Healthy Life Ad
Q & A

အချိုမှုန့်ကို ရေရှည်စားရင် ဘာဖြစ်တတ်သလဲ . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီးမှ ဖြေကြားသည်။

မေး. အချိုမှုန့်ကို ရေရှည်စားရင် ဘာဖြစ်နိုင်ပါသလဲ သိချင်လို့ပါ။ အချိုမှုန့်မပါရင် အရသာမရှိဘူးလို့ စိတ်က ထင်နေပါတယ်။ အချိုမှုန့်မပါဘဲ စားတတ်အောင် ဘယ်လိုချက်ပြုတ်သင့်ပါသလဲ။
နွဲ့နွဲ့၊ ပျဉ်းမနား။

ဖြေ. အချိုမှုန့်ကတော့ MSG-Monosodium Glumate ဖြစ်တဲ့အတွက် အခုခေတ်မှာ စားသုံးတဲ့ ဟင်းလျာတွေထဲ မပါလေကောင်းလေပါပဲ။ အရင်ကစားခဲ့လို့ အကျင့်ဖြစ်နေရင် အများကြီးမစားဘဲ တဖြည်းဖြည်းလျှော့သွားပါ။ ဖြစ်နိုင်ရင် လုံးဝမစားတာက အကောင်းဆုံးဖြစ်ပါတယ်။ အချိုမှုန့်အစားထိုး ကြက်သားမှုန့်တို့ဘာတို့ကလည်း ဓာတုပစ္စည်း(Chemical)တွေပါတာပဲ ဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းတွေက နောင်တစ်ချိန်မှာ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါဘက်ကို ဦးတည်သွားတာပဲ ဖြစ်ပါတယ်။

ဆရာမတို့က လူတွေကို ပညာပေးတဲ့အခါ အချိုမှုန့် မစားနဲ့၊ မစားနဲ့ဆိုတော့ အချိုမှုန့်ရှောင်ပြီး ကြက်သားမှုန့်ကို အစားထိုး သုံးလာကြတယ်။ ဒါကလည်း မသင့်တော်ပါဘူး။ အခုနောက်ပိုင်းမှာ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါဖြစ်တာတွေ မြင့်တက်လာတာ တွေ့ရတယ်။ ဆရာမအထင်အရ ဒါက အချိုမှုန့်နဲ့ ကြက်သားမှုန့်တွေ အသုံးများလာတာကြောင့် ဖြစ်တယ်လို့ထင်ပါတယ်။

ဒါကြောင့် ဟင်းချက်တဲ့အခါ အချိုမှုန့်အစား ဆားနဲ့ သကြားလေး နည်းနည်းစီထည့်ပြီးချက်၊ ပြီးရင် အချိန်ယူပြီးချက်ပေးရင် အရသာလည်းကောင်းလာမယ်၊ ပြီးတော့ စားရင်း အကျင့်ပါပြီး စားတတ်သွားပါလိမ့်မယ်။ တချို့ငန်ပြာရည်တွေ ထဲမှာ အချိုမှုန့် ထည့်ထားတတ်တဲ့ အတွက် ဟင်းချက်တဲ့အခါ ငန်ပြာရည်ထည့်ချက်ရင် အချိုမှုန့် သီးသန့်မစားဘဲ နေတာတောင် နည်းနည်းတော့ ပါသွားတတ်ပါသေးတယ်။

Most Popular

Healthy Life Ad
To Top