Healthy Life Ad
Q & A

ဆီးကျိတ်ကြီးတာက ဆီးကျိတ်ကင်ဆာနဲ့ ဆက်နွှယ်နေသလား

ဒေါက်တာမိုးအောင်ကျော်နိုင်

အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး

Q.ကျွန်တော့် အသက် ၇၀ ပါ။ ဆီးကျိတ်ကြီးချင်နေတယ်လို့ ဆရာဝန်က ဆိုပါတယ်။ ဆီးကျိတ်ကြီးတာက ဆီးကျိတ် ကင်ဆာနဲ့ ဆက်နွှယ်မှု ရှိပါသလား၊ ကင်ဆာဖြစ်မှာ စိုးရိမ်လို့ပါ ဆရာ။

ဦးလှထူး၊ကျောက်တံတား။

A.ယေဘုယျအားဖြင့် အမျိုးသားတွေဟာ အသက် ၅၀ ကျော်အရွယ်ကစပြီး ဆီးကျိတ်က ပုံမှန်ရှိနေတဲ့ အရွယ်အစားထက် တဖြည်းဖြည်း ကြီးလာတတ်ပါတယ်။ အသက် ၉၀ ကျော်ပြီဆိုရင်တော့ ၉၀ ရာခိုင် နှုန်းကျော်က ဆီးကျိတ်ကြီးနေပါပြီ။ ဒီတော့ အမျိုးသားတွေအသက်ကြီးရင် ဆီးကျိတ်ကြီးတာက မလွဲမသွေဖြစ်လာမယ့် အရာတစ်ခုလို့ ဆိုရမှာပါပဲ။

ဆီးကျိတ်ကြီးရင် တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ ဆီးစသွားသွားချင်းမှာ ချက်ချင်းမထွက်ဘဲ စောင့်ဆိုင်းနေရတာမျိုး ရှိတတ်ပါတယ်၊ ဆီးသွာရင် ဆီးလုံးက သေးသွားတတ်ပါတယ်၊ ဆီးကို ဝေးဝေးရောက်အောင် မသွားနိုင်တော့ပါဘူး၊ ကိုယ်က ဆီးသွား ချင်နေပေမယ့် မထွက်တော့ပါဘူး၊ ဆီးကျန်နေ တယ်လို့ခံစားရတယ်၊ တချို့သိပ်ဆိုးတဲ့ အခြေအနေမှာ ဆီးက ဝေးဝေးမပန်းနိုင်တဲ့အပြင် တစ် စက်တစ်စက်နဲ့ အောက်ကို ကျနေတတ်တယ်၊ စိမ့်ထွက်နေတတ်ပါတယ် . . နောက်တစ်ခု ထူးခြားတာက ဆီးချိုရောဂါကြောင့် မဟုတ်ဘဲ ညဘက်မှာ ဆီးခဏခဏ သွားရတာပဲ ဖြစ်ပါတယ်။ ဆီးပမာဏ နည်းနည်းကို ညဘက်မှာ အကြိမ်ရေ ခပ်များများ ထပြီး သွားနေရတယ်ဆိုတဲ့ အမျိုးသားတွေဆိုရင် ဆီးကျိတ်ကြီးနေတာဖြစ်နိုင်တယ်ဆိုပြီး စစ်ဆေးရပါ တယ်။

ဆီးကျိတ်ကြီးနေတယ်လို့ သံသယရှိရင် ဆီး ကျိတ်ကို အာထရာဆောင်းနဲ့ တိုင်းလို့ ရပါတယ်။ နောက်တစ်ခါ စမ်းသပ်စစ်ဆေးတဲ့ ဆရာဝန်က စအိုထဲကိုလက်ညှိုးနဲ့ထည့်ပြီး ဆီးကျိတ်ကြီးလား၊ မကြီး လားစမ်းလို့ ရပါတယ်။ ဒီနည်းတွေနဲ့ ဆီးကျိတ်ကြီး၊  မကြီးသိနိုင်ပါတယ်။

ဆီးကျိတ်ကြီးတာက အဖြစ်များတဲ့ ရောဂါထဲ မှာ ပါဝင်ပါတယ်။ အမျိုးသားတွေ အသက်ကြီးရင် ဆီးကျိတ်ကြီးလာလို့ပါ။ ဆီးကျိတ်ကြီးတာနဲ့ ဆီး ကျိတ်ကင်ဆာ ဆက်စပ်သလားဆိုတဲ့ မေးခွန်းကိုဖြေ ရရင်တော့ ဆီးကျိတ်ကင်ဆာကလည်း ဆီးကျိတ်ကြီးပါတယ်၊ ရိုးရိုးဆီးကျိတ်ကြီးတဲ့ ရောဂါ (BPH)ကလည်း ဆီးကျိတ်ကြီးပါတယ်၊ ဆီးကျိတ်ကြီးရောဂါနဲ့ ဆီးကျိတ်ကင်ဆာမှာ ကြုံတွေ့ရတဲ့ လက္ခဏာတွေက အတူတူ ဖြစ်နေတဲ့အတွက် ဒီနှစ်ခုကို ခွဲရခက်ပါ တယ်။

အကြမ်းဖျင်းအားဖြင့် ပြောရရင် ဆီးကျိတ်ကြီးတဲ့အခါ ရိုးရိုးဆီးကျိတ် ကြီးရောဂါကြောင့် ကြီးတာလား၊ ဆီးကျိတ်ကင်ဆာကြောင့် ကြီးတာလားဆိုတာ ခွဲခြားဖို့ခက်ပါတယ်။ ဆရာဝန်တွေကတော့ စအိုထဲကနေ လက်နှိုက်ပြီး ဆီးကျိတ်ရဲ့ အနေအထားကို စမ်းသပ်လိုက်ရင် မှန်းဆလို့ ရပါတယ်။ အဲဒီအခါ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ဖွယ်ရာ ရှိတယ်လို့ ထင်ရင်တော့ ဆရာဝန်တွေက သွေးထဲမှာ PSA စစ် ဆေးတာ၊ အာထရာဆောင်း စစ်ဆေးတာ စတာ တွေကို လုပ်ခိုင်းလေ့ ရှိပါတယ်။

ရိုးရိုးဆီးကျိတ်ကြီးတာ (BPH)ဆိုရင်တော့ဆီး ကျိတ်ကင်ဆာကို ပြောင်းမသွားနိုင်ပါဘူး။ ဆီးကျိတ်ကင်ဆာ ဖြစ်ရင်တော့ ကင်ဆာကြောင့် ဆီးကျိတ်ကြီးတာပဲ ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာနဲ့ ပတ်သက် ပြီး အဖေ၊ ဦးလေး၊ အစ်ကို စတဲ့ ဆွေမျိုးသားချင်း တွေမှာ ရှိတယ်ဆိုရင်တော့ ကိုယ့်မှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ရာခိုင်နှုန်း ပိုများနေပါတယ်။ ငယ်ငယ်တုန်းက အနီရောင်အသားတွေ အစား များခဲ့တာကလည်း ဆီးကျိတ်ကင်ဆာနဲ့ ဆက်စပ်မှု ရှိတယ်ဆို တဲ့ တွေ့ရှိချက် ရှိပါတယ်။

အသက် ၇၀ ဆိုတော့ ဆီးကျိတ်က ကြီးမှာပါပဲ။ လက္ခဏာတွေ ပေါ်လာရင် ဆေးကုသမှုခံယူဖို့ လိုပါတယ်။ ဆီးကျိတ်ကင်ဆာကို စိုးရိမ်ရင် ဆရာဝန် နဲ့ တိုင်ပင်ပြီး ရိုးရိုးဆီးကျိတ်ကြီးတာလား၊ ဆီးကျိတ် ကင်ဆာလား ဆိုတာ ခွဲခြားစစ်ဆေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top