Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် အိပ်စက်မှု ပြဿနာ၃

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

အိပ်ရေးတွေပျက်ရင် ပိုပင်ပန်းပြီး ပိုပိန်သွားလိမ့်မယ်လို့ ထင်နေတာကိုး။ တကယ်တော့ အိပ်ရေးမဝရင် ပိုဗိုက်ဆာပြီး ပိုဝလာတတ်တယ်။ အိပ်တဲ့အခါမှာရော . . .

– ယခင်တစ်ပတ်မှအဆက်

အိပ်ရေးမဝခြင်းနှင့် သွေးတိုးရောဂါ ဆက်စပ်ပုံ

အိပ်ရေးမဝရင် ပိုပြီး သွေးတိုးပါတယ်။ ပိုပြီးလည်း စိတ်တိုတတ်ပါတယ်။ ဒီစိတ်ဖိစီးမှု (Stress) တွေကြောင့် အိပ်ရေးပျက်တာ ကြာလာရင် သွေးတိုးဝင်လာနိုင်ပါတယ်။ အိပ်ရေးပျက်ရင် သွေးတိုးသာမက နှလုံးသွေးကြော ပိတ်ပြီး ရုတ်တရက် ဖောက်ပြန်တာ (Heart Attack) နဲ့ လေဖြတ်တာ (Stroke) တွေ အဖြစ်များစေပါတယ်။ အဝလွန်ပြီး အိပ်နေစဉ် ဟောက်လိုက်၊ အသက်ရှူ ခေတ္တရပ်လိုက် ဖြစ်တဲ့ (Sleep Apnoea) ရောဂါနဲ့ နှလုံးကြီးရောဂါ ဆက်စပ်မှုပါ ရှိပါတယ်။ ဒီ Sleep Apnoea  ရောဂါဟာ အထက်မှာ ဖော်ပြပြီးဖြစ်တဲ့ အိပ်ရေးမဝတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေအပြင် အိပ်ရာနိုးချိန်မှာ သွေးဖိအားက ယာယီဆောင့်တက် သွားတတ်ပြီး ရက်လတွေ ကြာလာတော့အမြဲတမ်း သွေးတိုးနေတဲ့ သွေးတိုးရောဂါ  ဖြစ်သွားစေပါတယ်။ သွေးတိုးရောဂါကြောင့် နှလုံးကြီးတာနဲ့ နှလုံးသွေးကြောရောဂါတွေ ထပ်ဆင့်ပွားများ လာစေပါတယ်။ ဒီအိပ်ချိန်မှာ  ဟောက်ပြီး အသက်ရှူ ခေတ္တရပ်တဲ့ Sleep Apnoea  ရောဂါကို ကုသပေးလိုက်ရင်   သွေးတိုးရောဂါလည်း ပြန်ကောင်းသွားတတ်ပါတယ်။

အိပ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါ

တစ်ရက်တည်း အိပ်ရေးပျက်ရင်တောင် စိတ်တိုတယ်၊ စိတ်လှုပ်ရှားလွယ် တတ်ပါတယ်။ (Irritable and moody) ဝမ်းနည်းလွယ်တယ်၊ ဒေါသထွက် လွယ်တယ်။ ဒီလိုရက်တွေ ကြာလာရင် စိတ်ဓာတ်ကျတာ၊ စိုးရိမ်မှုလွန်ကဲတဲ့ ရောဂါ၊ မိမိကိုယ်မိမိ ယုံကြည်မှုနည်းတာတွေ ဖြစ်လာတတ်ပါတယ်။ စိတ်ဖိစီးမှုဒဏ် မခံနိုင်ဘဲ စိတ်ဓာတ်စွမ်းအားကုန်တာ (Mentally exhausted)   ဖြစ်လာပါမယ်။ တစ်ညကို ၄ နာရီလောက်ပဲ အိပ်တဲ့သူတွေလို လေ့လာကြည့်တဲ့အခါ (Optimism and Sociability)  အကောင်းမြင် စိတ်ဓာတ်နဲ့ ပေါင်းသင်းဆက်ဆံရေး ဆုပ်ယုတ်သွားတာ တွေ့ရပြီး အိပ်ရေးဝအောင် အိပ်စက်တဲ့နည်းနဲ့ ဒီချို့ယွင်းချက်တွေ   ပြန်လည်ကောင်းမွန် ပျောက်ကွယ်သွားတာကို လေ့လာတွေ့ရှိရပါတယ်။

အိပ်ခြင်းနှင့် ကိုယ်ခံအား

(Immune Function)

လူတွေဖျားရင်၊ နေမကောင်းဖြစ်ရင် အိပ်ရာထဲမှာ လဲလျောင်းအနားယူနေတတ်ပြီး အအိပ်များကြတာဟာ သဘာဝဖြစ်စဉ်တစ်ခုပဲ   ဖြစ်ပါတယ်။ ရောဂါပိုးတွေကို တိုက်ခိုက်တဲ့ ကိုယ်ခံအားစနစ် (Immune System)  က စစ်ထုတ်လိုက်တဲ့ ဓာတ်ပစ္စည်းတွေကလည်း အိပ်ချင်တာ၊ နုံးချည့်တာ (Fatigue) ကို ဖြစ်စေပါတယ်။ နေမကောင်းစဉ် အိပ်နေတာက ကောင်းကျိုးတွေကို ရရှိစေနိုင်ပါတယ်။ ပိုးဝင်ပြီး ဖျားနေသူတွေမှာ ပိုအိပ်ပျော်တဲ့ လူနာတွေက အိပ်မပျော်တဲ့ လူနာတွေနဲ့စာရင် ပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်ပြီး နေကောင်းတာ ပိုမြန်ပါတယ်။ တိရစ္ဆာန်တွေမှာ ပိုးဝင်အောင်လုပ်ပြီး လေ့လာကြည့်တော့လည်း နေမကောင်းစဉ် နှစ်ခြိုက်စွာ နားနေ၊ အိပ်နေတဲ့ တိရစ္ဆာန်ဟာ ရောဂါပိုးကို သဘာဝ ကိုယ်ခံအား (Immunity) နဲ့ ပိုမိုတိုက်ထုတ်နိုင်ပြီး အသက်ပိုရှင်တာ တွေ့ရပါတယ်။ အိပ်ရေးပျက်လို့ ပိုဝပြီး သွေးချိုများလာတဲ့ လူနာတစ်ဦးအကြောင်းကို မှတ်သားဖွယ်ရာအဖြစ် တင်ပြလိုက်ပါတယ်။

ဦးပွကြီးက အသက် ၅၈နှစ်အရွယ် စီးပွားရေးကောင်းနေတဲ့ ဆီးချိုသွေးချို လူနာတစ်ဦး ဖြစ်ပါတယ်။ မိသားစုလိုက် အဝလွန်ပြီး တစ်မျိုးလုံး ဆီးချိုသွေးချို ရောဂါဖြစ်နေကြတာပါ။

ဦးပွကြီးက BMI အသားကျစ်နှုန်း ၃၅ကျော်နေတော့ ဒီသွေးချိုနဲ့ သွေးတိုးတွေထိန်းရတာ တော်တော် ခက်နေတာပေါ့။ ကိုယ်အလေးချိန်   လျော့ကျအောင် ဝိတ်ချမယ့် အစီအစဉ်လုပ်ပေးမယ်။ ဝိတ်ကျဖို့ ဘယ်လိုကြိုးစားခဲ့ဖူးသလဲ ပြောပါဦးလို့ ဦးပွကြီးကို မေးကြည့်လိုက်တော့-

ကျွန်တော်စာတွေ လေ့လာထားလို့ ဝိတ်များတာရဲ့ ဆိုးကျိုးတွေကို သိပါတယ် ဆရာမ. . ဝိတ်ကျအောင် အစားလျှော့စားတယ်။ လမ်းလည်းလျှောက်တယ်။ ဝိတ်ကျတဲ့ ဝမ်းထဲ အဆီပါသွားတဲ့ ပိန်ဆေးတွေလည်း သောက်နေတာပဲ။ မပိန်တဲ့အပြင် ပိုဝလာလို့ စိတ်ပျက်ပါတယ် ဆရာမရယ်။ အခု အလုပ်ကများပြီး ညညမအိပ်ဘဲ အလုပ်တွေရှုပ်နေတာ။ အိပ်ရေးမဝလို့ ပိုပိန်သွားရင်လည်း   ကောင်းတာပဲလို့ ဦးပွကြီးက ဖြေပါတယ်။

ဦးပွကြီးက အိပ်ရေးတွေပျက်ရင် ပိုပင်ပန်းပြီး ပိုပိန်သွားလိမ့်မယ်လို့ ထင်နေတာကိုး။ တကယ်တော့ အိပ်ရေးမဝရင် ပိုဗိုက်ဆာပြီး ပိုဝလာတတ်တယ်။ အိပ်တဲ့အခါမှာရော အရမ်းဟောက်တတ်သလား . . အိမ်သားတွေ ဘာပြောကြလဲ

ကျွန်တော်အိပ်ရင် အရမ်းဟောက်တတ်လို့ ကျွန်တော့မိန်းမပါ အိပ်ရေးပျက်နေတယ် . .

ဒါဆို အိပ်နေတုန်း အသက်ရှူရပ်သွားတဲ့ ရောဂါ (Sleep Apnea) များဖြစ်နေမလား။ ဒါကို ဟုတ်၊ မဟုတ်တိုင်းတဲ့ စနစ်နဲ့ အသက်ရှူနှုန်း၊   နှလုံးခုန်နှုန်းနဲ့၊ သွေးထဲမှာ အောက်ဆီဂျင်ပြည့်မှုရှိ၊ မရှိ တိုင်းကြည့်လိုက်ပါ။ ဒီရောဂါဟုတ်တယ်ဆိုရင် လေမှုတ်သွင်းပေးတဲ့ စက်တပ်ပြီး အိပ်ရင် သွေးချိုတွေလည်း ပြန်ပြီးထိန်းလို့ လွယ်သွားမှာပါ

အိပ်ချိန်မမှန်တာ၊ အိပ်ရေးမဝတာကြောင့် ပိုဝလာမယ်၊ ဆီးချိုသွေးချိုတွေ ပိုများလာတတ်တာ အခုမှ ကြားဖူးတော့တယ်။ ဒါဆိုကျွန်တော်ကြိုးစားပြီး ဆရာမ ညွှန်ကြားတဲ့အတိုင်း အိပ်ရေးဝအောင် လုပ် ကြည့်လိုက်ပါမယ် . .

မှတ်ချက်

(၁) အချိန်ပြည့်မအိပ်တာနဲ့ နှစ်နှစ်ခြိုက်ခြိုက် ပြည့်ပြည့်ဝ၀ မအိပ်တာတွေက ကျန်းမာရေးအတွက် ဆိုးကျိုးတွေ အများကြီးဖြစ်လာနိုင် ပါတယ်။

(၂) ဝတဲ့သူတွေ အိပ်ရေးမဝတာဖြစ်တတ်သလို အိပ်ရေးမဝသူတွေဟာ ပိုပြီးဝလာတတ်ပါတယ်။

(၃) အိပ်ရေးမဝတာက အထူးသဖြင့် ဆီးချို သွေးချိုရောဂါကို ပိုပြီးဖြစ်စေပါတယ်။ ဆီးချိုသွေးချို ရောဂါရှိပြီးသူတွေ အိပ်ရေးမဝရင်လည်း   သွေးချို ထိန်းရတာ ပိုခက်ခဲတတ်ပါတယ်။

(၄) ဒါကြောင့် အိပ်ချိန်ကို အလေးထားပါ။ အိပ်ရေးဝအောင် ကြိုးစားပါ။ အိပ်ရေးမဝတဲ့ ရောဂါ ဖြစ်နေရင်လည်း မိမိရဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူပါ။

Most Popular

Healthy Life Ad
To Top