Healthy Life Ad
Health Tips

မီးဖွားပြီးစ မိခင်တို့အတွက် အာဟာရပြည့်ဝ အစာ ၉ မျိုး

စူး (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးလို့ ကလေးမွေးဖွားပြီးချိန်မှာ အမျိုးသမီးတွေဟာ ကိုယ့်ကျန်းမာရေးကို အထူးဂရုစိုက်သင့်ပါတယ်။ ဒါမှသာ ကလေးမွေးစဉ် ခံစားရတဲ့ စိတ်ရော ကိုယ်ပါ ပင်ပန်းနွမ်းနယ်မှု သက်သာရာ ရမှာ ဖြစ်သလို မိဘဖြစ်ချိန် ခံစားရတဲ့ ဖိအားဒဏ်ကိုလည်း ထိန်းချုပ်နိုင်မှာပါ။ ကလေး မွေးပြီးချိန်မှာ မိခင်နို့တိုက်ဖို့ အရေးကြီးပါတယ်။ မိခင်နို့ချို တိုက်ကျွေးတဲ့ မိခင်တွေက ကလေးရော မိခင်ပါ ကျန်းမာအားပြည့်နေစေဖို့ အောက်ပါ အစာတွေကို စားပေးသင့်ပါတယ်။

(၁) ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ပရိုတင်းဓာတ် အများအပြား ပါဝင်တဲ့အပြင် အမိုင်နိုအက်စစ်လည်း ပါဝင်ပါတယ်။ ဒီဓာတ်တွေက သင်နဲ့ သင့်ကလေးကို ကျန်းမာစေမယ့် အာဟာရပါ။ ဥအနှစ်ဟာ ဗီတာမင်ဒီရဲ့သဘာဝ အရင်းအမြစ်ဖြစ်ပြီး အရိုးကြီးထွား သန်စွမ်းရေးအတွက် မရှိမဖြစ် အရေးပါလှပါတယ်။ ဥအမျိုးမျိုးမှာ ပါဝင်တဲ့ ကိုလင်းဓာတ်က ကလေးရဲ့ ဦးနှောက်ရှိ မှတ်ဉာဏ်စင်တာကို အထောက်အကူ ပြုပါတယ်။

(၂) ဂျုံကြမ်း
ဂျုံကြမ်းမှာ ပါဝင်တဲ့ အမျှင်ဓာတ်ကြောင့် အစာ ကြေညက်လွယ်စေပြီး မီးဖွားပြီးစအချိန်မှာ ဖြစ်တတ်တဲ့ ဝမ်းချုပ်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

(၃) ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ DHA လို ကောင်းတဲ့ အဆီ ပါဝင်မှုများပါတယ်။ ဒီဓာတ်တွေက ကလေးရဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှုကို အကူအညီပေးပါတယ်။

(၄) ဆန်လုံးညို
ဆန်လုံးညိုဟာ သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်နိုင်ပြီး တစ်နေ့လုံး စွမ်းအင်တိုးစေပါတယ်။

(၅) ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီသီးမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်တာကြောင့် သွေးကြောထဲက ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ဒါ့အပြင် ရောဂါဝေဒနာ အများစုကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၆) ဟင်းနုနယ်ရွက်
မိခင်နို့ချို အထွက်တိုးစေဖို့ မီးဖွားပြီးစမိခင်တွေက ဟင်းနုနယ်ရွက်များများ စားသင့်ပါတယ်။ ဟင်းနုနယ်ရွက်မှာ ဗီတာမင်အေ များစွာ ပါဝင်တာကြောင့် မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် မဂ္ဂနိစ်လည်း ပါဝင်တဲ့အတွက် အရိုးနဲ့ အရိုးနုကို ဖွံ့ဖြိုးစေပြီး ဗိုက်ခွဲမွေးထားတဲ့ မိခင်တွေမှာ အနာကျက်နှုန်း ကောင်းစေပါတယ်။

(၇) နွားနို့
မိခင်နို့ချို အထွက်တိုးစေဖို့ မီးဖွားပြီးစ မိခင်တွေက နွားနို့သောက်သင့်ပါတယ်။ နွားနို့ဟာ ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေပါတယ်။

(၈) Almond သစ်စေ့
ဒီသစ်စေ့မှာ သင်နဲ့ သင့်ကလေး ကျန်းမာရေး အတွက် မရှိမဖြစ် အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ Almond သစ်စေ့မှာ ပါတဲ့ ဖက်တီးအက်စစ်က မိခင်ကို နို့ချိုအထွက်တိုးစေပါတယ်။

(၉) စမုန်စပါး
စမုန်စပါးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက အစာကြေစေပြီး မိခင်နို့ချိုအထွက်တိုးစေပါတယ်။ဒါ့အပြင် ကလေးတွေ လေမထအောင် ကာကွယ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top