Healthy Life Ad
Life Style

ဆီးချိုသွေးချိုရောဂါနှင့် အိပ်စက်မှု ပြဿနာ

ပါမောက္ခဒေါ်သန်းသန်းအေး ( ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး )
လူတွေဟာ မွေးဖွားလာကတည်းကအိပ်တာနဲ့ စားတာ(နို့စို့တာ)နှစ်ခုကိုပဲ အဓိက ပြုလုပ် ကြရပါတယ်။ အိပ်တာနဲ့ စားတာ နှစ်ခုစလုံးကို စွမ်းအားကြီးတဲ့ ဆန္ဒ(Powerful Internal Drive) တွေက ထိန်းချုပ်ထားပါတယ်။ အစာမစားဘဲနေတဲ့အခါ ဆာလောင်ခြင်းဆိုတဲ့ ခံစားချက်ကြောင့် သက်သောင့်သက်သာနေလို့မရ (Uncomfortable) ဖြစ်သလိုပါပဲ။ မအိပ်ဘဲနေနေတဲ့သူဟာ အိပ်ချင်တဲ့ ဆန္ဒကြောင့်  နေထိုင်မကောင်းဖြစ်နေပါမယ်။ အစာစားလိုက်ရင် အဆာပြေသွားပြီး ခန္ဓာကိုယ်ရဲ့ ဆန္ဒပြည့်ဝပြီး လိုအပ်နေတဲ့အာဟာရကိုဖြည့်တင်းပြီး ဖြစ်စေပါတယ်။အိပ်လိုက်ရင် အိပ်ချင် တာပြေပျောက်သွားပြီး အားအင်ပြည့်ဖြိုးလန်းဆန်းကာ ကိုယ်စွမ်း၊ဉာဏ်စွမ်းတွေ ပြန်လည် ပြည့်ဝ သွားစေပါတယ်။ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် အလိုအပ်ဆုံးနဲ့ အရေးကြီးဆုံးသော ဇီဝကမ္မ ဖြစ်စဉ် (Physiological Process) တစ်ခုပဲ ဖြစ်ပါတယ်။
လူတွေဘာကြောင့် အိပ်ရတာလဲ၊ အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေ၊ အိပ်စက်တဲ့ အချိန်ပြည့်ဝမှုနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှု မရှိတာရဲ့ ဆိုးကျိုးတွေက ဘာတွေရှိသလဲ၊ အိပ်ရေးမဝတာက ဆီးချို သွေးချိုရောဂါတွေနဲ့ ဘယ်လို ဆက်စပ်နေတာလဲဆိုတာ ပြည်သူအများ နားလည်သိရှိနိုင်အောင် ရှင်းပြ ပေးသွားပါမယ်။
အိပ်စက်ခြင်းဆိုသည်မှာ
အိပ်စက်ခြင်းဆိုတာ မိမိရဲ့ပတ်ဝန်းကျင်မှ လှုံ့ဆော်နေတဲ့ အာရုံခံစားမှုတွေကို မသိရှိတော့ဘဲ သတိလစ် နေတာနဲ့တူပါတယ်။ ဒီအချိန်မှာ ပြင်ပက လှုံ့ဆော်မှုတွေကို တုန့်ပြန်မှုမရှိပေမယ့် ကိုယ်တွင်းမှ လှုံ့ဆော်မှု တွေကိုတော့ အလိုအလျောက်တုန့်ပြန်မှု တွေရှိနေပါတယ်။ လူတွေ ဘာလို့ အိပ်စက်ကြတာ လဲဆိုတာတော့ အခုအထိ တိကျတဲ့ အဖြေမရှိပါဘူး။
အိပ်စက်တယ်ဆိုတာ အကြမ်းအားဖြင့် စိတ်နဲ့ ကိုယ်ခန္ဓာကို အနားပေးထားတာဖြစ်ပြီး စက်တစ်ခုကို ပိတ်ပြီး အနားပေးထားတာနဲ့ တူသလိုရှိပါတယ်။ ဒါပေမဲ့ တကယ်တော့ စက်ရပ်ပြီး အနားပေးနေတာမျိုးလို ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် (Physiology) တွေရပ်နားထားတာ မဟုတ်ဘဲ အရေးကြီးတဲ့ ဖြစ်စဉ်တချို့တွေကတော့ ဆက်လက်လှုပ်ရှားပြောင်းလဲ နေပါတယ်။ ဦးနှောက်နဲ့ ခန္ဓာ ကိုယ်ကြွက်သားတွေ အနားပေးထားစဉ် ပြန်လည်ပြုပြင်ရမယ့် ဆဲလ်ကလာပ်စည်းတွေရဲ့ ဇီဝကမ္မဖြစ် စဉ်တွေကို ပြုပြင်နေတာဖြစ်ပါတယ်။အကြမ်းအားဖြင့် နှိုင်းယှဉ်မယ်ဆိုရင် ဘတ္ထ­ရီအားပြည့်သလို နိုးလာတဲ့အခါ ကိုယ်စွမ်း၊ ဉာဏ်စွမ်းတွေ အားအပြည့်အဝနဲ့လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ အိပ်စက်တာက ဦးနှောက် အားကောင်းစေကာ ခန္ဓာကိုယ်ခွန်အား ပြည့်ဝစေရုံတင်မက ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ် (Immune System)တွေကိုလည်း ပြန်လည်ပြည့်ဝနေဖို့လည်း အရေးကြီးပါတယ်။ရောဂါပိုးကို ပိုပြီးခုခံကာကွယ်နိုင်ပြီး ကင်ဆာ ဖြစ်နှုန်းလည်းနည်းစေပါတယ်။
ကျန်းမာရေးနဲ့ အိပ်စက်ခြင်းက အများကြီး ဆက်စပ်နေပါတယ်။ လူတွေဟာ ဘယ်နှနာရီ အိပ်ဖို့ လိုအပ်သလဲဆိုတာ အရင်ဦးဆုံး ရှင်းပြလိုပါတယ်။ လူတွေမှာမိမိဘဝသက်တမ်းရဲ့ သုံးပုံတစ်ပုံဟာ အိပ် စက်နေတဲ့ အချိန်နဲ့ဖြည့်ဆည်းထားပါတယ်။ ဘာကြောင့် အိပ်ရသလဲဆိုတာ ဆက်ပြီးရှင်းပြပါမယ်။
ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် များများအိပ်ဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် မွေးကင်းစကလေးတွေဟာ တစ်ရက်မှာ ၁၄ နာရီမှ ၁၆နာရီလောက် အိပ်ပြီး ကျောင်းတက်စအရွယ်မှာ ၉ နာရီမှ ၁၂ နာရီလောက် အိပ်ကြပါတယ်။ လူငယ် လူလတ်အရွယ်မှာတော့ ၈ နာရီမှ ၁၀ နာရီလောက် အိပ်ကြပါတယ်။ လူကြီးတွေ မှာတော့ အိပ်စက်ချိန် ၇ နာရီမှ ၈ နာရီ လောက် အိပ်ကြပါတယ်။ သက်ကြီးရွယ်အိုတွေမှာ အိပ်ချိန် ပိုနည်းလာပါတယ်။ ၆ နာရီလောက်သာ အိပ်ကြတာ များပါတယ်။ ကြီးလာတာနဲ့အမျှ အိပ်ရာထဲလှဲနေရတဲ့ အချိန်များပေမယ့် အိပ်ရေးဝတာ ပြည့်ပြည့်ဝ၀ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာ နည်းပါးလာပါတယ်။ သဘာဝအလျောက်သာမကဘဲ စိတ်ဖိစီးမှု၊ ဝေဒနာ ခံစားရမှုတွေကြောင့်လည်း ပါဝင်ပါတယ်။

အိပ်ရေးမဝရင် ဘယ်လို ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်တတ်သလဲ
အခုလို ခေတ်မီတိုးတက်လာနေတဲ့ ပတ်ဝန်းကျင်မှာတော့ လူအများစုဟာ အိပ်ရေးမဝကြပါဘူး။ အလုပ်ကြောင့် ညလုံးပေါက် အလုပ်လုပ်ကြရတာ ရှိသလို ညလုံးပေါက် စာကျက်နေကြရတာ၊ ညလုံးပေါက် ပျော်ပွဲရွှင်ပွဲတွေ တက်နေတာ၊ ညလုံးပေါက် ကွန်ပျူတာဂိမ်း (Game)တွေ ဆော့နေတာ၊ ညလုံးပေါက်ဖေ့စ်ဘွတ်ခ်(Facebook)ကြည့်နေမိတာ . . ဒါတွေအားလုံးဟာ အိပ်ရေးမဝရတဲ့ အကြောင်းရင်းတွေ ဖြစ်ကြပါတယ်။ ဒီလို အိပ်ရေးမဝတာတွေ အားလုံးဟာ အခု လက်ငင်းလတ်တလောကာလမှာကော နောင်ရေရှည်ကာလမှာကော မကောင်းတဲ့ ဆိုးကျိုးတွေ (Short and Long – Term Consequences) သက်ရောက်နိုင်တာ သတိပြုရပါမယ်။
လတ်တလောအားဖြင့် အိပ်ရေးမဝရင်(ပြဿ နာတွေ ဖြေရှင်းရာမှာ) အာရုံစူးစိုက်နိုင်မှု နည်းပြီး ဆုံးဖြတ်ချက်ချတာမှာ မှားယွင်းနိုင်ပါတယ်။ ဆုံးဖြတ်ချက်မှားယွင်းရင် လုပ်ဆောင်ချက်တွေကလည်း မှား သွားပါမယ်။ လုပ်ငန်းခွင်မှာလည်း စွမ်းဆောင်ရည် ကျဆင်းတာ၊ ထုတ်လုပ်မှု ကျဆင်းတာ၊ မှားယွင်းမှုတွေ ပေါ်ပေါက်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် အိပ်ရေးမဝတာက အားမရှိတာ၊ နုံးချည့်တာကို အများဆုံး ဖြစ်စေတဲ့ အချက်တစ်ခုထဲမှာ ပါဝင်ပါ တယ်။
အိပ်ရေးမဝခြင်း ဒါမှမဟုတ် ပြည့်ပြည့်ဝ၀ မအိပ်ဘဲနေခြင်းရဲ့ အကျိုးဆက်ဟာ ရေရှည်မှာလည်း ကျန်းမာရေးကို အများထင်မြင်ယူဆထားတာထက် အများကြီး ပိုပြီးထိခိုက်တတ်တာကိုသိရှိစေလိုပါတယ်။ ဒီလိုလူတွေမှာ နာတာရှည်ရောဂါတွေ၊ အထူးသဖြင့် အဝလွန်တာ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အဆုတ်အားကုန်တဲ့ ရောဂါစတဲ့ ရောဂါတွေဖြစ်ပြီး ဘဝသက်တမ်းတိုခြင်းဆိုတဲ့ နောက်ဆုံး ရလဒ်ကို ရရှိစေ တတ်ပါတယ်။
အိပ်ရေးမဝတာကိုခွဲခြားစိတ်ဖြာကြည့်မယ်ဆို ရင်-
(၁)    စုစုပေါင်းအိပ်တဲ့အချိန်(အိပ်ရာဝင်ချိန်မှ အိပ် ရာထချိန်အထိ)၊
(၂)    ကောင်းမွန်စွာအိပ်ပျော်ခြင်း(အိပ်ခြင်းရဲ့ အနှစ်သာရ၊ အိပ်ရေးကို အပြည့်အဝ ရရှိမှု ရှိ၊ မရှိ) ပေါ်မူတည်ပြီး ခွဲခြားလေ့လာနိုင်ပါတယ်။
တချို့ အိပ်နေစဉ် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပေမယ့် အိပ်ရတဲ့ အချိန် ၆ နာရီ မပြည့်တာမျိုး ရှိပြီး တချို့မှာတော့ အိပ်ချိန် ရှည်ပေမယ့် အိပ်လိုက်၊ နိုးလိုက် (Fragmented Sleep) ဖြစ်ပြီး အိပ်ရေး အ ပြည့်အဝ မရရှိသူတွေလည်း အိပ်ရေးမဝဘူးလို့ ယူဆရပါမယ်။
     ဆက်လက်ဖော်ပြပါမည်။

Most Popular

Healthy Life Ad
To Top