Healthy Life Ad
Life Style

ဆီးချိုရောဂါက သူဌေးရောဂါလား . .

ပါမောက္ခဒေါ်သန်းသန်းအေး
( ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

ဆီးချိုသွေးချိုရောဂါ ရှိသူတွေဟာ ကမ္ဘာနဲ့တစ်ဝန်းမှာ များပြားလာတာကို လူတိုင်းသတိ ပြုမိပါလိမ့်မယ်။ ဆီးချိုသွေးချိုရောဂါရှင်တစ်ဦး အိမ်မှာရှိပြီဆိုရင် သူ့အတွက်တစ်သက်တာ သုံးစွဲရမယ့်စရိတ်တွေကို ကြိုတင်စဉ်းစား ထားရပါလိမ့်မယ်။ ဆီးချိုဆေးကုရာမှာ လိုအပ်တဲ့ ဆေးဖိုး၊ နောက်ဆက်တွဲ ရောဂါပူးတွဲပြီးပါလာရင် ကုသရမယ့်ဆေးဖိုးတွေ၊ ဆရာဝန်နဲ့ဆေးခန်းစရိတ်၊ ဆေးရုံတက်ရရင် ဆေးရုံတင်စရိတ်. . ဒါတွေဟာ တွက်ချက်ကြည့်ရင် မနည်းပါဘူး။ နေမကောင်းတော့လို့ အလုပ်ကနေ ခွင့်ယူရမယ်၊ အလုပ်နားရမယ်ဆိုရင် ဝင်ငွေဆုံးရှုံးမှာကိုလည်း ကုန်ကျစရိတ်လို ထည့်တွက်ထားရပါလိမ့်မယ်။ မိမိရဲ့ဝင်ငွေသာမက မိမိကိုလိုက်ပြီးပြုစုရမယ့် မိသားစုဝင်တွေရဲ့ အလုပ်ကခွင့်ယူရမယ့် ဒါမှမဟုတ် အလုပ်ပျက်မယ့် ဆုံးရှုံးမှုတွေဟာလည်း ဝင်ငွေလျော့သွားတဲ့ ကုန်ကျစရိတ်တစ်ခုလို တွက်ထားရပါမယ်။ ဒီစရိတ်တွေဟာ တစ်ဦးချင်း၊ မိသားစုတစ်ခုချင်းသာမက တိုင်းပြည်တစ်ခုလုံးနဲ့ ချီပြီးကြည့်ရင်လည်း အဖက်ဖက်မှာ ဆုံးရှုံးမှုတွေအများကြီး ရှိပါတယ်။

ဆီးချိုရောဂါကို ပြုစုကုသရတာ ဘာကြောင့် စရိတ်ကြီးရတာလဲ၊ ဒီလိုကုန်ကျစရိတ်တွေ မကြီးအောင် ဘယ်လို ဝိုင်းဝန်းလုပ်ဆောင်ရင် အကောင်းဆုံး ဖြစ်နိုင်မလဲဆိုတာလေးကို ဆွေးနွေးတင်ပြလိုက်ပါတယ်။

ဆီးချိုသွေးချိုရောဂါဟာ မပျောက်နိုင်တဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် သူ့ကိုတစ်သက်လုံး ပြုစုစောင့်ရှောက်ပြီး ဂရုစိုက်ပေးနေရမယ့် ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရှည်ဖို့ အလေးထားဖို့လိုကြောင်းကို အရင်ဦးဆုံး ပြောလိုပါတယ်။ သူ့ကိုဂရုမစိုက်ရင် သူကကိုယ့်ကိုပြန်ပြီး ဒုက္ခတွေပေးလာတော့မှာ ဖြစ်ပါတယ်။ သူ့အတွက် အချိန်ပေးရမယ်၊ သူ့ကိုနားလည်သိရှိအောင် လုပ်ရမယ်၊ သူ့အတွက်သုံးသင့်တဲ့ ကုန်ကျစရိတ်ကို မနှမျောရဘူး၊ ကုန်သင့်တာ စောစောကုန်ထားမှ၊ သုံးသင့်တာ စောစောသုံးပေးထားမှ နောင်ကျရင် အဆပေါင်းများစွာပိုပြီး အသုံးအဖြုန်းမကြီးအောင် တားဆီးထားနိုင်မှာ ဖြစ်ပါတယ်။

ဆီးချိုသွေးချိုကုတာ စရိတ်ကြီးသလားလို့ မေးရင် ကြီးတယ်လို့ ပြောနိုင်သလို သိပ်မကြီးပါဘူးလို့လည်း ပြောနိုင်ပါတယ်။ သွေးချိုမတက်အောင် ထိန်းသိမ်းရတဲ့ ကုထုံးတချို့က နည်းနည်းဒုက္ခခံရင်တော့ ဘာမှ ကုန်ကျစရိတ်မရှိတဲ့ (FOC –Free Of Charge) ကုထုံးတွေဖြစ်ပါတယ်။ ဒီလိုကုထုံးတွေကို များများ သုံးသင့်ပါတယ်။ ဒါပေမဲ့ ဒါကိုလူတွေက သိပ်အလေးမထား၊ သိပ်မလုပ်ချင်ကြပါဘူး။ အဲဒီကုထုံးကတော့ Lifestyle Charges လို့ခေါ်တဲ့ နေ့စဉ် စားသောက်နေထိုင်ပုံ ပြောင်းလဲခြင်းပါပဲ။ တကယ်တော့ ဆီးချိုသွေးချိုရောဂါဆိုတာ အာဟာရချို့တဲ့ ရောဂါရှိသလို အာဟာရလွန်ကဲတဲ့ ရောဂါပဲဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုဖြစ်နိုင်ခြေရှိရင်၊ ဆီးချိုဖြစ်နေရင် အစားအသောက်တွေကို တတ်နိုင်သလောက် လျှော့ရပါမယ်။ ကယ်လိုရီလို့ခေါ်တဲ့ ခန္ဓာကိုယ်ရဲ့ တစ်နေ့တာအသုံးပြုရမယ့် အာဟာရကနေရရှိမယ့် ခွန်အား အထူးသဖြင့် ကစီဓာတ် (Carbohydrate) နဲ့ အဆီဓာတ် (Fat) တွေကို အဓိကလျှော့ရမှာ ဖြစ်ပါတယ်။ ဒီခန္ဓာကိုယ်ထဲ သွင်းပေးလိုက်တဲ့ ကယ်လိုရီခွန်အားတွေကို တစ်နေ့စာအတွက် တစ်နေ့ကုန်အောင် သုံးပစ်ရပါမယ်။ ပိုလျှံတာမျိုး မရှိစေသင့်ပါဘူး။ ကယ်လိုရီတွေပိုနေရင် (စားတာက ပိုနေရင်) နောင်လိုအပ်ရင် ပြန်သုံးဖို့ အဆီတွေအဖြစ်နဲ့ သိမ်းဆည်းသိုလှောင် ထားကြပါတယ်။ တစ်ရက်မှာ နည်းနည်းလေးပဲ ပိုစားမိပါစေ၊ နှစ်တွေကြာလာတဲ့ အခါအဝင်ပဲရှိပြီး အထွက်မရှိရင် ပိုဝပြီးရင်း ဝလာပါမယ်။ ငွေမကုန်ခမ်းမချင်း တော်တော်နဲ့ ထုတ်မသုံးဖြစ်တဲ့ အတွင်းပစ္စည်းတွေလိုပါပဲ . . ဒီစုဆောင်းနေတဲ့ အဆီတွေဟာလည်း ပြန်ထုတ်သုံးပြီး လျော့သွားဖို့သိပ်မရှိဘဲ ပြန်ပိန်ဖို့ ခက်ခဲလှပါတယ်။

ကယ်လိုရီ (ခွန်အား) တွေကို ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်တဲ့နည်းနဲ့ ဖြုန်းပစ်နိုင်မှ အဆီတွေကို ခွန်အားအဖြစ် ပြန်ထုတ်ယူသုံးစွဲပြီး ပြန်ပိန်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတွေကကုန်သွားတဲ့ ကယ်လိုရီ (ခွန်အား) ကို ချက်ချင်းပြန်စားပြီး ဖြည့်လိုက်ကြတာများလို့ အစားမှာလည်း တတ်နိုင်သလောက်လျှော့နိုင်မှ ပြန်ပိန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစောကြီးမဝခင်ကတည်းက တစ်နေ့တာသုံးဖို့ လိုအပ်တဲ့ ကယ်လိုရီကို လုံလောက်ရုံပဲစားပြီး ဝင်လာသမျှကယ်လိုရီကို အပိုအလျှံမစားဘဲ ကုန်အောင်သုံးဖြုန်း ပစ်ရပါမယ်။ အဝင်လျှော့ပြီး အထွက်ပိုတိုးတာလုပ်ထားမှ တော်ရုံကျပါမယ်။ ကယ်လိုရီကို “ နေ့စား အလုပ်သမား” တွေရဲ့ ဝင်ငွေ / သုံးငွေတွေလိုဖြစ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ “သူဌေးကြီးတွေ” ရဲ့ ဝင်ငွေ / သုံးငွေလိုမျိုး မဖြစ်အောင် ကြိုးစားရပါမယ်။ ဒီလိုကျင့်ကြံတာက ငွေကုန်ကြေးကျမရှိတဲ့အပြင် လျှော့စားလို့ ငွေအကုန်အကျတောင် သက်သာပါတယ်။ လူတွေကတကယ်တော့ လိုတာထက်ပို စားမိကြတာ များနေပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Most Popular

Healthy Life Ad
To Top