြစ်လာရင်တောင် နောက်ကျမှသိနိုင်ပါတယ်။ ဒါကြောင့်ကင်ဆာဖြစ်နေမလား သံသယဝင်နေရင် ဆရာဝန်နဲ့တိုင်ပင်ပါ၊ စစ်ဆေးပါလို့ပဲအကြံပေးချင်ပါတယ်။

နယ်ကလာပြတဲ့ လူနာအမျိုးသမီးတစ်ယောက် သူ့အစ်မအရင်းကအူမကြီးကင်ဆာဖြစ်ပြီးဆုံးသွားတာ မကြာသေးဘူး၊ဒါနဲ့”ကျွန်မ ဆေးစစ်ချင်တယ်ဆရာရယ် . . ကျွန်မအစ်မအူမကြီးကင်ဆာနဲ့ဆုံးသွားတာမကြာသေးဘူး”ဆိုပြီးအထွေထွေကျန်းမာရေးစစ်ဆေးမှုလုပ်တဲ့အခါကင်ဆာကိုဦးစားပေးပြီးစစ်ဆေးပေးပါလို့ တောင်းဆိုလာပါတယ်။သာမန်အားဖြင့်လက္ခဏာမရှိဘဲအူမကြီးမှန်ပြောင်းကြည့်စစ်ဆေးမှု(Colonoscope)လုပ်လေ့မရှိပါဘူး။”အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးမှုလုပ်ချင်သလား”ဆိုတော့လက္ခဏာမရှိတော့”မစစ်ဆေးချင်သေးဘူး”လို့ဆိုပါတယ်။

အဲဒါနဲ့ဝမ်းထဲမှာမမြင်နိုင်တဲ့ သွေးပါ၊မပါစစ် ဆေးကြည့်ဖို့လိုမယ်ဆိုပြီးဝမ်း(မစင်) စစ်ဆေးမှုလုပ်ခိုင်းလိုက်ပါတယ်။အဲဒီမှာ သွေးထဲမှာ အူမကြီးကင်ဆာနဲ့ဆက်နွှယ်တဲ့ ဓာတ်ကမရှိဘူး၊ဒါပေမဲ့ဝမ်းထဲမှာမမြင်ရတဲ့ သွေး ( Fecal Occult Blood ) ကpositive ဖြစ်နေပါတယ်။

ဒီလူနာနဲ့ပတ်သက်လာရင်အစ်မဖြစ်သူကလည်းအူမကြီးကင်ဆာရှိတယ်၊သူကိုယ်တိုင်ကလည်းအူမကြီးကင်ဆာကိုစိုးရိမ်နေတယ် . . ဝမ်းထဲမှာလည်းအူမကြီးကင်ဆာနဲ့ဆက်နွှယ်တဲ့လက္ခဏာက ပြနေတယ် . .ဆိုတော့ အူမကြီးမှန်ပြောင်းကြည့်စစ်ဆေးမှု လုပ်ဖို့ညွှန်လိုက်ရပါတယ်။ အဲဒီလိုကြည့်လိုက်တော့ ဘာလက္ခဏာမှမပြပေမယ့် အူမကြီးမှာအနာတွေ့ပြီး ကင်ဆာဆိုတာသိလိုက်ရပါတယ်။

စောစောစီးစီး တွေ့လိုက်ရတဲ့အတွက် စောစောကုသပျောက်ကင်းသွားခဲ့ပါတယ်။ဒီသဘောတရားကို အခြေခံပြီး ပြောရရင် စောစောစီးစီးတွေ့ရင် ကင်ဆာ၉၀ရာခိုင်နှုန်းက ပျောက်ပါတယ်။ ဒါကြောင့် ကင်ဆာကြောက်ရင်စစ်ဆေးပါ၊ စောစောတွေ့ရင်၉၀ရာခိုင်နှုန်းက ပျောက်ပါတယ်၊ ကြောက်တယ်ဆိုပြီး မစစ်ဘဲမနေပါနဲ့လို့အကြံပြုလိုပါတယ်။

မေး ။ အသက်ကြီးသူတွေမှာ ဖြစ်တတ်တဲ့ကင်ဆာနဲ့ပတ်သက်ပြီးအများပြည်သူကိုပညာပေးလိုတာရှိရင်သိပါရစေဆရာ။
ဖြေ ။ ငယ်ငယ်ကတည်းကကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို လိုက်နာသင့်တယ်။ အရင်တုန်းကမသိခဲ့ရင်လည်း အခုအချိန်မှာ ကိုယ့်အတွေ့အကြုံကိုအခြေခံပြီး ငယ်ရွယ်တဲ့သူတွေကို မကောင်းတဲ့အပြုအမူတွေ ရှောင်ပြီး ကောင်းတဲ့အမူအကျင့်တွေ လိုက်နာဖို့ ပညာပေးသင့်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း လိုက်နာပြီးစိတ်အေးအေး နေဖို့လည်း အကြံပေးချင်ပါတယ်။

Most Popular

Healthy Life Ad
To Top