Healthy Life Ad
Child

ကျော်ကြားသူတို့၏ ကျန်းမာလှပ လူမှုဘဝ ပိုပို

တစ်နေ့တာ အသားရေ ထိန်းသိမ်းမှုပုံစံ
ညတိုင်း အိပ်ခါနီး မျက်နှာသစ်ပြီးတာနဲ့ Skin-Care ကို နေ့တိုင်းသုံးတယ်၊ ပြီးတော့ ခရမ်းချဉ်သီး များများစားတယ်၊ တစ်ခါတလေ အသားအရေအတွက် အထောက်အကူ အကျိုးရှိစေမယ့် အစားအသောက် အသီးအနှံတွေ စားပါတယ်။ အသားအရေအတွက် နေ့တိုင်း ပုံမှန်လုပ်ဖြစ်တာကတော့ Lotion လိမ်းတာပါပဲ။

အသားအရေနှင့် လက်သည်းအတွက် ပိုပိုလုပ်နေကျ သဘာဝ အိမ်တွင်းကုထုံး
မျက်နှာအသားအရေ လှပအောင် သခွားသီးနဲ့ကပ်တယ်၊ အာလူးလည်း ကပ်တယ်၊ ပြီးတော့ ခြေသည်းလက်သည်းတွေ သန့်စင်ပြီး လှပအောင် သံပရာသီးနဲ့ ပွတ်တိုက်တာမျိုး လုပ်ဖြစ်ပါတယ်။

သီချင်းဆိုခါနီး ပိုပို ခေါင်းကိုက်ဖူးတယ်
သီချင်းဆိုတဲ့ အခါဖြစ်ဖြစ်၊ ရှုတင်မှာဖြစ်ဖြစ် အလှအပကြောင့်တော့ ပြဿ နာသိပ်မရှိပါဘူး။ ကျန်းမာရေး အခက်အခဲလေးတွေတော့ ဖြစ်ဖူးတယ်။ ပိုက အိပ်ရေးမဝရင် အသံထိခိုက်တာမျိုး ရှိတယ်၊ တစ်ခါတလေ သီချင်းဆိုခါနီး ခေါင်းကိုက်တာမျိုး၊ နေမကောင်းဖြစ်ချင်တာမျိုး ကြုံဖူးပါတယ်။ ပိုကအဆိုတော်ဖြစ်တဲ့အတွက် အသံရဲ့ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ရပါတယ်။

မိတ်ကပ်ကို ကိုယ်တိုင်လိမ်းတာများ
ခရီးတွေသွားရင်တော့ ကိုယ်တိုင်လိမ်းတာ များတယ်။ ရန်ကုန်ရှိုးပွဲတွေရှိရင် မိတ်ကပ်ဆရာနဲ့ လိမ်းတာများပါတယ်၊ ပြီးတော့ အလှဓာတ်ပုံတွေ ရိုက်ဖြစ်ရင် မိတ်ကပ်ဆရာနဲ့ လိမ်းတယ်၊ များသောအားဖြင့် မိတ်ကပ်ဆရာနဲ့ လိမ်းတာထက် ကိုယ်တိုင်လိမ်းတာ များပါတယ်။

ပိုပိုသုံးနေကျ မိတ်ကပ်
ပိုက မိတ်ကပ်သုံးမျိုး သုံးဖြစ်တယ်၊ အခု အသုံးများတာ MAC သုံးတာများတယ်၊ ပြီးတော့ Clinique မိတ်ကပ်လည်း သုံးပါတယ်၊ အရင်ကတော့ လူနားဆိုး သုံးတယ်၊ အခုလည်း သုံးပါတယ်၊ သဘာဝပုံစံ မိတ်ကပ်လိမ်းမယ်ဆိုရင် လူနားဆိုး သုံးပါတယ်။ ပွဲတွေနဲ့ ရှိုးပွဲတွေမှာဆိုရင် ပေါ်ပေါ်ထင်ထင်လေးဖြစ်အောင် ကလင်းနစ် သုံးပါတယ်။ အမြဲတမ်း သုံးဖြစ်တာကတော့ MAC ပေါ့ . . မိတ်ကပ်ထူထူ ပုံစံလေးလိမ်းရင် သုံးတာများတယ်။

အဖုမပေါက်လွယ်သော အသားအရေပိုင်ဆိုင်
အရမ်းကြီး အဖုအပိမ့်ပေါက်တဲ့ အမျိုးအစားမှာတော ့မပါဘူး။ တစ်လတစ်ခါလောက်တော့ ပေါက်တတ်ပါတယ်။ တစ်ခါတလေ ပေါက်တာမျိုးလောက်ပဲ အရမ်းဆိုးဆိုးရွားရွားကြီး ပေါက်တာမျိုး မရှိပါဘူး။

အားလပ်တဲ့အချိန်မှာ ဘာသာတရား လိုက်စား
များသောအားဖြင့် အားလပ်တဲ့အချိန်တွေမှာ ပိုဘာသာရေး လုပ်ဖြစ်တယ်၊ မနက်စောစော ဆွမ်းထချက်ပြီး ဘုန်းကြီးကျောင်း သွားလှူတာမျိုး လုပ်ဖြစ်တယ်၊ တစ်ခါတလေ ရွှေတိဂုံဘုရားသွားပြီး ဆွမ်းဘူးတွေ သွားလှူတာမျိုး လုပ်ဖြစ်ပါတယ်။ အဲဒီလို အလှူအတန်းတွေလုပ်ပြီး အားလပ်ချိန်ကို ကုန်ဆုံးစေပါတယ်၊ ပြီးတော့ စာအုပ်ဖတ်တယ်၊ အိမ်မှာ ရုပ်ရှင်ကြည့်တယ်။

ဝိတ်တက်နေတယ် အပြောခံရရင် ဆင်ခြင်ဖြစ်
တစ်ခါတလေ ကိုယ့်ဘာသာ ဝိတ်တက်နေတာ မသိတာမျိုး ရှိတယ်။ သူများတွေက ပိုဝနေတယ်၊ ဝိတ်တက်နေတယ်လို့ အပြောခံရမှ ဝိတ်ကျအောင် အားတဲ့အချိန်တွေမှာ လေ့ကျင့်ခန်း လုပ်ဖြစ်တယ်၊ အစားအသောက်ကိုလည်း သေချာဂရုစိုက်ပြီး စားဖြစ်တယ်၊ အဓိက ဝိတ်မတက်စေနိုင်တဲ့ အစားအသောက်မျိုးတွေ ရွေးစားဖြစ်ပါတယ်၊ အခုနောက်ပိုင်းဆို ညစာကို လုံးဝမစားတော့ဘူး။

စာအုပ်စာပေဖတ်ပြီး ကျန်းမာရေးဗဟုသုတ လေ့လာ
ကျန်းမာရေး ဗဟုသုတတွေ လေ့လာဖြစ်ပါတယ်၊ ဥပမာ ဘယ်အစားအစာက ဘယ်လို အကျိုးအာနိသင် ရှိတာမျိုးပေါ့၊ ပိုက ပိန်ချင်တော့ ဝိတ်ကျစေမယ့် အစားအစာတွေ လေ့လာပြီး ရွေးစားဖြစ်ပါတယ်၊ အရင်ကဆို ဝိတ်အရမ်းတက်လို့ ပိန်ချင်တော့ ပိန်ဆေးတွေ သောက်ခဲ့တာမျိုး ရှိတယ်၊ တကယ်တော့ မကောင်းပါဘူး၊ ညီမသောက်ခဲ့တုန်းက အသံတွေပါ ထိခိုက်တာမျိုး ရှိတယ်၊ အခုတော့ အရမ်း မလုပ်ရဲတော့ပါဘူး။ ကျန်းမာရေး စာစောင်တွေ၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ စာအုပ်တွေဖတ်ပြီး ဆင်ခြင်ဖြစ်ပါတယ်။

မိုးနှင့် ဆောင်းရာသီတွင် နှာစေး၊ နှာမွှန် ဖြစ်တတ်
ကျန်းမာရေး ချူချာတာကတော့ ရာသီအလိုက် ဖြစ်တတ်ပါတယ်။ မိုးတွင်းနဲ့ ဆောင်းတွင်းဆို နှာစေးတာနဲ့ နှာမွန်တာ ဖြစ်တတ်တယ်။ ဖြစ်ပီဆိုရင်လည်း တော်ရုံနဲ့မပျောက်ပါဘူး၊ တစ်လလောက်အထိ ခံရတာတောင်ရှိတယ်၊ ချောင်းလည်း ဆိုးတယ်။

နံရံကို လက်သီးနဲ့ ထိုးပြီး စိတ်ဖိစီးမှု လျှော့ချခဲ့ဖူးတယ်
စိတ်ဖိစီးမှုဖြစ်တဲ့အခါ ရင်ထဲမှာ ရှိတာတွေကို ဖွင့်ပြောလိုက်တယ်၊ စိတ်ညစ်တာများရင် စိတ်ဖိစီးမှုတွေ များတယ်၊ အရင်ကဆို ပိုပိုက စိတ်ညစ်ပြီး စိတ်ဖိစီးမှုတွေရှိလာရင် စိတ်အရမ်း ကြီးတယ်၊ ထစ်ခနဲဆို ဒေါသထွက်လွယ်တယ်၊ စိတ်တိုတယ်၊ အဲဒီလိုအချိန်ဆို နံရံကို လက်သီးနဲ့ ထိုးဖြစ်တာမျိုး ရှိတယ်။ အခု နောက်ပိုင်းကြတော့ စိတ်ဖိစီးမှုတွေကို သေချာလေး ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ် ဖြစ်တယ်၊ အတတ်နိုင်ဆုံး စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ဖြစ်ပါတယ်။

ကောလဟလကို စိတ်ထဲမထားတတ်
ကောလဟလကြောင့် ကိုယ်ချစ်တဲ့ အနုပညာအလုပ်ကိုတော့ စွန့်လွတ်ချင်စိတ် မဖြစ်ဖူးပါဘူး၊ ပြီးတော့ ကောလာဟလ သတင်းလည်း မကြားရဘူး၊ ကောလဟလဘက်ကိုလည်း သိပ်ပြီး Feel မလာဘူး၊ ကောလဟလထက် ကိုယ်ရေးကိုယ်တာကိစ္စကြောင့် စိတ်ညစ်တာမျိုးပဲ ရှိပါတယ်။

ပိုပိုသိချင်တဲ့ မေးခွန်း
မေး ပိုပိုမေးချင်တာက ကြာသွားပြီဖြစ်တဲ့ အမာရွတ်တွေကို ပျောက်အောက် ဘယ်လို ကုသလို့ရပါသလဲ အမာရွတ်ပျောက်တဲ့ ဆေးရှိရင် ညွှန်ကြားပေးပါ။
ဖြေ အမာရွတ် ပျောက်စေဖို့ဆိုရင် နေရောင်ခြည်ကို တတ်နိုင်သမျှ ရှောင်ရပါမယ်။ နေရောင်ကာခရင်မ် သုံးရပါမယ်။ အမာရွတ် ပျောက်စေဖို့အတွက် သင့်တော်မယ့်ဆေးကို ဆရာဝန်ပြပြီး လိမ်းရပါမယ်။ ပုံမှန်ဖြစ်တတ်တဲ့ အမာရွတ်ကတော့ ကြာလာရင် သက်သာသွားတတ်ပေမယ့် အမာရွတ်အဖုလုံး(Keloid)ကတော့ ဆေးကုသရ ခက်ခဲပါတယ်။ Keloid အမာရွတ်ကို အရောင်ကျဆေး ထိုးလိုက်ပြီးရင် သက်သာပေမယ့် ဆေးအရှိန် ကုန်ချိန်မှာတော့ Keloidကပွားတတ်ပြီး ပြန်ကြီးတတ်တဲ့အတွက် ပြန်ကြီးလာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Keloid အမာရွတ် မဖြစ်ရေးအတွက်အကောင်းဆုံးက ဒဏ်ရာမရအောင် နေဖို့ပဲ ဖြစ်ပါတယ်။
– ရေဓာတ်ဖြည့်အဆီ ဆေးလိမ်းရပါမယ်။
– အထူးပြုလုပ်ထားတဲ့ Polyurethane ဒါမှမဟုတ် siliconeဂျဲလ် သုံးနိုင်ပါတယ်။
– အမာရွတ်ကို ဖိအားသုံးပြီး သေးအောင် ပြုလုပ်နိုင်ပါတယ်။
– ခွဲစိတ်ပြီး စနစ်တကျ ပြန်ချုပ်ရပါမယ်။
– အရောင်ကျဆေး ထိုးလို့ရပါတယ်။
– အအေးပေး ကုသနည်း (Cryotheapy) နဲ့ ကုသလို့ ရပါတယ်။
– အပေါ်ယံ ဓာတ်ရောင်ခြည် ကုသမှု (Superficial X-ray Treatment) နဲ့ ကုသလို့ ရပါတယ်။
– လေဆာနည်းနဲ့ ကုသလို့ ရပါတယ်။
ဒေါက်တာမြတ်စန္ဒာကျော်(အရေပြားအထူးကု ဆရာဝန်ကြီး)

Most Popular

Healthy Life Ad
To Top