Healthy Life Ad
Health Tips

လူပျိုဘဝကို ပထမဆုံး စွန့်လွှတ်တော့မည် ဆိုလျှင်

၊ ကိုထက်

ယောကျာ်းလေးပဲ၊ လူပျိုစစ်စစ်ဘဝကို ထိန်းသိမ်းထားစရာ မလိုပါဘူးဆိုတဲ့ အတွေးမျိုး ရှိနေပြီလား။ တစ်ခါတစ်ရံမှာ ချစ်ခြင်းမေတ္တာနဲ့ လိင်ဆက်ဆံမှုဆိုတာ ကွဲပြားခြားနားတယ်လို့ ယူဆပြီး အပျော်အပါး လိုက်စားဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာဖြစ်ဖြစ်၊ အတွေ့အကြုံတစ်ခုကို စမ်းသပ်ကြည့်ချင်တဲ့အခါမှာဖြစ်ဖြစ် အမျိုးသားတချို့ဟာ အိမ်ထောင်မပြုခင်မှာ ကိုယ်ရဲ့ လူပျိုဘဝကို စွန့်လွှတ်ပစ်တတ်ကြပါတယ်။ အဲဒီအရွယ်က အရာရာကို စူးစမ်းလေ့လာကြည့်ချင်တဲ့ ဆယ်ကျော်သက်အရွယ်ဖြစ်တတ်တာကြောင့် လူပျိုဘဝကို ပထမဆုံးစွန့်လွှတ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေကို အကြံပြုချင်ပါတယ်။

(၁) လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများအကြောင်း လေ့လာပါ
လိင်အပျော်အပါးလိုက်စားရာက ကူးစက်တတ်တဲ့ ကာလသားရောဂါတွေက အမျိုးအစားအများကြီးရှိပါတယ်။ ဆစ်ဖလစ်ရောဂါ၊ လိင်အင်္ဂါမှာပေါက်တဲ့ ရေယုန်၊ ကလာမိုင်ဒီးယားရောဂါ၊ သာမန်ရေယုန်စသဖြင့် အများကြီး ရှိနေပါတယ်။ အထူးသဖြင့်   ပြည့်တန်ဆာ (Commercial Sex Worker) တွေက သူများထက်စာရင် ကာလသားရောဂါ ဖြစ်နိုင်ခြေပိုများတဲ့အတွက် သင်ရဲ့ လူပျိုဘဝကို စွန့်လွှတ်တော့မယ်ဆိုရင် အကြိမ်ကြိမ်စဉ်းစားဖို့ သတိပေးချင်ပါတယ်။

(၂) အရက်သောက်ပြီး မစူးစမ်းသင့်ပါ
HIV ဖြစ်သူတွေကို လေ့လာကြည့်လိုက်တဲ့အခါ အပျော်အပါးလိင်ကိစ္စကို မရှောင်တတ်တဲ့သူတွေ၊ သိရဲ့နဲ့ မရှောင်ကြဉ်တဲ့သူတွေ၊   ရှောင်ကြဉ်ရဲ့သားနဲ့ အရက်သောက်မိလို့ သတိလက်လွတ်ဖြစ်သွားတဲ့ သူတွေကအဖြစ်များတာကို   တွေ့ရပါတယ်။ ဒါကြောင့် အရက်သောက်ပြီး အပျော်အပါးလိုက်စားတာကို လုံးဝ ရှောင်သင့်ပါတယ်။

(၃) လိင်မှတစ်ဆင့် ရောဂါပိုးမကူးစက်စေရန် ကွန်ဒုံးသုံးပါ
တကယ်လို့ အပျော်အပါးလိုက်စားတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုရင် ကွန်ဒုံးသုံးရပါမယ်။ ကွန်ဒုံး သုံးတဲ့အခါ စနစ်တကျ အသုံးပြုရပါမယ်။ ကွန်ဒုံးကို စနစ်တကျ အသုံးမပြုရင် ရောဂါပိုးတွေကို ၁၀ဝ ရာ ခိုင်နှုန်း မကာကွယ်နိုင်ပါဘူး။ ကွန်ဒုံးသုံးရမယ်ဆိုတာ သိပေမယ့် အရက်မူးလွန်တဲ့အခါ မေ့လျော့သွားတတ်တာကြောင့် အရက်သောက်ပြီး အပျော်အပါး မလိုက်စားဖို့ အရေးကြီးပါတယ်။

(၄) သန္ဓေတားပါ
တကယ်တော့ လူသိရှင်ကြား အိမ်ထောင်ပြု ပြီးမှ ကိုယ့်လူပျိုဘဝကို စွန့်လွှတ်တာ အကောင်းဆုံး ပါ။ အိမ်ထောင်သည်ဘဝမှာလည်း တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးသင့်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ လူပျိုဘဝကို ချစ်သူနဲ့အတူစွန့်လွှတ်မယ် လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် သားသမီးကိစ္စအတွက် ကြိုတင်ကာကွယ်ပါ။ ကလေးယူဖို့ အစီအစဉ်မရှိဘူးဆိုရင် အကာအကွယ်သုံးဖို့ လုံးဝမမေ့ပါနဲ့။

(၅) အယုံမလွယ်ပါနှင့်
တကယ်လို့သင်က လူပျိုဘဝကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် သင့်အဖော်မှာ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေ မရှိကြောင်း သေချာနေပါစေ။ ဒီရောဂါပိုးတွေက အစောပိုင်းမှာ လက္ခဏာမပြတတ်တာကြောင့် မရှိဘူး ပြောတိုင်းမယုံပါနဲ့။   ဖြစ်နိုင်ရင် ဆေးစစ်ကြည့်သင့်ပါတယ်။

(၆) လူပျိုဘဝ စွန့်လွှတ်ပြီး လိင်အင်္ဂါအနာပေါက်လျှင် မပေါ့ဆပါနှင့်
လူပျိုဘဝကို စွန့်လွှတ်ပြီးချိန်မှာ လိင်အင်္ဂါမှာ အနာပေါက်တာ၊ ရေယုန်ပေါက်တာ စတဲ့ လက္ခဏာ တွေပေါ်ရင်မပေါ့ဆပါနဲ့။ ကာလသားရောဂါ တစ်မျိုးမျိုးဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။

(၇) နောင်တရနေမှာလား အပြန်ပြန်အလှန်လှန် သုံးသပ်ပါ
လူပျိုဘဝစွန့်လွှတ်ပြီးချိန်မှာ သင့်အဖော်ကိုယ်ဝန်ရလာမလား၊ ရောဂါပိုးကူးစက်မှာလား စတဲ့ စိုး ရိမ်သောကတွေနဲ့အတူ တကယ်ဆိုရင် ဆင်ခြင်ခဲ့ရမှာဆိုတဲ့ နောင်တတွေဖြစ်နေနိုင်ပါတယ်။ အဲဒီအခါ ကိုယ့်စိတ်ကြောင့် ပိုပြီးပင်ပန်းနွမ်းနယ်ရတဲ့အတွက် အစကတည်းက လူပျိုဘဝကို တန်ဖိုးထားသင့် သလားဆိုတာ သေချာစဉ်းစားစေချင်ပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top