Healthy Life Ad
Life Style

ဆီးချိုသွေးချို ကာကွယ်လို့၊ အနာဂတ်ဘဝ သာယာဖို့၊ ယနေ့စတင် ဆောင်ရွက်စို့

ပါမောက္ခဦးကိုကို ဆီးချိုနှင့်အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး

၁၉၂၁ ခုနှစ်၊ အောက်တိုဘာလမှာ အင်ဆူလင် ဟော်မုန်းဓာတ်ကို Charles Best ဆိုသူနဲ့ အတူစတင် ရှာဖွေတွေ့ရှိနိုင်ဖို့ အကြံဉာဏ် စတင်ခဲ့သူ Frederick Banting ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့အား “ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့” အဖြစ် ရွေးချယ်သတ်မှတ် ခဲ့ကြပါတယ်။

ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ် ထိန်းသိမ်းရေးနေ့ ဆိုတာ ဘာလဲ

ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ် ထိန်းသိမ်းရေးနေ့ ဆိုတာ ဆီးချိုသွေးချိုရောဂါကို ပိုမို သတိမူလာကြရေး အတွက် မူလရည်ရွယ်ဖို့ ကမ္ဘာတစ်လွှား ပြုလုပ်တဲ့ လှုပ်ရှားမှုတစ်ရပ် ဖြစ်ပါတယ်။ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့က တရိပ်ရိပ် မြင့်တက်လာတဲ့ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနှုန်းကို ထိန်းသိမ်းဖို့ အခုကစပြီး အရေးယူဆောင်ရွက်မှု စတင်အောင် သတိပေးနေတဲ့ အရေးပါလှတဲ့ အထိမ်းအမှတ် နေ့တစ်နေ့ ဖြစ်ပါ တယ်။

ဆီးချိုသွေးချိုရောဂါကို ကာကွယ်သော နည်းလမ်းများ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားသုံးတာ၊ ကိုယ်ကာယ လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်တာ၊ ကိုယ်အလေးချိန်ကို အဝမလွန်အောင် ထိန်းတာတို့ လိုက်နာရပါမယ်။ တစ်နေ့မှာ မိနစ် ၃၀ ခန့် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တဲ့နည်းနဲ့ အမျိုးအစား (၂) ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားမှုနှုန်း ၄၀ ရာခိုင်နှုန်း လျော့ကျ စေနိုင်ပါတယ်။

ဆီးချိုသွေးချို ရောဂါ၏ သတိပေးလက္ခဏာများ

ဆီးချိုသွေးချို ရောဂါအန္တရာယ်က လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဆီးချိုသွေးချို ရောဂါရဲ့ သတိပေးလက္ခဏာတွေ ရှိ/မရှိ သတိထား စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ အဲဒါကတော့ ဆီးခဏခဏ သွားတာ၊ ရေအငတ်လွန်တာ၊ ဆာလောင် မွတ်သိပ်နေတာ၊ ပိန်သွားတာ၊ နုန်းချည့် နေတာ၊ ပတ်ဝန်းကျင်အား စိတ်ဝင်စားမှု မရှိတာ၊ စိတ်အာရုံစူးစိုက်မှု မရှိတာ၊ အန်တာ၊ ဗိုက်နာတာ၊ ခြေလက်များထုံတာ၊ ကျဉ်တာ၊ အမြင်အာရုံဝါးတာ၊ အနာတွေ မကြာခဏ ပေါက်တာ၊ အနာကျက်ခဲတာ စတဲ့လက္ခဏာတွေ ပြတတ်ပါတယ်။ ဒီသတိပေး လက္ခဏာတွေ သိသာထင်ရှားစွာ မပြဘဲနဲ့လည်း အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ ဖြစ်နေနိုင်ပါတယ်။

ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေ များသူများ
မိသားစုဝင်ထဲ၌ ဆီးချိုသွေးချိုရောဂါ ရှိတာ၊ ကိုယ်အလေးချိန် များလွန်းတာ၊ အထူးသဖြင့် ဝမ်းတွင်းအဆီ များလွန်းတာ၊ အသက် ၄၅ နှစ်အထက် ဖြစ်တာ၊ ကိုယ်ကာယ လှုပ်ရှားမှုနည်းပါးတဲ့ လူ့ဘဝနေထိုင်မှုဟန်တွေ ရှိတာ၊ အရင်က ကိုယ်ဝန်ဆောင်စဉ် ဆီးချို သွေးချိုရောဂါ ရှိခဲ့ဖူးတာ၊ အရင်က ဆီးချိုသွေးချိုရောဂါ ကနဦးအဆင့်တွေ ရှိတယ်လို့ စမ်းသပ်သတ်မှတ် ခံထားခဲ့ရတာတို့ ဖြစ်ကြပါတယ်။

ဆီးချိုသွေးချိုရောဂါ ဘာကြောင့် ကြောက်စရာ ကောင်းတာလဲ
သေချာမကုရင် အချိန်မတိုင်မီ စောပြီး သေဆုံးစေနိုင် ပါတယ်၊ ဆီးချိုသွေးချို ရောဂါရှင်တစ်ဦးဟာ ၁၀ နှစ်အထိ သက်တမ်းပိုတို နိုင်ပါတယ်၊ အသက်ရှင်နေစဉ်မှာလည်း ကိုယ်ခန္ဓာမှ အင်္ဂါတွေ ထိခိုက်ပျက်စီးပြီး လူစဉ်မမီဘဲ ဖြစ်နိုင်ပါတယ်။ ဆီးချိုသွေးချို ရောဂါက ဆေးကုသမှုစရိတ် အကြီးဆုံး ရောဂါတစ်ခု ဖြစ်ပါတယ်။ (ရောဂါကုသ စရိတ်မက ရောဂါရှင်ကို ပြုစုတဲ့အတွက် မိသားစု ဝန်ထုပ်ဝန်ပိုးတွေကိုပါ ဖြစ်စေပါတယ်။) ဆီးချိုသွေးချို ရောဂါက မိသားစုတစ်ခုချင်းကို စီးပွားရေးအခြေ မခိုင်စေဖို့ ဆင်းရဲတွင်းကို တွန်းပို့ပေးနိုင်ပါတယ်။ ဆီးချိုသွေးချို ရောဂါက “အသံတိတ် လူသတ်သမား” ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ၁၀စက္ကန့်တိုင်း
ဆီးချိုသွေးချို ရောဂါကြောင့်
လူတစ်ဦးနှုန်း သေဆုံးနေကြ
ပါတယ်။ ကမ္ဘာပေါ်မှာ ၁၀
စက္ကန့်တိုင်းမှာ လူနှစ်ဦး
ဆီးချိုသွေးချိုရောဂါ စတင်
ဖြစ်ပွား နေကြပါတယ်။
စက္ကန့် ၃၀ တိုင်းမှာ
ဆီးချိုသွေးချို ရောဂါကြောင့်
လူတစ်ဦး မသန်စွမ်း
ဖြစ်နေကြရပါတယ်။
မြန်မာနိုင်ငံမှာ လူ ၁၀ဝ
ယောက်မှာ ၆ ယောက်
ဆီးချိုသွေးချိုရောဂါ
ဖြစ်နေပြီ။

သင်ရော ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်စေသော အကြောင်းအရာများ ရှိနေပြီလား

– ဆီးချိုသွေးချို မျိုးရိုးရှိသူတွေ၊ (ဖေဖေချို၊ မေမေချို၊ ဖိုးဖိုးချို၊ ဖွားဖွားချိုဆိုရင် သေချာတယ် . . သင်ချိုနိုင်ခြေ သုံးပုံနှစ်ပုံ များလာပြီ)

– ကိုယ်လက်လှုပ်ရှားမှုနည်းရင်(တစ်ရက်ကို နာရီဝက်အနည်းဆုံး ကိုယ်လက်လှုပ်ရှားမှု မလုပ်နိုင်ရင် သေချာတယ် . . သင်ချိုနိုင်ခြေ သုံးပုံနှစ်ပုံ များလာပြီ)

– သွေးတွင်းအဆီတွေ များနေသူ၊ သွေးတိုးရောဂါ ရှိသူ (အဝလွန်ရောဂါနဲ့ သွေးတိုးနေရင် သေချာတယ် . . သင်ချိုနိုင်ခြေ သုံးပုံနှစ်ပုံ များလာပြီ)

– သင် အသက် ၄၀ ကျော်ရင် (သင်အသက် ၄၀ ကျော်ရင် သေချာတယ် . . သင်ချိုနိုင်ခြေ သုံးပုံ နှစ်ပုံ များလာပြီ)

အရေးကြီးတာက အဲဒါတွေမရှိလည်း လူတိုင်း ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ပါတယ်။ အဲဒီလူတွေက ဖြစ်နိုင်ခြေ ပိုများတာသာ
ဖြစ်ပါတယ်။
ဆီးချိုသွေးချိုရောဂါက အသက်အရွယ် မရွေး၊ လူမျိုးမရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ တောရောမြို့ပါ မကျန် ဖြစ်နိုင်
ပါတယ်။ ဆီးချိုသွေးချိုရောဂါကို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ် နိုင်ပါတယ်။ ဆီးချိုသွေးချို ရောဂါကို အနည်းဆုံး ၅၀ ရာခိုင်နှုန်း
ကာကွယ်နိုင်ပါတယ်။ ဖြစ်ခဲ့ရင်လည်း ပျောက်လည်း မပျောက်နိုင်၊ တစ်သက်လုံး ကိုယ်နဲ့အတူရှိသွားမယ့် ဆီးချိုသွေးချိုရောဂါကို စိတ်ရှည်ရှည်နဲ့ ထိန်းသိမ်းသွားဖို့ လိုပါတယ်။

ဆီးချိုကို ဘယ်လို စစ်ဆေးသင့်သလဲ
ဆီးချိုသွေးချို ရောဂါဟာ မျိုးရိုးလိုက်ပြီး ဖြစ်နိုင်သလို လူတိုင်းဖြစ်နိုင်တဲ့ အတွက်ကြောင့် ဆီးချိုသွေးချို ရောဂါရှိမရှိ အစောဆုံး တတ်နိုင်သမျှ ရှာဖွေဖော်ထုတ်ဖို့ လိုပါတယ်။ အသက် ၄၀ ကျော်သူတိုင်း သွေးတွင်းသကြားဓာတ် ပမာဏကို အနည်းဆုံး တစ်နှစ်မှာ တစ်ကြိမ် စစ်ဖို့လိုပါတယ်။ တကယ်လို့ မိဘမျိုးရိုးမှာ ဆီးချိုသွေးချိုရောဂါ ရှိပါက ဒီ့ထက်စောပြီး စစ်ဖို့လိုပါတယ်။ သွေးတွင်းသကြားဓာတ်က အစာမစားခင် စစ်ရင် ၉၀-၁၃၀ mg/d1 ၊ အိပ်ရာမဝင်မီ စစ်ရင် ၁၁၀-၁၅၀ mg/d1 ၊ အစာစားပြီး ၂ နာရီမှာ စစ်ရင် ၁၂၀-၁၈၀ mg/d1 အတွင်းမှာ ရှိရမှာဖြစ်ပါတယ်။ HbA1C (၃လပျမ်းမျှအချိုဓာတ်)ကို သုံးလကြာတဲ့အခါ စစ်ဆေးသင့်ပြီး ရှိသင့်တဲ့ ပမာဏမှာ ၇ ရာခိုင်နှုန်းအောက် ရှိရမှာဖြစ်ပါတယ်။

ဆီးချိုရှိရင် နောက်ဆက်တွဲရောဂါ ရှိ၊ မရှိ ဘယ်လိုစစ်သင့်သလဲ
နောက်ဆက်တွဲ ရောဂါတွေဝင်ရောက်မှု ရှိ၊ မရှိကို နှစ်စဉ် စစ်ဆေးရပါမယ်။ ဥပမာအားဖြင့် ဆီးချိုသွေးချိုရောဂါကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှု ရှိ၊ မရှိကို သိအောင် ဆီးထဲရှိ အသားဓာတ် ပါဝင်မှုကို စစ်ဆေးတာ၊ အမြင်အာရုံ ထိခိုက်မှုရှိ၊ မရှိ သိအောင် မျက်စိအထူးကု ဆရာဝန်နဲ့ ပြသစစ်ဆေးတာ၊ နှလုံးထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးတာ . .စတာတွေကို အမြဲလုပ်ဆောင် သွားရပါမယ်။

Most Popular

Healthy Life Ad
To Top