Healthy Life Ad
Local

အိမ်မှ ထမင်း၊ဟင်းပို့ရန် ခက်ခဲသူလူနာတို့အား ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်) မှ နံနက်၊ ည အာဟာရ နေ့စဉ်ကျွေး

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်) တွင် တက်ရောက်ကုသမှုခံယူနေသူ လူနာများအနက် အိမ်မှထမင်း၊ ဟင်းပို့ရန် အခက်အခဲရှိသူ ၁၀ဝ ဦးကျော်အား ဆေးရုံက နံနက်၊ ည ထမင်း၊ ဟင်းနှစ်နပ်ကို နေ့စဉ်ကျွေးလျက်ရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ပပက Healthy Life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“ ကျွန်မတို့ဆေးရုံရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးကတော့ လူနာတွေကို အာဟာရကျွေးတာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း ဘတ်ဂျတ်ချပေးတယ်၊ အဲဒါအပြင် အလှူရှင်တွေ လာလှူဒါန်းကြတဲ့အတွက် ဒီလောက်ရပ်တည်နိုင်တာ ဖြစ်ပါတယ်။ ဆေးရုံမှာပျမ်းမျှအားဖြင့် တစ်နေ့တက်ရောက်တဲ့လူနာက ၈၀ဝ ဝန်းကျင် ရှိပါတယ်။ အဲဒီအထဲမှာ အိမ်ကလာပြီးထမင်းပို့ဖို့ အခက်အခဲရှိတဲ့လူနာတွေကို အဆောင်အသီးသီးက စာရင်းကောက်ယူပါတယ်။ တချို့ကျတော့လည်း အိမ်ကထမင်းပို့နိုင်ပေမယ့် ဆေးရုံကကျွေးတဲ့အာဟာရကို စားချင်ကြတယ်လေ . . အဲဒီအခါမှာလည်း ကျွေးပါတယ်၊ ပြီးရင် အရေအတွက်ဘယ်လောက်ရှိတယ်ဆိုတာ စားဖိုဆောင်ကို သတင်းပို့ပြီး ထမင်း၊ ဟင်း ချက်ခိုင်းပါတယ်။ အများအားဖြင့် တစ်နေ့ ၁၀ဝ ကျော်လောက်ကို မနက်၊ ညအာဟာရ ကျွေးပေးပါတယ်” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ပပက ပြောသည်။

လူနာတွေကိုကျွေးမယ့် ထမင်း၊ ဟင်းတွေက သန့်ရှင်းလတ်ဆတ်မှုရှိရဲ့လားဆိုတာ ကျွန်မကိုယ်တိုင် အရင်မြည်းကြည့်ပါတယ်၊ ထမင်း၊ ဟင်းတွေက အနံ့အသက် လတ်လတ်ဆတ်ဆတ်နဲ့ သန့်ရှင်းမှုရှိမှ လူနာတွေအတွက် အန္တရာယ်ကင်းမှာလေ . .” အဆိုပါဆေးရုံမှ တာဝန်ခံသူနာပြုဆရာမကြီးက ဆိုသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) တွင် တစ်နေ့တာ ထမင်း၊ ဟင်းအလှူငွေအဖြစ် သတ်မှတ်ထားသောပမာဏမှာ ငါးသောင်းခွဲကျပ်သာဖြစ်သော်လည်း အမှန်တကယ်၌မှု မလောက်ငကြောင်း၊ လိုအပ်သည့်အလှူငွေအတွက် နိုင်ငံတော်ချထားပေးသည့် ဘတ်ဂျတ်ထဲက ထုတ်သုံးခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးဆေးရုံ (ရန်ကုန်) တွင် ပါဝင်လှူဒါန်းကြသူ အလှူရှင်တို့သည် ဒါနပြုမူကို လာရောက်ကြည့်ရှူပြီး ပီတိပွားနိုင်ကြောင်း၊ အလှူရှင်များကိုလည်း ကြိုဆိုလျက်ရှိရာ ပါဝင်လှူဒါန်းကုသိုလ်ပြုလိုပါက ဆေးရုံဖုန်း ဝ၁၂၂၂၈၁၁၊ ဝ၁၂၂၁၀၁၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သတင်းရရှိသည်။

Most Popular

Healthy Life Ad
To Top