Healthy Life Ad
Life Style

ဖိုးထူးကို ရှာကြပါ . .

ပါမောက္ခဒေါက်တာ ဉာဏ်ဝင်းကျော်

ဦးနှောက်နှင့် စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပြောကြားသည်

ဖိုးထူးဟာ အလုပ်မှာ စိတ်ညစ်လို့ လျှောက်သွားခဲ့တယ်။ ခြေဦးတည့်ရာ
လျှောက်သွားရင်း ညကြီး အချိန်မတော်မှာ ဆိုင်
တစ်ဆိုင် ရောက်သွားတော့ အဲဒီဆိုင်ကို ဖိုးထူးက အရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထိုင်နေကျ ဆိုင်
ဖြစ်တော့ မျက်မှန်း တန်းမိနေတယ်။ ညကြီးမိုးချုပ်မှာ ဖိုးထူးက ဆိုင်ထိုင်ပြီး “လက်ဖက်ရည် ပေါ့ဆိမ့်လေး လာချပေးပါဦး၊ ပေါင်မုန့် ကြက်ဥကြော် တစ်ချပ်ဟေ့၊
နွားနို့ရရင်လည်း ချဦးကွာ၊ ပဲပလာတာ ရသေးရင် တစ်ပွဲ” စသဖြင့် မှာလိုက်၊ စားလိုက် လုပ်နေခဲ့တယ်။
အတော်လေး ကြာတော့ သူစားသမျှ၊ သောက်သမျှ
အတွက် ငွေလုံးဝမရှင်းဘဲနဲ့ ခပ်တည်တည် ပြန်ထွက်
သွားခဲ့တယ်။ ဖိုးထူးလည်း ထွက်သွားရော သူမေ့ပြီး ထွက်သွားတာ နေမှာပဲဆိုပြီး ဆိုင်က စားပွဲထိုး
ကောင်လေး နှစ်ယောက်က လှမ်းခေါ်တယ်။ ဖိုးထူးက လှည့်မကြည့်ဘဲ ထွက်သွားတာနဲ့
ကောင်လေးတွေက ပြေးပြီး ဖိုးထူးနောက်ကနေ
လိုက်ခေါ်တော့တယ်။ “အစ်ကို . .အစ်ကို စောစောက
စားသွားတာ ပိုက်ဆံ မရှင်းရသေးဘူးလေ”ဆိုပြီး
ပြောတော့-“ဟာ . . ဘာလဲ ရှင်းပြီးသားလေကွာ၊ ခုနကပဲ ပေးခဲ့တယ်လေ”လို့ ဖိုးထူးက ပြန်ဖြေတယ်။
“မပေးခဲ့ရသေးပါဘူး အစ်ကို၊ ကျွန်တော်က အစ်ကိုထိုင်တဲ့ စားပွဲကို တာဝန်ယူရတဲ့သူပါ၊ အစ်ကို တစ်မျိုးပြီး တစ်မျိုး မှာစားပြီး မရှင်းဘဲထွက်သွား တာပါ”ဆိုပြီး တာဝန်ကျတဲ့ စားပွဲထိုးလေးက
ပြောသလို ဘေးက ကောင်လေးကလည်း -“ဟုတ်ပါတယ် အစ်ကို၊ ကျွန်တော်လည်း မြင်တယ်၊ အစ်ကို မရှင်းဘဲ ထွက်သွားတာ ကျွန်တော်
တွေ့ပါတယ်၊ အစ်ကို မေ့နေလို့ ဖြစ်ပါလိမ့်မယ်” ဆိုပြီး ဝင်ပြောတယ်။ “မဟုတ်ပါဘူးကွာ . .ငါ ရှင်းပြီးသားပါ၊ မင်းတို့ကောင်တွေ လျှောက်မပြော နဲ့နော်”လို့ ဖိုးထူးက အကြောက်အကန် ငြင်းတော့-
“အစ်ကို့ဝိုင်းကို ကျွန်တော် တာဝန်ယူတာပါ၊ ကျွန်တော်တို့က စားဝိုင်း တစ်ဝိုင်းချင်းစီ တာဝန် ယူရတာမို့ မှားစရာအကြောင်း မရှိပါဘူး” လို့ စားပွဲထိုး ကောင်လေးက ပြန်ဖြေရှာတယ်။
နောက်ဆုံး ဆိုင်ရှင်က ပါဝင်ပြီး -“ဟုတ်တယ် ညီလေး၊ မင်း ရောက်လာကတည်းက မိုးလည်း အတော်ချုပ်နေပြီ၊ ပြီးတော့ ဟိုဟာ မှာစားလိုက်၊ ဒီဟာ မှာစားလိုက်နဲ့ တစ်မျိုးပြီး တစ်မျိုး စားသောက်နေတာ . . စားလို့၊ သောက်လို့လည်း ပြီးရော မင်းက ခပ်တည်တည်နဲ့ ထွက်သွားတာ ငါလည်း ကောင်တာ
ကနေ လှမ်းမြင်လိုက်တယ်” လို့ ပြောတယ်။ “ကျွန်တော် ရှင်းပြီးသားလို့ ပြောနေတယ်လေဗျာ” ဆိုပြီး ဖိုးထူးကလည်း အကြောက်အကန် ငြင်းတယ်။ ဒါနဲ့ ဆိုင်ရှင်လည်း ဖိုးထူးနဲ့ အတူလာဖူးတဲ့ လုပ်ဖော် ကိုင်ဖက်တွေထဲက တစ်ယောက်က လိပ်စာကတ်
ပေးဖူးတာကို သတိရပြီး ကတ်ထဲက ဖုန်းနံပါတ်
အတိုင်း ဖုန်းဆက် ခေါ်လိုက်တော့တယ်။ အဲဒီ သူငယ်ချင်း ရောက်လာတော့ ဆိုင်ရှင်က ဖိုးထူး
အကြောင်း အသေးစိတ် ပြန်ပြောပြတယ်။
“ဖုန်းထဲမှာ ပြောတဲ့အတိုင်းပဲကွာ . . မင်းကောင်က ငါတို့ဆိုင်ရောက်တော့ ည ၁၀ နာရီ ကျော်နေပြီ၊ တစ်ခုပြီးတစ်ခု မှာစားတယ် . . သောက်တယ်၊ ပြီးလည်းပြီးရော ပိုက်ဆံလုံးဝ မရှင်းဘဲ ထွက်သွား
တယ် . . မေ့နေလို့ နေမှာပါ ဆိုပြီး လိုက်ခေါ်တော့ ရှင်းပြီးသား ဆိုပြီး အတင်းပြောနေတော့တာ၊ အဲဒါကြောင့် မတတ်သာလို့ မင်းကို လှမ်းခေါ်
လိုက်ရတာ” “ဒီကောင် ကျွန်တော်တို့လူကြီးနဲ့ စကားများပြီး အလုပ်ကနေ ပျောက်သွားတာ
နှစ်ရက်လောက် ရှိပြီ၊ ခွင့်လည်း လှမ်းမတိုင် . . ဘာမှလည်း မပြော. . ဒါကြောင့် ဘာများ ပြဿနာ
တက်မလဲ ဆိုပြီး ကျွန်တော်တို့ လိုက်ရှာနေတာနဲ့ အတော်ပဲ . .”ဆိုပြီး ဖိုးထူးအတွက် ကျသင့်ငွေ ရှင်းပေးပြီး ဖိုးထူးကိုပါ ပြန်ခေါ် သွားပါတော့တယ်။
ဖိုးထူးက နှုတ်ကနေ “ငါ ရှင်းပြီးသားပါကွာ၊ တမင် စွပ်စွဲကြတာ. . ငါ ရှင်းပြီးသား . .”ဆိုပြီး တဖွဖွ
ပြောလိုက်၊ ငူငူငေါင်ငေါင် လုပ်လိုက်နဲ့ သူ့
လုပ်ဖော်ကိုင်ဖက် မိတ်ဆွေကို သန့်ဇင်ခေါ်ရာကို လိုက်သွားခဲ့တယ်။ နောက်က လိုက်လာရင်း လိုက်လာရင်း တစ်နေရာ ရောက်တော့ ဘာမပြော၊ ညာမပြောနဲ့ တခြားလမ်းတစ်နေရာကို သူ့ဘာသာ ချိုးထွက်သွားခဲ့တယ်။ အဲဒါနဲ့ ကိုသန့်ဇင်က ဇွတ်အတင်း လိုက်ခေါ်ပြီး သူတို့အတူနေတဲ့ အဆောင်ကို ရောက်သွားတယ်။ အဲဒီအဆောင် မှာလည်း ညဉ့်နက်တဲ့အချိန်ကျတော့ ဖိုးထူး တစ်ယောက် ပျောက်သွားပြန်တယ်။

“ဖိုးထူး ပျောက်သွားပြန်ပြီ၊ ဘယ်ထွက်သွားတာလဲ မသိဘူး၊ ရှာကြပါဦး . . ဘယ်မှာ ပြဿနာတွေ တက်နေပြန်ပြီလဲ မသိဘူး” ဆိုပြီး အတူနေ မိတ်ဆွေတွေ အနီးအနား လိုက်ရှာကြတယ်။ မတွေ့တဲ့ အခါကျတော့

မနက်မိုးလင်းမှ ထပ်ရှာတော့မယ် ဆိုပြီး နေလိုက် ကြတယ်။ မနက်စောစော ၃ နာရီလောက်မှာ ရဲစခန်းကနေ ကိုသန့်ဇင်ဆီကို ဖုန်းလှမ်းဆက်ခဲ့တယ်။
“မင်းတို့အလုပ်ဌာနက သူငယ်ချင်းတစ်ယောက် ရဲစခန်း ရောက်နေတယ်၊ လမ်းဘေးတစ်နေရာမှာ အိပ်နေလို့ ကင်းလှည့်တဲ့ အဖွဲ့က တွေ့တာနဲ့ “ဒီနေရာမှာ အိပ်နေတာ ဘယ်ကကောင်လဲ မသိဘူး”ဆိုပြီး ခေါ်လာတာ၊ စခန်းရောက်တော့ မင်းတို့ အလုပ်ထဲက သူငယ်ချင်း ဖြစ်နေမှန်း ရဲတပ်ကြပ် ကိုမောင်မောင်ကသိလို့ လှမ်းဆက်
လိုက်တာ” အဲဒါနဲ့ ကိုသန့်ဇင်တို့ သူငယ်ချင်း
တွေလည်း ဖိုးထူးဆီ သွားခေါ်ကြရတော့တယ်။ အဲဒီတော့လည်း ဖိုးထူးက ငူငူငေါင်ငေါင်နဲ့ ဘာစကားမှ ပြန်မပြောဘူး၊ ဘာမေးမေး ပြန်မဖြေဘူး၊ ဒါနဲ့ ကိုသန့်ဇင်တို့ သူငယ်ချင်းတွေ တိုင်ပင်ပြီး ဆရာ့ဆီကို ခေါ်လာခဲ့တော့တယ်။ “ပြီးခဲ့တဲ့
တစ်ပတ်လောက်ကတည်းက သူက ဘာအစာမှ
ကောင်းကောင်း မစားဘူး ဆရာ၊ ပြီးတော့
ကောင်းကောင်းလည်း မအိပ်ဘူး၊ စကားကို
ဖောင်ဖွဲ့နေအောင် လျှောက်ပြောပြီး သူသွားချင်တဲ့
နေရာကို ကောက်ထွက်သွားတယ်။ အလုပ်ထဲမှာလည်း ဘာအလုပ်ကိုမှ ပြီးပြတ်အောင် မလုပ်ဘူး ဆရာ၊ လုပ်နေရင်း ထွက်သွားတော့ အလုပ်ရှင်က ဆူပူ အော်ဟစ်တယ်၊ အဲဒါနဲ့ သူက စိတ်ညစ်လို့ဆိုပြီး ပျောက်သွားတာ နှစ်ရက်လောက် ရှိပြီ” ဆိုပြီး ဖိုးထူးရဲ့ ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြခဲ့တယ်။ “ထူးခြားတာက ဆရာ. . အရင်က ဖိုးထူးက ဆေးလိပ် လုံးဝ မသောက်တတ်ဘူး၊ အခုရက်ပိုင်း ဆေးလိပ်တွေ အရမ်း သောက်လာ
တယ်၊ တစ်ခါတစ်ခါ သူ့ဆီက အနံ့တစ်မျိုးကိုလည်း ရနေတတ်တယ်။ အဲဒီအနံ့က ဆေးခြောက်နံ့လို့ အဆောင်က သူငယ်ချင်းတစ်ယောက် ကတော့ ပြောတယ် ဆရာ. .}}
ဖိုးထူးကို လိုအပ်တဲ့ သွေး၊ ဆီး၊ ဝမ်း စတာတွေ အသေးစိတ် စစ်ဆေးကြည့်လိုက်တော့ အစာကို မှန်မှန်မစားတာနဲ့ ကောင်းကောင်း မအိပ်တာ တို့ကြောင့် သွေးအားနည်းနေတာကို တွေ့ရ
ပါတယ်။ ဒါ့အပြင် ဆေးခြောက် သုံးစွဲထားတယ်ဆိုတဲ့ အဖြေကိုလည်း တွေ့ရပါတယ်။ အလုပ်ထဲမှာ စိတ်ညစ်ပြီး မပျော်ရွှင်တာကြောင့် မေ့လျော့တဲ့
ပြဿနာတွေကိုလည်း ခံစားနေရပါတယ်။ အခု နောက်ပိုင်း ဆေးလိပ်တွေ အများကြီး
သောက်နေတဲ့အပြင် ဆေးခြောက် သုံးစွဲတာတွေလည်း ရှိတဲ့အတွက် ဖိုးထူးကို လိုအပ်တဲ့ ဆေးဝါးတွေ ပေးရင်း စနစ်တကျ မှတ်ပုံတင်ပြီး ဆေးရုံတင်ကာ ကုသမှု
ပေးရပါတော့တယ်။

အားလုံး ကိုယ်၊ စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ။

Most Popular

Healthy Life Ad
To Top