Healthy Life Ad
Life Style

ဆီးချိုရောဂါက သူဌေးရောဂါလား(၂) . .

ပါမောက္ခဒေါ်သန်းသန်းအေး
(ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

– ယခင်တစ်ပတ်မှအဆက်

ဆီးချိုသွေးချိုရောဂါကို နေထိုင်စားသောက်မှု ပြုပြင်တာ၊ အစားလျှော့တာ၊ မတည့်တဲ့အစာတွေ ရှောင်တာ . . တစ်ခုတည်းနဲ့ မထိရောက်ပါဘူး။ ဆီးချိုရင့်လေ၊ သွေးချိုများလေပဲမို့ ဆေးဝါးတွေကူညီမှ သွေးချိုလျော့နေအောင် ထိန်းထားလို့ရမှာ ဖြစ်ပါတယ်။ သွေးချိုကို မိမိကိုယ်တိုင်စစ်ဆေးဖို့ လိုအပ်လာရင် ဆေးဖိုးအပြင် သွေးချိုစစ်ရတဲ့ စရိတ်တွေလည်း ထည့်သွင်းစဉ်းစားရပါမယ်။ ဆီးချိုသွေးချို ကုဆေးတွေကလည်း ရောဂါရင့်လာတာနဲ့အမျှ တဖြည်းဖြည်းတိုးပြီး သုံးလာရပါတယ်။ ဆေးဖိုးတွေ များသထက် များလာပါတယ်။ နောက်ဆုံး အင်ဆူလင် ထိုးရတဲ့အခါမှာလည်း ဆေးဖိုး၊ ဆေးထိုးပြွန်နဲ့ အပ်ဖိုးတွေ ပိုများလာပါတယ်။ ဒါကြောင့် တစ်သက်တာ ဆေးကုစရိတ် (Lifetime cost) ကို ကြည့်မယ်ဆိုရင် အသက်ငယ်တဲ့အရွယ်မှာ ဆီးချိုသွေးချိုစဖြစ်ရင် ပိုကုန်ကျပါမယ်။ ပိုပြီး ကုန်ကျစရိတ်များတာကတော့ နောက်ဆက်တွဲရောဂါကို ကုသတဲ့စရိတ်တွေပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲရောဂါ ရှိ၊ မရှိ စစ်ဆေးတဲ့ စရိတ်သာမက ဒီလိုမဖြစ်အောင်ကာကွယ်ဖို့ သောက်နေရတဲ့ သွေးချိုဆေးအပြင် သွေးတိုးကျဆေး၊ သွေးအဆီကျဆေး၊ သွေးကျဲဆေး စတာတွေအတွက်လည်း ကုန်ကျစရိတ် မနည်းပါဘူး။ ဒီနောက် ဆက်တွဲရောဂါတွေကို မတားဆီးနိုင်ဘဲ ဖြစ်ပေါ်လာပြီဆိုရင်တော့ စရိတ်တွေအများကြီး တက်လာမှာဖြစ်ပါတယ်။ အမေရိကမှာ တစ်သက်တာ ကုန်ကျစရိတ်တွေကို တွက်ကြည့်တဲ့အခါ နောက်ဆက်တွဲရောဂါတွေ ကုရလို့ကုန်တဲ့ ပျမ်းမျှစရိတ်ဟာ လူနာတစ်သက်လုံး ကုန်ကျစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းကျော်တာ တွေ့ရှိရပါတယ်။ အထူးသဖြင့် လေငန်းရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါ၊ ခြေထောက်ပုပ်ရောဂါတွေအတွက် ကုန်ကျစရိတ် အထူးပိုများပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ကျန်းမာရေးအာမခံစနစ်ရှိလို့ ကုရမယ့်ကုထုံးအတိုင်း သုံးစွဲနိုင်ကြပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ မိမိအိတ်ထဲမှစိုက်ပြီး ကုရတဲ့အခါ၊ မိသားစုဝင်ငွေတွေ ရှိစုမဲ့စုထုတ်သုံးရတဲ့အခါ အားလုံးမနိုင်ဝန်တွေ ထမ်းဆောင်နေရပြီး အများကြီးစိတ်ဆင်းရဲစရာ ဖြစ်လာပါတယ်။ စရိတ်တတ်နိုင်တဲ့အပေါ် မူတည်ပြီး ကုသနိုင်သူ၊ မကုသနိုင်သူအဆင့်တွေ ကွဲပြားခြားနားလာပါတယ်။

အဆင့်မီကုထုံးအတိုင်း သုံးစွဲရမယ့်စရိတ်ငွေနဲ့ အသက်ရှင်စေလိုပြီး နေကောင်းသွားစေလိုတဲ့ ဆန္ဒတွေကြားမှာ ချိန်ဆရင်း ဗျာများနေကြရတာ မကြာခဏ တွေ့နေရပါတယ်။ ဥပမာ ကျောက်ကပ်ဆေးမှ အသက်ရှင်နိုင်တဲ့ အခြေအနေမျိုး၊ ငွေရှိရင် အသက်ရှင်ဦးမယ်ဆိုတဲ့ အခြေအနေမျိုး . . ဒါမျိုး နောက်ဆက်တွဲရောဂါကိစ္စ တစ်အိမ်ထဲမှာ တစ်ဦးထက်ပိုပြီး ရှိတတ်ကြပါတယ်။ ရှိတဲ့ငွေကို ဘယ်သူ့ကိုဦးစားပေးပြီး သုံးစွဲရမလဲဆိုတဲ့ အခက်အခဲမျိုးလည်း ရှိတတ်ပါတယ်။ အိန္ဒိယမှာ ဝင်ငွေနည်းပါးတဲ့မိသားစုတွေကို လေ့လာကြည့်တဲ့အခါ မိသားစုဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ဆီးချိုသွေးချိုလူနာတစ်ဦးအတွက် ထိန်းသိမ်းကုသရာမှာ ကုန်သွားတယ်လို့ ဆိုပါတယ်။ ဒီရောဂါတွေအားလုံးကို နိုင်ငံတော်အနေနဲ့ ကျခံသုံးစွဲပေးမယ်ဆိုရင်လည်း တာရှည်စွာ အမြဲတမ်းပံ့ပိုးမှုမျိုး မရရှိနိုင်ဘူး။ အမေရိကမှာတော့ ဆီးချိုသမားတစ်ယောက်အတွက် ဆေးကုဖို့ ကုန်ကျစရိတ်ဟာ ဆီးချိုရောဂါမရှိတဲ့သူတစ်ဦးရဲ့ ကုန်ကျစရိတ်ထက် နှစ်ဆမှသုံးဆပိုများတာ တွေ့ရှိရပါတယ်။ ဆေးရုံတွေမှာသုံးတဲ့ ကုန်ကျစရိတ်ရဲ့ ၁၆ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါနဲ့ နောက်ဆက်တွဲရောဂါတွေကို ကုတဲ့စရိတ်တွေပဲ ဖြစ်ပါတယ်။

တခြားတွက်ချက်လို့မရတဲ့ ကုန်ကျစရိတ် ဒါမှမဟုတ်ဆုံးရှုံးမှုတွေကို ကြည့်မယ်ဆိုရင်တော့ ဆီးချိုသွေးချို ခံစားရတဲ့လူနာတွေမှာ နာကျင်တဲ့ဝေဒနာ ခံစားနေရတာ၊ စိုးရွံ့တာ၊ စိတ်ဓာတ်ကျတာ၊ ဒုက္ခိတဘဝရောက်ရလို့ အသက်ရှင်ရတဲ့ အဓိပ္ပာယ်ကင်းမဲ့တာ၊ တချို့လူနာတွေအဖို့ လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံခံရတာ၊ အလုပ်လက်မဲ့ဖြစ်တာ၊ လုပ်ငန်းခွင်မှာ မစွမ်းဆောင်နိုင်တာ၊ အလုပ်ရဲ့ ဖိစီးမှုဒဏ်မခံနိုင်တာတွေကြောင့် အလုပ်နားရမယ်၊ ဝင်ငွေမရှိလို့ စိတ်ဆင်းရဲမှုအပြည့် ဖြစ်လာရမယ့် ဆုံးရှုံးမှုတွေအများကြီး ဖြစ်လာနိုင်ပါတယ်။ ဒီဆုံးရှုံးမှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒီဆုံးရှုံးမှုမျိုးက တိုင်းတာတွက်ချက်လို့ မရတဲ့အတွက် အကောင်အထည်ဖော်ပြလို့လည်း ခက်ပါတယ်။ ဒါတွေဟာ တစ်နည်းအားဖြင့် ဆုံးရှုံးမှုကုန်ကျမှုတွေပဲ ဖြစ်ပါတယ်။

ဒါတွေအားလုံးကို ခြုံကြည့်လိုက်ရင် လူတစ်ဦးချင်း၊ မိသားစုတစ်ခုချင်းသာမက တိုင်းပြည်တစ်ခုလုံးအတွက်လည်း အလွန်အရေးပါတဲ့ ဆုတ်ယုတ်မှုကြီးတွေဖြစ်တာကို သိမြင်စေလိုပါတယ်။

ဒီစရိတ်တွေ မကုန်ကျအောင် ဘယ်လို ကာကွယ်တားဆီးနိုင်မလဲ၊ ပြဿနာ မဖြစ်လာခင်ကတည်းက ကြိုတင်ဆောင်ရွက်မှသာ ရှေ့မှာဖော်ပြထားတဲ့ ကုန်ကျစရိတ်များလာမယ့် အဖြစ်တွေကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။ အခုဆေးခန်း တစ်ခါပြလို့ ကုန်တဲ့ငွေက နောင်မှာ နောက်ဆက်တွဲရောဂါကြောင့် ဆေးရုံတစ်ရက်တက်ရတဲ့ စရိတ်မကုန်ရအောင် တားနိုင်တယ်လို့ ဆိုပါတယ်။ အနောက်နိုင်ငံမှာ ဒီနေ့ဆေးခန်းမှာ ဒေါ်လာ ၁၀ဝ သုံးပြီး ဆရာဝန်ပြတာက နောင်မှာ ဆေးရုံတစ်ရက်တက်ခ ဒေါ်လာ ၂၀ဝ၀ ကျော်ကို မကုန်ရလေအောင် တားဆီးလိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘာနောက်ဆက်တွဲမှ မဖြစ်လာခင် ထိရောက်အောင် ကုထားနိုင်ရင် နောင်ကုန်ကျစရိတ်ကို အဆ ‘၂၀’ လောက် ခြိုးခြံချွေတာပေးတာနဲ့ တူညီတယ်လို့ အဓိပ္ပာယ်ရပါတယ်။

ထိရောက်အောင် ကာကွယ်တာဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ အကျိုးရှိတဲ့ ကျန်းမာရေး စောင့်ရှောက်နည်းတစ်ခု ဖြစ်ပါတယ်။
ဒါဆိုရင် ဆီးချိုသွေးချိုရောဂါရဲ့ ဘယ်အဆင့်ကစပြီး ကာကွယ်လိုက်ရင် တစ်သက်တာရဲ့ ကုန်ကျစရိတ်တွေ ဘယ်လို လျော့သွားစေနိုင်သလဲဆိုတာ ဆက်ပြီး ရှင်းပြလိုပါတယ်။

ပထမအဆင့် ကာကွယ်ခြင်း (Primary Prevention) က ဆီးချိုသွေးချိုရောဂါ စတင်ဖြစ်ပွားမလာအောင် တားဆီးတာပဲ ဖြစ်ပါတယ်။

ဒုတိယအဆင့် ကာကွယ်ခြင်း (Secondary Prevention) ကတော့ ဆီးချိုသွေးချို ဖြစ်ပြီးတဲ့သူတွေမှာ ဆင့်ပွားနောက်ဆက်တွဲရောဂါတွေ ဖြစ်ပေါ်မလာအောင် တားဆီးထားတာပဲ ဖြစ်ပါတယ်။

ပထမအဆင့် ကာကွယ်မှုမှာ ဘယ်သူတွေကို ရွေးပြီး ကာကွယ်ရေး ပြုလုပ်ရမလဲ
အဓိကကတော့ ဖြစ်နိုင်မယ့် မျိုးရိုးဗီဇ (Genetic) ဟာ မိမိခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းလျက် ရှိနေပြီးသားဆိုရင်တော့ သက်တမ်းတစ်လျှောက်လုံး ရဲ့ တစ်ချိန်ချိန်မှာ ဆီးချိုသွေးချိုရောဂါ ဖြစ်လာဖို့အလားအလာ အပြည့်ရှိပါတယ်။ မိဘနှစ်ပါးစလုံးဖက်မှာ ဆီးချိုရောဂါ မျိုးရိုးရှိနေရင်တော့ ပိုပြီးဖြစ်ဖို့အလားအလာ များပါတယ်။ စောစော အသက်ငယ်ငယ်ရွယ်ရွယ်မှာ ဖြစ်လာနိုင်ပါတယ်။ ဆီးချိုသွေးချိုဟာ သွေးသားတော်စပ်တဲ့ အမျိုးတွေထဲမှာ နီးစပ်တဲ့အမျိုးမှာရော ဝေးတဲ့အမျိုးမှာပါ တစ်နည်းနည်း ရှိနေကြတော့ နောင်မှာအမျိုးထဲမှာ ဆီးချိုမရှိတဲ့သူရယ်လို့ လိုက်ရှာရင် ရှားပါးလာပါလိမ့်မယ်။ ဒါဆို လူအတော်များများဟာ မျိုးရိုးဗီဇကြောင့် ဆီးချိုဖြစ်လာနိုင်တဲ့ အလားအလာနည်းနည်းလေးပဲဖြစ်ဖြစ် ရှိပါတယ်။ ဆီးချိုမျိုးရိုးမရှိရင်တောင် ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှုတွေကြောင့် ဆီးချိုဖြစ်လာနိုင်ပါ တယ်။

မျိုးရိုးရှိသူတွေမှာ ပတ်ဝန်းကျင်သက်ရောက်မှုရှိလာရင် ပိုပြီးဆိုးပါတယ်။ မိမိရဲ့ စားသောက်နေထိုင်မှုပုံစံ မှားယွင်းနေတာဟာ ဆီးချိုမျိုးရိုးရှိသူတွေကို ဆီးချိုစောစောဖြစ်အောင် ရှေ့ကိုတွန်းပို့ပေးနေသလို ဖြစ်ပြီး မျိုးရိုးမရှိရင်လည်း မမျှော်လင့်ဘဲ ဆီးချိုရောဂါ ပေါ်ပေါက်လာစေနိုင်ပါတယ်။

ဒါကြောင့် ပထမအဆင့် ကာကွယ်ရေးဟာ လူတိုင်းနဲ့ ဆိုင်ပါတယ်။ လူတိုင်း ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေအားလုံးရဲ့ ရှေ့မှာ ‘သိရှိနားလည်မှု’ (Awareness) ပဲလိုပါတယ်။ ကျန်းမာရေးအသိပညာကို လူတိုင်းလေ့လာလိုက်စား သင့်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Most Popular

Healthy Life Ad
To Top