Healthy Life Ad
Life Style

ကောင်းကောင်းလုပ်နိုင်မှာပေါ့ရှင် . . .

ပါမောက္ခဒေါက်တာ ဉာဏ်ဝင်းကျော်
ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပြောကြားသည်
တစ်နေ့ ဆေးရုံက ပြင်ပလူနာကြည့်ဌာနမှာ အသက် ၅၀ အရွယ်အပျိုကြီး ဒေါ်မြသီတာဟာ အာပေါင် အာရင်းသန်သန်နဲ့ စကားတွေပြောနေပါတော့တယ်။
“ နိုင်ငံကို ကောင်းအောင်လုပ်ပေးမှာ ကျွန်မပဲ၊ အခု ဘယ်လောက်ပဲကောင်းအောင်လုပ်ပေးနေနေ ကျွန်မကိုမမှီပါဘူး၊ အခုပဲကြည့်လေ၊ ဆေးရုံထိုင်ခုံတဲ့ . . အဆင့်အတန်းမှီလို့လား . . တကယ်ဆိုရင် အခုထက် ပိုပြီး အဆင့်အတန်းမြင့်သင့်တယ်လေ၊ အထူးကု ဆရာဝန်ကြီးတွေ ထိုင်တဲ့ ထိုင်ခုံတွေ၊ အခန်းတွေကိုလည်း ကြည့်ပါဦး၊ ကုန်ကုန်ပြောရရင် ဆရာကြီးတွေ ရုံးခန်းရှေ့မှာ တပ်ထားတဲ့ တီဗီကလည်း တကယ်တော့ ကွာလတီကောင်းတဲ့  အမျိုးအစားပဲဖြစ်သင့်တာပေါ့၊ ပြီးတော့ ၃၂ လက်မ တီဗီအစား အနည်းဆုံး လက်မ ၅၀ လောက်တော့ ဖြစ်ရမှာ. . လူနာတွေနဲ့ လူနာစောင့်တွေ ကောင်း ကောင်းကြည့်လို့ရအောင် နိုင်ငံတကာ သတင်းတွေ ကော ပညာပေးဇာတ်လမ်းတွေကော ပြထားဖို့လိုတယ်လေ. .ကျွန်မ ပြောတာ မဟုတ်ဘူးလား. .။ ဒါ တွေက ကျွန်မသာဆိုရင် ကောင်းကောင်းလုပ်နိုင် မှာပေါ့ရှင်”
ဘေးက လူနာတွေ၊ လူနာတွေနဲ့အတူပါလာတဲ့ လူနာစောင့်တွေ၊ အဖော်တွေကပါ ဝိုင်းဝန်းပြီး သူပြောတာတွေကို ငေးမောနားထောင်နေကြပါတယ်။ တဖြည်းဖြည်း သူ့လေသံက ပိုပိုကျယ်လာတော့ လူနာနဲ့ လူနာစောင့်အားလုံးက သူ့နားမှာ ဝိုင်းလာကြပါတော့တယ်။ ဒေါ်မြသီတာက ပြောရင်း ပြောရင်း ပိုအားပါလာတော့ လေသံကို မြှင့်ပြောရာက ရေဆာလာပါတော့တယ်။ ဒါနဲ့ ဆရာဝန်ရုံးခန်းရှေ့က ရေပူရေအေးရတဲ့ စက်မှာ ရေသွားသောက်တယ်။
“ ဒီမှာလည်း ပြောစရာတွေ့ပြန်ပြီ၊ ဆရာကြီး ရုံးခန်းရှေ့မှာရှိတဲ့ ရေသန့်စက်က တစ်ခါသုံးခွက်ဆိုတာ ဒီ့ထက် ပိုအဆင့်မြင့်သင့်တယ် မဟုတ်လား၊ အဲဒီလို အဆင့်မြင့်ဖို့ဆိုရင် ကျွန်မကိုယ်တိုင် ရွေး ကောက်ပွဲမှာ အနိုင်ရမှဖြစ်လာမှာသိလား . .”
ဒေါ်မြသီတာက တွေ့မြင်သမျှကို ဝေဖန်လိုက်၊ သူလုပ်မှဖြစ်မယ်လို့ ပြောလိုက် . . လုပ်နေတဲ့အတွက် သူနဲ့အတူပါလာတဲ့ တူမဖြစ်သူက မနေတတ် တော့ဘဲအရှက်ကြီး ရှက်နေရှာပါတော့တယ်။ အဲဒါ နဲ့ သူနာပြုဆရာမကြီးတစ်ဦးကို “ ဆရာကြီးဆီကို ကျွန်မအဒေါ် အမြန်ဆုံးပြခွင့်ရအောင် စီစဉ်ပေးပါ” ဆိုပြီး တိုးတိုးတိတ်တိတ် အကူအညီတောင်းခဲ့ပါတယ်။
အဲဒီလိုနဲ့ ဒေါ်မြသီတာက ဆရာ့ဆီကို ရောက်လာခဲ့ပါတယ်။ တွေ့တွေ့ချင်းမှာပဲ ဒေါ်မြသီတာက-
“ ဆရာကြီးရယ် . . တွေ့ရတာ ဝမ်းသာလိုက်တာ၊ ဆရာကြီးလို လူမျိုးနဲ့ ကျွန်မတွေ့ချင်နေတာ၊ ဆရာကြီးကို ကျွန်မပြောစရာ၊ ဆွေးနွေးစရာ၊တိုင်ပင်စရာ၊ အကြံဉာဏ်ပေးစရာတွေ အများကြီးပါပဲ . .” ဆိုပြီး မိတ်ဟောင်းဆွေဟောင်းတွေ ဆုံတွေ့သလို ရင်းရင်းနှီးနှီး ပြောဆိုပါတော့တယ်။
“ ဟုတ်ကဲ့ပါ . .ကျွန်တော့်ကို ဘာတွေအကြံ  ဉာဏ်ပေးချင်တာလဲ ပြောပြပါဦး” ဆိုတော့-
ဒေါ်မြသီတာက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အကြောင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှုစနစ်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်း လဲမှုကို ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့အကြောင်း၊ ပညာရေးစနစ်ကို ဘယ်လိုပြုပြင်သင့်တယ်ဆိုတဲ့ အကြောင်း၊ မြန်မာတစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိတယ်ဆိုတဲ့အကြောင်း ရေပက်မဝင်အောင် ပြောဆိုပါတော့တယ်။
“ဆရာကြီးတို့လို စိတ်ကျန်းမာရေး စောင့်ရှောက်တဲ့ ဆရာဝန်ကြီးတွေက အခုလို အဆင့်အတန်းမျိုး မနေရသင့်ပါဘူး ဆရာရယ်၊ အခုထက်ပိုပြီး အဆင့်အတန်းမြင့်မြင့် နေရသင့်ပါတယ်။ ဆရာတို့ လစာကလည်း ကျွန်မသိပါတယ်၊ မဖြစ်ညစ်ကျယ် လစာလေးပါ၊ တကယ်ဆိုရင် ဒီလို လစာမျိုး မပေးသင့်ပါဘူး၊ ခန္ဓာကိုယ် ကျန်းမာရေးဆိုတာ မြင်သာ၊ ထင်သာပါတယ်၊ စိတ်ကျန်းမာရေးက ရှာဖွေရ၊ ရောဂါနာမည်တပ်ရတာ ခက်တယ်လေ၊ ကျွန်မ သိတာပေါ့၊ ဒီ့ထက် လစာပိုရသင့်ပါတယ် ဆရာရယ်” ဆို တဲ့ စကားတွေကို ရွှန်းရွှန်းဝေအောင် ပြောလိုက်တာ ဆရာတောင်ပြောဖို့ အလှည့်မရောက်နိုင်လောက် အောင်ပါပဲ။
“ အစ်မ ပြောရတာ မောရော့မယ်၊ ညကော အိပ်လို့ ပျော်ရဲ့လား ပြောပြပါဦး” လို့ ဆရာက မေး လိုက်တော့-
“ ဆရာရယ် . . အိပ်တယ်ဆိုတာ အရေးမကြီးပါဘူး၊ ကျွန်မတို့က ဒီနိုင်ငံကြီးတိုးတက်ဖို့အတွက် နေ့မအားညမအား အလုပ်လုပ်ရမယ်လေ၊ ဒါကြောင့် ကျွန်မအတွက် အိပ်တာက အဓိကမကျပါဘူး၊မအိပ် ဘဲလည်း ကျွန်မနေနိုင်တယ်၊ အိပ်တာက စာဖွဲ့စရာမှမဟုတ်တာ. .”လို့ ဒေါ်မြသီတာက ဖြေပါတယ်။ သူနဲ့အတူပါလာတဲ့ တူမလေးကလည်း “ ဟုတ်တယ် ဆရာ၊ အန်တီ ကောင်းကောင်းမအိပ်တာ တစ်ပတ် နှစ်ပတ်လောက်ရှိနေပြီ၊ သူ့အခန်းထဲမှာပဲ တစ်ယောက်တည်း ပြောချင်တာတွေ ပြောနေတယ်” လို့ တိုးတိုးလေး ဝင်ပြောပါတယ်။
“ ပြောလက်စနဲ့ ပြောရဦးမယ် ဆရာရေ . . ဆရာ့ဆီကို ကျွန်မလာတာ မနက်ကတည်းက အခု နေတောင်မြင့်နေပြီ . . ဒီအချိန်ကျမှ ရောက်ရတာ ဘာကြောင့်လဲ သိလားဆရာ . . လိုင်းကားတွေ၊ တက္ကစီတွေကြောင့်ပဲ. . လိုင်းကားတွေကို ဒီလိုထားမယ့်အစား ပြည်လမ်းလို နေရာတွေမှာ မြေအောက် ရထား၊ မြေပေါ်ရထားတွေကို မှော်ဘီကနေ ဆူးလေ အထိ ပြေးဆွဲခိုင်းရမှာလေ. . ဒါဆိုလိုင်းကားတွေ၊ တက္ကစီတွေလျော့ပြီး လူတွေ သက်သက်သာသာ သွားလာနိုင်မယ်၊ လမ်းတွေလည်း ပိတ်တော့မှာ မ ဟုတ်ဘူးလေ၊ ဒါတွေ ကျွန်မ ကောင်းကောင်း လုပ်နိုင်တာပေါ့ . .
နောက်တစ်ခု ကျွန်မပြောချင်တာက ဒီနိုင်ငံ မှာကားပါကင်ကလည်း အခက်အခဲတစ်ခုပဲလေ၊ ဒါကတော့ စည်ပင်ကလူတွေနိုင်ငံတကာလည်း ရောက်ဖူးရဲ့သားနဲ့ သူတို့ အတုမယူလို့ဖြစ်ရတာပါ ဆရာရယ်၊ အစကတည်းက ကားပါကင် အလုံအလောက် လုပ်ပေးထားရင် ဒီလို ကားကျပ်စရာ အကြောင်း မရှိပါဘူးဆရာရယ်၊ ကားပါကင်မရှိဘဲ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ ဖွင့်ခိုင်းတာက လုံးဝမဖြစ် သင့်ဘူးလေ. . ဒါတွေကို ကျွန်မတို့က ဆန္ဒပြပြီး ပြုပြင်ပြောင်းလဲခိုင်းရမှာ ဆရာရဲ့. .
တက္ကစီဆိုလည်း ရပ်ချင်တဲ့ နေရာ ထိုးရပ်လိုက်တာ ဆရာ၊ လမ်းမှာ မောင်းနေရင်း ပါစင်ဂျာတွေ့တာ နဲ့ တုန့်ခနဲရပ်ပစ်တာ၊ နောက်ကားတွေ အကုန်ဒုက္ခ ရောက်ရော . . တကယ်ဆို တက္ကစီစတန်းဆိုပြီး သီး သန့်ထားရမယ်၊ စီးချင်တဲ့ သူကလည်း အဲဒီကို သွားစီးရမယ်လေ . . ကျွန်မသာဆိုရင် ကောင်းကောင်း လုပ်နိုင်တာပေါ့ ဆရာရယ်”
ဒေါ်မြသီတာရဲ့ တူမက “ အန်တီက ပညာတတ်တစ်ယောက်ပါ ဆရာ၊ နိုင်ငံတကာခရီးစဉ်တွေလည်း အများကြီးသွားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အန်တီ့မှာ အရင်ကတည်းက စိတ်ကျဝေဒနာ ရှိလို့ ဆေးကုခဲ့ရဖူးပါတယ်၊ အန်တီ အစာကောင်းကောင်း မစားတာ၊ ည ည မအိပ်တာနဲ့ စကားတွေ ဖောင်ဖွဲ့ ပြောတာတွေက ရွေးကောက်ပွဲနီးလာလေ ပိုဆိုးလာလေပဲ ဆရာ၊ တကယ်တမ်း ဘာနိုင်ငံရေးမှလည်း မလုပ်ပါဘူး၊ သူ့ဘာသာသူ ပြုပြင်ပြောင်းလဲနိုင်တယ်ဆိုပြီး တွေ့ရာလူတွေကို လိုက်ပြောနေတာပါဆရာ” လို့ ဆရာ့ကို ကြိုတင်ပြောပြထားပါတယ်။ ဒါကြောင့် အာပေါင်အာရင်းသန်သန်နဲ့ ရေပက်မဝင်အောင် ပြောခဲ့ပေမယ့် ဒေါ်မြသီတာ ပြောသွားတဲ့အထဲမှာ အတုယူထိုက်တဲ့ အချက်တွေလည်းပါနေတဲ့ အတွက်  ဆရာလည်း နားထောင်ကောင်းကောင်းနဲ့ နားထောင်နေမိပါတယ်။
အရင်က ဒေါသထွက်စိတ်တိုတာမရှိဘဲအခန်း ထဲမှာ တစ်ယောက်တည်း ငူငူငေါင်ငေါင် ဖြစ်နေခဲ့တဲ့ ဒေါ်မြသီတာဟာ ရွေးကောက်ပွဲမတိုင်ခင် နှစ်လအတွင်း ညည ကောင်းကောင်း မအိပ်တာ၊ အစားတွေ လည်း ကောင်းကောင်း မစားတာ၊ စကားတွေကို ဖောင်ဖွဲ့ပြီးတရစပ်ပြောတာ၊ တွေ့တဲ့သူကို အာပေါင် အာရင်းသန်သန်ရှင်းပြတာ၊ အိမ်ကလူတွေကို သူပြောတာလိုက်မလိုက်လို့ ဒေါသထွက် စိတ်တိုတာ တွေဖြစ်လာခဲ့ပါတယ်။ အခုအခြေအနေကတော့ ဒေါ်မြသီတာဟာ စိတ်ကျနေတဲ့ အပိုင်းကို ရောက် နေတာဖြစ်ပါတယ်။
“ အစားအသောက်မစား၊ ည ည ကောင်း ကောင်းမအိပ်ဘဲ စကားတွေ ဖောင်ဖွဲ့ပြောနေရင် ကြာတဲ့အခါ လဲသွားလိမ့်မယ် . . ဆေးကုဖို့ လိုတယ်၊ ဆေးမကုခင် သွေး၊ ဆီး၊ ဝမ်း စတဲ့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ရလိမ့်မယ် . .အရမ်းတက်ုကြွနေတဲ့ အခြေအနေကနေ ပုံမှန်အခြေအနေ ရောက်အောင် ထိုးဆေးတွေကော သောက်ဆေး တွေပါ လိုသလို ပေးနိုင်ဖို့ ဆေးရုံမှာတင်ထားရလိမ့် မယ်” လို့ ဒေါ်မြသီတာရဲ့ တူမဖြစ်သူကို တိုးတိုး တိတ်တိတ် ရှင်းပြရပါတယ်။
ဒေါ်မြသီတာကိုတော့-
“ ရွေးကောက်ပွဲကိစ္စတွေကော၊ စည်းရုံးရေး ကိစ္စတွေ၊ လိုအပ်တဲ့ အသိပညာပေးတာတွေပါ လုပ်ဖို့အတွက် ဒီဆေးရုံကို အစ်မရုံးခန်းလို သဘောထား ပြီး အသုံးပြုလို့ရပါတယ်။ အစ်မ ဖြစ်ချင်သလို လုပ်နိုင်ဖို့ရာအတွက် ဆေးရုံမှာတော့ ခဏ အနားယူဖို့ လိုလိမ့်မယ်” လို့ ပြောပြီး ဆေးရုံတင်ကာ လိုအပ်တဲ့ ကုသမှုတွေကို ပေးနေရပါတယ်။
အားလုံးကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ  ကြပါစေ။

Most Popular

Healthy Life Ad
To Top