Healthy Life Ad
Health Tips

မျက်ကပ်မှန်တပ်သူတို့ အမြင်အာရုံ မထိခိုက်စေရန်

မီမိုး (ဆေးဝါးတက္ကသိုလ်)
မျက်ကပ်မှန်တပ်ဆင်သူဦးရေ ၁၀ဝ၀ကို လေ့လာခဲ့တဲ့ အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေး လေ့လာမှုအရ မျက်ကပ်မှန်တပ်သူတွေရဲ့ ၉၉ ရာ ခိုင်နှုန်းဟာ မျက်စိထိခိုက်တဲ့ အန္တရာယ်ကျရောက်မှု ရှိတာကို တွေ့ရှိခဲ့ရ ပါတယ်။ ဒါကြောင့် မျက်ကပ်မှန် တပ်ဆင်တဲ့ အခါတိုင်း ရှောင်သင့်တဲ့ အကျင့်တွေ ကို ဖော်ပြလိုက်ပါတယ်။

မျက်ကပ်မှန်ကို သတ်မှတ်ချိန်ထက် ပိုကြာကြာ တပ်ဆင် အသုံးပြုခြင်း
မျက်ကပ်မှန်တပ်သူ ၈၂ ရာခိုင်နှုန်းကျော်က သတ်မှတ်ချိန်ထက်ပိုပြီး မျက်ကပ်မှန်တပ်ဆင်လေ့ ရှိတယ်လို့ ဝန်ခံထားပါတယ်။ မျက်ကပ်မှန်ကို ကြရှည်တပ်တဲ့အခါ မျက်ကြည်လွှာထံ လိုအပ်တဲ့ အောက်ဆီဂျင် မရောက်ရှိတော့ပါဘူး။ အောက်ဆီဂျင်မရောက်ရှိတဲ့အတွက် မျက်ကြည်လွှာရဲ့ အနေအထားပြောင်းလဲ သွားပါတယ်။ အဲဒီအခါ မျက်ကြည်လွှာမှာ ရောဂါပိုးမွှားနဲ့ အညစ်အကြေးတွေ စုပုံစေနိုင်ပါတယ်။ ညစ်ပတ်နေတဲ့ မျက်ကပ်မှန်ဟာ မျက်ကြည်လွှာနဲ့ ပေါင်းပြီး မျက်စိတွင်း ပိုးဝင်ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။

မျက်ကပ်မှန်ကို ဘုံပိုင်ရေနှင့် ဆေးကြောခြင်း
မျက်ကပ်မှန်တပ်သူ ၃၆ ရာခိုင်နှုန်းဟာ မျက်ကပ်မှန်ကို ဘုံပိုင်ရေနဲ့ ဆေးမိတယ်လို့ ဆိုထားပါတယ်။ ဘုံပိုင်ရေက ပိုးသန့်စင်ထားတဲ့ ရေမဟုတ်တဲ့ အတွက် ဘယ်တော့မှ မဆေးကြောသင့်ပါဘူး။ မျက်စိတွင်း ပိုးဝင်တာကို ဖြစ်စေနိုင်ပါတယ်။ရေနဲ့ မျက်ကပ်မှန် ဆေးရင် အေကန်သမီးဗား ဆိုတဲ့ ကပ်ပါးပိုး ဝင်ပြီး အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

မျက်ကပ်မှန်တပ်ပြီး ရေချိုးခေါင်းလျှော်ခြင်း၊ ရေ ကူးခြင်း
လူ ၆၀ ရာခိုင်နှုန်းနီးပါးဟာ မျက်ကပ်မှန်တပ်ပြီး ရေကူးလေ့ရှိကြပါတယ်။ ရေကူးကန်ထဲက ရေကိုက လိုရင်းခတ်ထားရင်တောင် သန့်ရှင်းမယ်ဆိုတာ မသေချာပါဘူး။ ဒါကြောင့် ရေချိုးခေါင်းလျှော်တာ မလုပ်ခင်၊ ရေကူးကန်ထဲ မကူးခင် မျက်ကပ်မှန်ချွတ်ထားသင့်ပါတယ်။

မျက်ကပ်မှန်တပ်ပြီး အိပ်စက်အနားယူခြင်း
မျက်ကပ်မှန်တပ်သူမှာ လုံးဝ မလုပ်သင့်တဲ့ အရာက မျက်ကပ်မှန်တပ်ပြီး အိပ်စက်အနားယူတာပါ။ အဲဒီလို လုပ်ရာက မျက်ကြည်ရောင်ရမ်းနာ ဖြစ်နိုင်ခြေ ၆ ဒသမ ၅ ဆ ပိုများနိုင်ပါတယ်။ တစ်ရေးအိပ် ချိန်မှာတောင် မျက်ကပ်မှန် မတပ်ပါနဲ့။ မျက်ကပ်မှန်တပ်ပြီး အိပ်တဲ့အခါ မျက်ကြည်လွှာဆီကို အောက်ဆီဂျင် ရောက်ရှိနှုန်း လျော့ကျပြီး မျက်စိထိခိုက်နိုင် ခြေ ရှိပါတယ်။

မျက်ကပ်မှန်တစ်မျိုးတည်းကိုလနှင့်ချီပြီး တပ်ဆင်ခြင်း
မျက်ကပ်မှန်တစ်မျိုးတည်းကို သတ်မှတ်ချက်ထက် ကျော်လွန်ပြီး လပေါင်းများစွာ တပ်ရင် မျက်ကြည်လွှာက အလွယ်တကူ ထိခိုက်လွယ်ပါတယ်။ မျက်ကပ်မှန်က ရေမြှုပ်လိုပဲ မျက်ရည်ထဲက ပါဝင် ပစ္စည်းတွေ၊ ပရိုတင်းတွေနဲ့ ပိုးမွှားတွေကို စုပ်ယူနိုင်တဲ့အတွက် ကြာရှည်တပ်ရင် မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။

မျက်ကပ်မှန်ဘူးထဲက ဆေးရည်ကို ပုံမှန်မလဲခြင်း
မျက်ကပ်မှန်ဘူးဟာ မျက်ကြည်ရောင်ရမ်းနာလို မျက်စိတွင်း ပိုးဝင်ကူးစက်မှုဖြစ်စေတဲ့ အခြေခံအ ကြောင်းရင်းတစ်ခု ဖြစ်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ မျက်ကပ်မှန်ဘူးထဲကဆေးရည်ကို ပုံမှန်မလဲတာကြောင့် မျက်ကြည်ရောင်ရမ်းနာ ဖြစ်နိုင်ခြေကို ၆ ဒသမ ၅ ဆ ပိုများစေပါတယ်။မျက်ကပ်မှန် ဘူးထဲက ဆေးရည်ကို နေ့တိုင်း အသစ်လဲပေးသင့်တယ်လို့ မျက်စိအထူးကုဆရာဝန်တွေက အကြံပြုထားပါတယ်။

မျက်ကပ်မှန်ဘူးကို အသစ်မလဲခြင်း
လေ့လာမှုတစ်ခုအရ မျက်ကပ်မှန်တပ်သူတွေ ကမျက်ကပ်မှန်ဘူးကို ခြောက်လကြာ တစ်ခါလဲရမယ် ဆိုတာ မသိကြဘူးဆိုတဲ့ တွေ့ရှိချက်တွေ့ရပါတယ်။ ဒါက မျက်ကြည်ရောင်ရမ်းနာဖြစ်စေတဲ့ ပိုးဝင်နိုင်ခြေကို ၅ ဒသမ ၄ ဆ ပိုများစေပါတယ်။ အမြင်အာရုံ ပိုကောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မျက်ကပ်မှန်တပ် ဆင်နေတယ်ဆိုရင် မျက်ကပ်မှန်တပ်သူတိုင်းလိုက် နာသင့်တဲ့ အချက်တွေကို လိုက်နာရပါမယ်။
Ref: HD

Most Popular

Healthy Life Ad
To Top