Healthy Life Ad
Health Tips

လူကြားထဲမှာ စကားပြောဆိုတတ်တဲ့ ကလေးဖြစ်အောင်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

မိဘတွေက သားသမီး မွေးဖွားလာချိန်မှာ ကိုယ်လက်အင်္ဂါ စုံရဲ့လား၊ ကျန်းမာရဲ့လား စတာတွေကို စတင်ပူပင်ရတတ်ပါတယ်။ သွားပေါက် နောက်ကျရင်လည်း စိတ်ပူရပြန်သလို လမ်းလျှောက် နောက်ကျရင်လည်း လမ်းမှ လျှောက်တတ်ပါ့မလား ပူပင်ရပြန်ပါသေးတယ်။ စကား ပြော နောက်ကျနေပြီဆိုရင် ဉာဏ်ရည်ဖွံ့ဖြိုးမှု နည်းလို့လား၊ စကားပြောတတ်ပါ့ မလားဆိုကာ ဆရာဝန်ဆီ ပြေးရပြန်ပါတယ်။ အသက် လေးနှစ်အရွယ်လောက် ဆိုရင်တော့ ကလေးတွေက စကားကောင်းကောင်း ပြောတတ်လာပါပြီ။ အဲဒီအရွယ်ကနေ စပြီး လူကြီးတွေကို အတုယူပြီး စကားကြီး စကားကျယ်တွေကိုလည်း ပြောလာတတ်တဲ့ အရွယ်ရောက်လာတော့ တခြားသူတွေနဲ့ မွန်မွန်ရည်ရည် ပြောဆိုတတ်ဖို့ သင်ကြား ပေးသင့်ပါတယ်။ ဒါမှသာ လူကြားထဲမှာ ချစ်စရာကောင်းတဲ့ ကလေးတစ်ယောက်အဖြစ် လူချစ်လူခင် များနေမှာပါ။

– နားထောင်တတ်ရန် သင်ပေးပါ
စကားပြောဆိုတယ်ဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆက်သွယ်မှု တစ်ခုပါ။ အဲဒီအချိန်မှာ ပြောတာထက် နားထောင်တတ်ဖို့ အရေးကြီးပါတယ်။ ကလေးကို ကိုယ်စကားပြောနေစဉ်မှာ တခြားသူကို နားထောင်စေချင်တယ်ဆိုရင် တခြားသူကလည်း သူပြော နေတဲ့ စကားတွေကို ကိုယ့်ကို နားထောင်စေချင်မှာ ဖြစ်ကြောင်း ပြောပြရပါမယ်။ အိမ်မှာလည်း မိဘအချင်းချင်း ဖြစ်ဖြစ်၊ ကလေးနဲ့ စကားပြောနေတဲ့ အချိန်မှာဖြစ်ဖြစ် အရေးတယူ နားထောင်ပေးတဲ့ အကျင့်ရှိကြောင်း ကလေးသိအောင် ပြပါ။ ကလေးကို စကားပြောတဲ့ အခါမှာလည်း အရေးတယူ နားထောင်ပေးဖို့ လိုပါတယ်။

– စကားဖြတ်မပြောရန် သင်ပေးပါ
လူကြီးမိဘတွေရဲ့ အာရုံစူးစိုက်မှု ရလိုတဲ့ ကလေးတွေက လူကြီးတွေ စကားပြောနေချိန်မှာ ကြားဖြတ်ပြီး အော်ဟစ်ပြောဆို တတ်ပါတယ်။ အဲဒီအခါမှာ လူကြီးတွေက သူတို့ ပြောစကားကို ပြန်လည် အလေးထားလိုက်ရင် နောက်ပိုင်းမှာလည်း ဒါမျိုးကို ထပ်ခါတလဲလဲ လုပ်နေမှာပါ။ လုပ်သင့်တဲ့ အရာက နောက်တစ်ကြိမ် သင်စကားပြောနေတုန်း ကလေးက စကားဖြတ်ပြောလာရင် “ခဏနေဦး”ဆိုတဲ့ သဘောနဲ့ လက်ပြလိုက်ပါ။ ကိုယ်ပြောစရာရှိတာကို ပြီးဆုံးအောင် ဆက်ပြောပြီးမှ သူ့အတွက် စကားပြောခွင့် ပေးပါ။ စကားဖြတ် ပြောတာက ရိုင်းပြတဲ့ အပြုအမူဖြစ်ကြောင်း သင်ပေးထားပါ။ သင်စကားပြောနေချိန်မှာ ကလေးက စိတ်မရှည်တဲ့ အမူအရာနဲ့ စကားဖြတ်ပြောတိုင်း သူပြောတာကို နားမထောင်လိုက်ပါနဲ့။ “မေမေ စကားပြောနေတာ မပြီးသေးဘူးလေ” ဆိုတာမျိုး ဟန့်လိုက်ပါ။ နောက်ပိုင်းမှာ တစ်ဖက်သား စကားပြောလို့ မပြီးသေးရင် ကြားဖြတ်မပြောသင့်ဘူး ဆိုတာ သူတဖြည်းဖြည်း နားလည် သဘောပေါက် သွားမှာပါ။ ကလေး စကား ပြောတဲ့ အခါမှာလည်း ပြီးဆုံးအောင် နားထောင်ပြီးမှ သင်ပြောတဲ့ အကျင့်လုပ်ဆောင်ပေးပါ။

– စကားကို တိုးတိုးသက်သာ ပြောခိုင်းပါ
လူကြားထဲမှာ စကားကို တိုးတိုးသက်သာ ပြောတတ်စေဖို့ အိမ်မှာကတည်းက စကားတိုးတိုး ပြောတတ်အောင် သင်ပေးထားပါ။ အိမ်မှာ လူကြီးမိဘတွေက စကားကျယ်ကျယ် ပြောတာ၊ တီဗီကျယ်ကျယ် ဖွင့်တာ၊ ရေဒီယိုကျယ်ကျယ် ဖွင့်တာ စတဲ့ အပြုအမူတွေရှိရင် ကလေးကလည်း စကားကျယ်ကျယ် ပြောတတ်ပါတယ်။

– ယဉ်ယဉ်ကျေးကျေး ပြောတတ်အောင် သင်ပေးပါ
ကလေးရှေ့မှာ တခြားသူတွေကို လှောင်ပြောင် ဝေဖန်တာမျိုး၊ တခြားသူတွေရဲ့ အားနည်းချက်ကို နောက်ပြောင်ကျီစယ်တာမျိုး ရှောင်ပါ။ အဲဒါကို ဟာသလုပ်လိုက်ရင် ကလေးကလည်း တစ်ဖက်သား ခံရခက်စေမယ့် စကားမျိုး ပြောနေတတ်ပါတယ်။ တချို့စကားတွေက အမှန်ဆိုပေမယ့် တစ်ဖက်သားကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အဲဒီအခါ ချစ်စရာကောင်းတဲ့ သင့်ကလေးကို ချဉ်စရာ ကလေးငယ်အဖြစ် ထင်မြင်သွားတတ်တာကြောင့် ယဉ်ယဉ်ကျေးကျေး ပြောတတ်အောင် ငယ်စဉ်ကတည်းက သင်ကြားပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top