Healthy Life Ad
Health Tips

သင့်ဆယ်ကျော်သက်အရွယ် ကလေးငယ် ပူပင်သောက များနေကြောင်း ပြသသည့် သတိပေးလက္ခဏာ ခြောက်ရပ်

မီမိုး (ဆေးဝါးတက္ကသိုလ်)

လူ ၁၀ ဦးမှာ တစ်ဦးက ပူပင်သောက များနေပြီး ဆယ်ကျော်သက်အရွယ်မှာ ပူပင်သောကများတဲ့ အခါ ပုံမှန်လုပ်ဆောင်နေကျ အပြုအမူတွေမှာ အပြောင်းအလဲတွေ ဖြစ်တာကို လေ့လာတွေ့ရှိ ရပါတယ်။ စာမေးပွဲဖြေဆိုချိန်၊ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေချိန် စတဲ ့စိတ်ဖိစီးမှုများတဲ့ အချိန်တွေမှာ ဆယ်ကျော်သက်တွေဟာ ပူပင်သောကများတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ ဒီအချိန်မှာ ကလေး ကို အားပေးစကားပြောတာ၊ ဆရာဝန်ဆီ ခေါ်သွားတာ စတာတွေကို ပြုလုပ်ပေးပြီး ပုံမှန် စိတ်ခံစားမှု ရအောင် လုပ်ဆောင်ပေးသင့်ပါတယ်။

(၁) နာမကျန်းမှုများ ဖြစ်နေကြောင်း မကြာခဏ ပြောဆိုခြင်း

ဆယ်ကျော်သက်အရွယ်မှာ ပူပင်သောကများ တာက စိတ်ပိုင်းဆိုင်ရာတင်မက ခန္ဓာကိုယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဲဒါကြောင့် ခေါင်းကိုက်တာ၊ ရင်ဘတ်အောင့်တာ၊ မူးဝေတာ စတဲ့ ဝေဒနာတွေ မကြာခဏ ပေါ်နေတတ်ပါတယ်။

(၂) အိပ်မပျော်ခြင်း

သင်ရဲ့ ဆယ်ကျော်သက်အရွယ် သားသမီးက ခါတိုင်းထက် ပိုပင်ပန်းနေရင်၊ အိပ်မောကျဖို့ ခက်ခဲ နေရင် စိတ်ပူတာ ဒါမှမဟုတ် ပူပင်သောကများတာ စတဲ့ အခြေခံ အကြောင်းရင်းရှိလို့ ဖြစ်နိုင်ပါတယ်။

(၃) ထိတ်လန့်တုန်လှုပ်ခြင်း

ပူပင်သောကများတဲ့ ဆယ်ကျော်သက်တွေက နှလုံးခုန်နှုန်း မြန်တာ၊ ချွေးထွက်များတာ၊ ခေါင်းမူးတာ စတဲ့ လက္ခဏာတွေ ခံစားရတတ်ပြီး ဒါက အဒရီနယ်လင် ဟော်မုန်း များတဲ့အတွက် ဖြစ်ရတယ်ဆိုတာ သတိမပြုမိကြပါဘူး။

(၄) စိတ်ခံစားမှု အပြောင်းအလဲ

ဆယ်ကျော်သက် အရွယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အရင်နဲ့ မတူဘဲ စိတ်လှုပ်ရှား လွယ်ရင်၊ စိတ်ထိခိုက်လွယ်ရင် ဒါက ပူပင်သောက များနေတာ ဖြစ်နိုင်ပါတယ်။

(၅) စားသောက်ပုံ အပြောင်းအလဲ

ကလေးရဲ့ စားသောက်ပုံ အမူအကျင့် ပြောင်းလဲသွားပြီး အစာကို မစားဘဲ နေတာ၊ အလွန်အမင်း စားတာ၊ ကိုယ်အလေးချိန် သိသိသာသာ မြင့်တက်တာ / လျော့ကျတာ စတာတွေက စိတ်ပူပင်သောက များနေတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

(၆) လူမှုဆက်ဆံရေး အမူအကျင့် အပြောင်းအလဲ

သင်ရဲ့ ဆယ်ကျော်သက်အရွယ် ကလေးဟာ အရင်က သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ ပျော်ရွှင်သလောက် အခုအခါ သူငယ်ချင်းတွေနဲ့ တွေ့ဆုံရမှာကို စိတ်မပါတော့ရင်၊ ဝါသနာပါတဲ့ အလုပ်ကို မလုပ်ဆောင် လိုတော့ရင် ဒါက ပူပင်သောကများနေတဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top