Healthy Life Ad
Health Tips

ကိုယ့်ခန္ဓာကိုယ်ကို အလိုမကျ ဖြစ်နေသလား

၊ လရိပ်မေ ၊

“ရတာမလို၊ လိုတာမရ” ဆိုသလို ပိန်တဲ့သူက ဝချင်တယ်၊ ဝတဲ့သူက ပိန်ချင်တယ်. . အများအားဖြင့် လူအများစုက ကိုယ့်ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး အလိုမကျ ဖြစ်နေတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်ခန္ဓာကိုယ် အချိုးအစားကို သဘောကျပေးမှသာ ပိုပျော်ရွှင်ပြီး ယုံကြည်မှုပိုရှိသူ ဖြစ်လာမှာပါ။

(၁) အဆိုးမြင် အတွေးများကို မောင်းထုတ်ပါ
ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ဗိုက်ပူတယ်၊ ခါးတုတ်တယ် စသဖြင့် အဆိုးမြင် အတွေးတွေ ဝင်လာရင် မောင်းထုတ်လိုက်ပါ။ လှပတဲ့ အစိတ်အပိုင်းတွေကို ရွေးကြည့်ပါ။ ဥပမာ ငါ့ခြေတံက ဖြောင့်စင်းနေတာပဲ၊ ပခုံးက မတ်နေတာပဲ စသဖြင့် တွေးပါ။

(၂) အနုပညာရှင်များကို အားမကျပါနှင့်
တီဗီကြော်ငြာတွေ၊ ဖက်ရှင်မဂ္ဂဇင်းတွေ ဖတ်တဲ့အခါ မော်ဒယ်လ်တွေ ဘယ်လောက် ပိန်တယ်ဆိုပြီး အားကျမနေပါနဲ့။ သင့်ရည်ရွယ်ချက်က ပိန်ဖို့ထက် ကျန်းမာဖို့ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီတဲ့ ကိုယ်အလေးချိန်ကိုပဲ ထိန်းပေးပါ။

(၃) သင့်ခန္ဓာကိုယ်အသံကို အာရုံစိုက်ပါ
သင်နဲ့ သင့်ခန္ဓာကိုယ်အတွက် အဆင်ပြေတဲ့ လုပ်ဆောင်မှုတွေကို နားလည်ပါ။ ယောဂကျင့်တာ၊ ခပ်သွက်သွက် ပြေးတာ၊ ခွေးနဲ့အတူ လမ်းလျှောက်တာ စတဲ့ လှုပ်ရှားမှုထဲက သင်အနှစ်သက်ဆုံး လှုပ်ရှားမှုကို လုပ်ဆောင်ရင်း သင့်ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်အပေါ် စိတ်ဖိစီးမှုများတာကို တွန်းလှန်ပစ်လိုက်ပါ။

(၄) သင့်ဘဝအတွက် အကောင်းဆုံး ပိုင်ဆိုင်မှုများကို စာရင်းပြုစုပါ
သင့်ဘဝမှာ သူငယ်ချင်းကောင်း ရှိချင်ရှိမယ်၊ သင့်မှာ ဟာသဉာဏ် ရှိရင်ရှိမယ်. . အဲဒီလို သင့်ဘဝအတွက် အကောင်းဆုံး ပိုင်ဆိုင်တဲ့ အရာတွေကို စာရင်းပြုစုလိုက်ရင် ကိုယ့်ကိုယ်ကိုယ် သဘောကျ လေးစားစိတ် မြင့်တက် လာပါလိမ့်မယ်။

(၅) ပြုပြင်ပြောင်းလဲရန် စတင်ပါ
သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ပြုပြင် ပြောင်းလဲနိုင်တာကို ပြုပြင်လိုက်ပါ။ ဥပမာ အသက်ကြီးမှ အရပ်ရှည်ချင်လို့ မရပါဘူး။ ဒါပေမဲ့ သင့်အရပ်နဲ့ လိုက်လျောညီထွေ ရှိတဲ့ ကိုယ်လုံးကိုယ်ထည်ကို ပြုပြင် ပြောင်းလဲလို့ ရပါတယ်။ သင့်စိတ်ကျေနပ်မှု ရရှိဖို့ အခုပဲ စတင်ပြုပြင် ပြောင်းလဲလိုက်ပါတော့။

(Ref;HD)

Most Popular

Healthy Life Ad
To Top