Healthy Life Ad
Life Style

မသန့်ရှင်းတဲ့ အပြင်စာတွေကို စားဖန်များရင် ဘယ်လို ဆိုးကျိုးတွေ ရတတ်သလဲ . .

၊ ဇွန်ခိုင်ဦး ၊(ဆေးဝါးတက္ကသိုလ်)

အဆောင်တွင်နေသည့် ကိုမင်းမင်းတစ်ယောက် မနက် မနက် အလုပ်ချိန် ၉ နာရီရောက်အောင် ပြေးလွှား သွားလာနေရသည့်အတွက် ထမင်း၊ ဟင်း ချက်ပြုတ်ဖို့ အချိန်မပေးနိုင်။ မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ကမန်းကတမ်း ထရသည်။ ရေချိုး၊ အဝတ်အစားလဲပြီး ရုံးသို့အချိန်မီရောက်ရေး ဘတ်စ်ကားဂိတ်သို့ ပြေးရသည်။ မဟုတ်လျှင် ဒီလို ကားကျပ်ပုံမျိုးနှင့် ရုံးကို အချိန်မီရောက်ဖို့ မလွယ်ရေးချ မလွယ်ပါ။ ရုံးရောက်တော့မှ အရေးကြီး အလုပ်လေးတွေလုပ်ပြီး မနက်စာကို ကော်ဖီတစ်ခွက်လောက် ဖျော်သောက်ရသည်။ နေ့ခင်းတွင် တဂွီဂွီမြည်လာသော သမုဒ္ဒရာဝမ်းတစ်ထွာအတွက်
နေ့လယ်စာစားဖို့ လမ်းဘေးဆိုင်လေးတွေဆီ ပြေးရသည်။ လမ်းဘေးဆိုင်တွေမှာ ဘယ်ဆိုင်က ဈေးအသက်သာဆုံးလဲ ဆိုတာ ဒီရုံးမှာ လုပ်သက်နှစ်နှစ် ရှိပြီဖြစ်သည့် ကိုမင်းမင်း သိပြီးသား၊ သို့ရာတွင် လခထုတ်ရက်တွင် ဈေးကြီးသော်လည်း သန့်ပြန့်သည့် လမ်းဘေးဆိုင်ကို ရွေးစားဖြစ်ပြီး လကုန်ခါနီး ဆိုလျှင်တော့ အဝစား ငါးရာဆိုတာလောက်နှင့် ကြိတ်ရ တော့သည်။ အစပိုင်းကတော့ ဒီလိုအစာတွေစားပြီး ကိုမင်းမင်း ဝမ်းလျှောသလိုလို၊ ဗိုက်နာသလိုလို ဖြစ်ဖူးသေးသည်။ နောက်တော့လည်း နေသွားကျသွားလို့လား မသိ။ ဘာမှ မဖြစ်တော့။ သို့သော် အပြင်စာတွေကို နှစ်ချီလများ စားလာချိန်တွင် ကိုမင်းမင်း သူ့ခန္ဓာကိုယ်ထဲ ဘာဖြစ်လာနိုင်သလဲ ဆိုတာ သိချင်လှတော့သည်။ကိုမင်းမင်းတို့ကဲ့သို့ အပြင်စာများကို အစားများသူတို့အတွက် အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က –

“မသန့်ရှင်းတဲ့ အပြင်စာတွေမှာ များသောအားဖြင့် မသန့်တာတွေ များတတ်ပါတယ်။ အဲဒီတော့ နံပါတ် (၁) အချက်အနေနဲ့ အီးကိုလိုင်ပိုး (E.coli) ရတတ်ပါတယ်။ ပြီးတော့ ဆာမိုနဲလား၊ ရှီဂဲလား စတဲ့ ပိုးတွေ ရတတ်ပါတယ်။ အဲဒီတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်တတ်ပါတယ်။

နံပါတ် (၂) အချက်အနေနဲ့ တချို့ အပြင်စာတွေမှာ ဓာတုပစ္စည်း (Chemical)တွေ ပါတတ်တဲ့အတွက် အစာနဲ့ ဓာတ်မတည့်တာ (Food Allergy) ဖြစ်တတ်ပါတယ်၊ အစာအဆိပ် သင့်တတ်ပါတယ်။ အဲဒီတော့ အော့အန်တာ၊ ဝမ်းပျက်တာ စတာတွေ ဖြစ်တတ်ပါတယ်။

နံပါတ် (၃) အနေနဲ့ အပြင်စာ အများစုက ဆီမသန့် တတ်ပါဘူး။ အကြော်ခံဆီလို မသန့်တဲ့ ဆီတွေကို သုံးပြီး ချက်ပြုတ် ရောင်းချလေ့ ရှိတဲ့အတွက် များများစားရင် သွေးတွင်း ကိုလက်စထရောတွေ တက်လာ တတ်ပါတယ်။ ပြီးတော့ ဆီးချိုသွေးချို ရောဂါ တွေလည်း ဖြစ်လာနိုင်သလို ကင်ဆာ အန္တရာယ်လည်း ရှိနေပါတယ်။

နံပါတ် (၄) အချက်အနေနဲ့ပြောရရင် အပြင်စာတချို့က အချိုမှုန့်တွေကို ပေါပေါ များများ ထည့်တတ်ကြပါတယ်။ အဲဒီအတွက် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကိုလက်စထရော များတာနဲ့ ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ပါတယ်” ဟု သတိပေး ပြောကြားထားသည်။ တစ်ခါတလေ နယ်က အမေက ကိုမင်းမင်းအတွက် စားရေးသောက်ရေး အဆင်ပြေစေဖို့ အကြော်အလှော်တွေ ပို့ပေးတတ်သည်။ အမေကတော့ သားဖြစ်သူအတွက် ဆီသန့်သန့်နဲ့ သေချာကြော်လှော် ပေးလိုက်သော်လည်း တကယ်တမ်း ကြာကြာအထားမခံ၊ မှိုတက်လာသဖြင့် သွန်ပစ်လိုက်ရတာ များသဖြင့် နောက်ပိုင်းတွင် အမေ့ကို “ကျွန်တော် စားရတာ အဆင်ပြေတာမို့ အလုပ်ရှုပ်ခံပြီး ပိုမပေးပါနဲ့” ဟုသာ တားလိုက် ရတော့သည်။

‘ဝက်သားကြော်၊ အမဲကြော်စတဲ့ အစာတွေကလည်း အလွန်ဆုံး တစ်ပတ်ထက် ပိုပြီး မစားသင့်ပါဘူး။ ပုံမှန်ကြော်ထားတဲ့ အသားကြော်
ဆိုရင် အသားထဲက အရည်တွေ ထွက်သွားပါတယ်။ အဲဒီလို အသားရည်တွေ ထွက်ပြီး ခြောက်အောင် ကြော်ထားရင် တစ်ပတ်လောက် ခံပါတယ်။ အသားထဲက အရည်တွေ အကုန်မထွက် သွားဘူးဆိုရင် အလွန်ဆုံး သုံးရက်လောက်ပဲ ခံပါတယ်။ မဟုတ်ရင် မှိုတက် နေနိုင်ပါတယ်” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

ရသည့်လစာ တစ်သိန်းကျော်လေးဖြင့် ရန်ကုန်မြို့ကြီးတွင် အဆောင်စရိတ်၊ စားစရိတ်၊ သွားလာစရိတ်၊ သာရေးနာရေးစရိတ် စသည့် အထွေထွေစရိတ်များဖြင့် ဘဝဖြတ်သန်းနေရသော ကိုမင်းမင်းတစ်ယောက် အချက်အပြုတ်တော်သော ဇနီးမယားယူပြီး လုပ်ကျွေးဖို့ကလည်း မတတ်နိုင်သေးပေ။ “ဖြစ်နိုင်ရင် ကိုယ့်ဘာသာ အိမ်မှာ ဆီသန့်သန့်နဲ့ အချိုမှုန့်၊ ကြက်သားမှုန့်တွေ မထည့်ဘဲ အရသာရှိအောင် ဆားနဲ့သကြား နည်းနည်းထည့်ပြီး အချိန်ပေးချက်ပြုတ် စားသောက်သင့်ပါတယ်” ဟု ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြုထားသော်ငြား ကိုမင်းမင်းအတွက် ကိုယ်တိုင် ချက်ပြုတ်ဖို့ကလည်း အချိန်မပေးနိုင်၊ ချက်လည်း မချက်တတ်။ အပြင်စာများကို နှစ်ရှည်လများ စားပြီး ရောဂါထူပျော လာမည်ကိုလည်း စိုးရိမ်နေမိ၏။ ကိုမင်းမင်း တစ်ယောက် ဘာလုပ်သင့်သနည်း. .။

နောက်ဆုံးတွင်တော့ စားသုံးသူများကို အမှန်တကယ် စေတနာထားပြီး သန့်ရှင်းလတ်ဆတ်စွာ ချက်ပြုတ်ရောင်းချ သူများသာ
ပေါ်လာပါစေဟု ကိုမင်းမင်း လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုနေ မိတော့သည်။

Most Popular

Healthy Life Ad
To Top