Healthy Life Ad
Health Tips

ဆရာဝန် စောင့်ဆိုင်းနေရချိန် စိတ်သက်သာရာရစေဖို့ ဘာတွေလုပ်သင့်သလဲ

ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ယာဉ်ကြောထူထပ်တာ၊ နာမည်ကြီး ဆရာဝန်တွေဆီမှာပဲ လူနာတွေက အလုအယက်ပြချင်တာ၊ ဆရာဝန်က မအားလပ်တာစတဲ့ အကြောင်းရင်းမျိုးစုံကြောင့် ဆေးရုံ၊ ဆေးခန်းတွေကို သွားကြည့်လိုက်ရင် ဆရာဝန် အခန်းအသီးသီးရှေ့မှာ လူနာအများအပြား စောင့်ဆိုင်းနေကြတာကိုတွေ့ရမှာပါ။ ဒီလို စောင့်ဆိုင်းရတဲ့ ကြာချိန်အတွက် တချို့လူနာက စိတ်မသက်မသာဖြစ်နေကြပြီး တချို့လူနာတွေက ကြုံနေကြ နိစ္စဓူဝ အခြေအနေ တစ်ရပ်လို ဖုန်းပြောရင်း၊ ဖုန်းနဲ့ဖေ့စ်ဘွတ်ခ်သုံး ရင်း၊ အချင်းချင်း စကားစမြည်ပြောရင်း အချိန် ကုန်နေတာကိုလည်း တွေ့ရပါတယ်။ တချို့တချို့သော လူနာတွေကတော့ အဲဒီစောင့်ဆိုင်းရချိန်တွေကို စိတ်ပျက်လက်ပျက်နဲ့ တညည်းညည်း တညူညူဖြစ်နေကြတာကိုလည်း တွေ့ရပါသေး တယ်။ နေထိုင် မကောင်းဖြစ်ချိန်မှာ ဆရာဝန် စောင့်ဆိုင်းချိန်အတွင်း စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှု ထပ်တိုးရင်ပိုပြီး ရောဂါတိုးရတတ်ပါတယ်။ ဒါကြောင့် ဆရာဝန် စောင့်ဆိုင်းနေရချိန်တွေမှာ စိတ်သက်သာရာရစေဖို့ လိုက်နာသင့် တဲ့ နည်းလမ်းကောင်းတွေကို မျှဝေလိုက်ရပါတယ်။

အချိန်နီးမှ သွားပါ

ကိုယ်သွားပြမယ့်ဆေးရုံ  / ဆေးခန်းနဲ့ ကိုယ့်အိမ်က ဘယ်လောက်ဝေးသလဲ၊ဘယ်လောက် အချိန်ယူ သင့်သလဲ၊ လမ်းမှာ ကားပိတ်ချိန်က ခန့် မှန်းခြေဘယ်လောက်ကြာမလဲ စဉ်းစားပါ။ ပြီးရင် ကိုယ့် အလှည့်တုံကင်နံပါတ်အရ ဘယ်အချိန်လောက်ဖြစ်နိုင်မလဲဆိုတာ ခန့်မှန်းသင့်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ပြမယ့် ဆေးရုံ၊ ဆေးခန်းက တာဝန်ရှိသူကို ဘယ်အချိန်လောက်လာသင့်သလဲဆိုတာ ဖုန်းနဲ့ တုံကင်ယူကတည်းက ကြိုမေးထားပါ။ ဒါဆိုရင် အချိန် သိပ်စောလွန်းပြီး ကြိုရောက်နေတာမျိုးမဖြစ်တော့ဘဲ ကံကောင်းရင် အချိန်ကိုက်ရောက်နိုင်ပါတယ်။

စာဖတ်ပါ

ဘယ်အရာမှ ကြိုတင်မှန်းဆထားလို့ မရပါဘူး။ အဲဒီအတွက် ဆေးရုံ / ဆေးခန်းရောက်လို့ ကိုယ့်အလှည့်ရောက်ဖို့ အတော်လေး လိုသေးတယ်ဆိုရင် ဖတ်ဖို့စာအုပ်ကောင်းတစ်အုပ်ယူသွားပါ။ စာအုပ်ဖတ်နေရတဲ့အတွက် စာပေကပေးတဲ့ ဗဟုသုတလည်းရသလို အချိန်ကုန်မှန်း မသိစိတ်သက် သက်သာသာနဲ့ကျော်ဖြတ်သွား နိုင်မှာပါ။

ဘုရားစာရွတ်ပါ

တကယ်လို့ ကိုယ်ခံစားနေရတဲ့ ဝေဒနာက စာဖတ်ဖို့တောင် မဖြစ်နိုင်လောက်အောင် ပင်ပန်းနေတယ်ဆိုရင်၊ စာထဲအာရုံဝင်စားနိုင်စွမ်းမရှိလောက်အောင် နာမကျန်းဖြစ်နေတယ်ဆိုရင်တော့ မျက်စိမှိတ်ပြီး ဘုရားစာရွတ်နေလိုက်ပါ။ စိတ်ထဲမှာလုံခြုံမှုရသလို စိတ်တည်ငြိမ်အေးချမ်းနေမှာ ဖြစ်ပါတယ်။  စောင့်နေရတယ်ဆိုတဲ့အသိက ဝေဒနာကို ပိုတိုးစေတဲ့အတွက် ဘုရားစာရွတ်ပြီး အာရုံလွှဲလိုက်တာက စိတ်ကြည်လင်အေးမြစေပါလိမ့်မယ်။

စာထဲ ချရေးပါ

စာလည်းမဖတ်ချင်ဘူး၊ ဘုရားစာလည်းရွတ်ပြီးသွားပြီ . . ဒါပေမဲ့ ဆရာဝန်ပြဖို့ ကိုယ့်အလှည့် မရောက်သေးဘူးဆိုရင် လုပ်သင့်တဲ့ အရာက ဆရာဝန်နဲ့တွေ့တဲ့အခါ “ ကိုယ်ဘာတွေပြောမလဲ၊ ကိုယ်ခံစားနေရတဲ့ ဝေဒနာက ဘာတွေလဲ၊ ဘယ်အချိန်မှာ ဘာတွေဖြစ်တတ်သလဲ၊ ဘာတွေစားသင့်သလဲ၊ ဘယ်လိုနေထိုင်သင့်သလဲ” စတဲ့ စကားလုံးတွေကို စာထဲချရေးထားပါ။ လူနာအများစုက ဆရာဝန်နဲ့တွေ့ ဆုံပြီးသွားမှ “ ငါ သောက်နေတဲ့ ဆေးအကြောင်း မပြောလိုက်ရဘူး ဆိုတာမျိုး၊ ငါဖြစ်နေတဲ့ ရောဂါရာဇဝင် ပြောဖို့ မေ့သွားတယ်ဆိုတာမျိုး” ဖြစ်တတ်လို့ပါ။

လမ်းလျှောက်ပါ

ဆရာဝန်စောင့်ဆိုင်းချိန်က နာရီဝက်- တစ်နာရီထက် ပိုကြာလာတဲ့အခါ လမ်းလျှောက်ဖို့ မမေ့ပါနဲ့။ လမ်းလျှောက်တာကြောင့် တစ်ကိုယ်လုံး သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။ ဒါပေမဲ့ နေမကောင်းဖြစ်နေချိန်မှာ ဖြည်းညင်းစွာ လမ်းလျှောက်ပေးဖို့တော့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top