Healthy Life Ad
Child

သင့်ကလေး ထက်မြက်၊ အောင်မြင်လာစေရန် ပြုစုပျိုးထောင်နည်း ၆

ပါမောက္ခဒေါက်တာနီလာကြူ
(စိတ်ပညာရှင်ပါမောက္ခ ဌာနမှူး စိတ်ပညာဌာန ရန်ကုန်နှင့်တွေ့စုံဆွေးနွေးခြင်း)

တချို့မိဘတွေက လူကြီးချင်းတွေ့တဲ့အခါ ကလေးတွေရှေ့မှာ ကလေးဆိုးကြောင်း ပြောလေ့ရှိကြပါတယ်။ အဲဒါက ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိတတ်ပါသလဲ ဆရာမ။
တချို့မိဘတွေက ကလေးမှာ အပြစ်ရှိလို့ အပြစ်ပေးတာပဲဆိုပြီး အပြစ်ပေးတာတွေ လုပ်တယ်၊ မှန်တာပြောတာပဲဆိုပြီး လူရှေ့မရှောင် ပြောတယ်၊ တစ်ခါတလေ လူကြီးချင်း စကားပြောစရာမရှိလို့ ပြောလိုက်တာပဲ ဆိုပေမယ့် ကလေးက အရှက်ရသွားပါတယ်၊ အဲဒီလိုနည်းလမ်းသုံးရင် ကလေးက မိဘအပေါ် လေးစားမှု (Respect) မရှိတော့ဘူး၊ မိဘကို ရန်လိုတဲ့ (Agressive) အပြုအမူတွေဖြစ်တဲ့ ရိုက်နှက်တာ၊ အော်တာတို့နဲ့ တုန့်ပြန်တယ်။ မိဘက သူ့အပေါ် တရားတယ်လို့ မထင်ဘဲနဲ့ သူ့အပေါ် တမင်သက်သက် လုပ်တယ်၊ ညှိုးတယ်လို့ ထင်နေတယ်။ သူ့အပြုအမူအပေါ် အပြစ်တင်တယ်လို့ မထင်ဘဲ သူ့ကို အရှက်ခွဲတယ်၊ သူ့ကို အထင်မကြီးဘူး၊ သူ့ကို ညှိုးနေတယ်လို့ ထင်သွားပါတော့တယ်။ အဲဒီတော့ စိတ်ခုသွားပါတယ်။ ဒါကြောင့် ဒီလိုအပြုအမူတွေကို မလုပ်သင့်ပါဘူး။

– တစ်ခါတလေမှာ တချို့ကလေးတွေက အော်ဟစ်တာ၊ တစ်ခုခုကို ရိုက်နှက်တာ၊ လက်ထဲက ပစ္စည်းတွေ လွှင့်ပစ်တာတွေ လုပ်တတ်ကြတယ်။ အဲဒါ ဘာကြောင့်ပါလဲ ဆရာမ။
အဲဒီလို လုပ်တာတွေက တချို့ကလေးတွေက အာရုံစူးစိုက်မှု (Attention) ရချင်လို့ပါ။ တချို့ကလေးတွေကကျတော့ မိဘက သူတို့ကို ရိုက်နှက်တဲ့အခါမျိုးမှာ ခုနကပြောသလို သူတို့ အပြုအမူတွေပေါ် ရိုက်နှက်တယ်လို့ မထင်ဘဲ သူတို့ကို တမင်ရိုက်နှက်တယ်လို့ ထင်ပြီး မိဘကို ရန်လိုကြောင်း၊ မကျေနပ်ကြောင်း ဖော်ပြတတ်ပါတယ်။ ဒီလိုအပြုအမူကို ကလေးက တစ်ခါတလေ လုပ်တယ်ဆိုရင် Time out ပုံစံမျိုးနဲ့ အပြစ်ပေးပြီး ပြုပြင်လို့ရပါတယ်။
ကလေးတွေ ရန်လိုရင်၊ အရမ်းငိုပြီး ဂျီကျနေရင်၊ တခြားသူတွေကို ရိုက်ပုတ်နေရင်၊ အရုပ်တွေ လွှင့်ပစ်တာမျိုးလုပ်နေရင် တစ်နေရာမှာ ခဏတဖြုတ် ငြိမ်ပြီးရပ်နေ၊ ထိုင်နေဆိုတဲ့ နည်းနဲ့ အချိန်ကုန်စေပြီး အပြစ်ပေးတာကို Time Out လို့ ခေါ်ပါတယ်။ ဒီလို ကလေးကို အခန်းတစ်နေရာမှာ၊ အတန်းထောင့်မှာ မလှုပ်ဘဲ ငြိမ်ငြိမ်သွားရပ်နေ ဆိုတာမျိုး၊ ဆရာမခုံဘေးမှာ ငြိမ်ငြိမ်လေးရပ်နေ ဆိုတာမျိုးနဲ့ အပြစ်ပေးသင့်ပါတယ်။ ဒီလို အပြစ်ပေးရင်တော့ အာရုံစိုက်ခံချင်လို့လုပ်တဲ့ သူရဲ့ဆိုးသွမ်းတဲ့ အပြုအမူက ဆက်ပြီး တိုးမလာတော့ဘဲ ရပ်သွားတတ်ပါတယ်။
သူ့ကို အရေးစိုက်ခံချင်ရင် လူထူထူမှာ ဒါမျိုးတွေ ထအော်တာတို့၊ တစ်ခုခုကို ရိုက်ပုတ်တာတို့ လုပ်နေတတ်ပါတယ်။ ဒီအခြေအနေမှာ Time Out ပုံစံမျိုးနဲ့ အပြစ်ပေးတာက အဆင်ပြေပါတယ်။

– မျှဝေစာနာတတ်ပြီး လိမ္မာရေးခြားရှိတဲ့ ကလေးတွေဖြစ်လာအောင် ဘယ်အရွယ်ကတည်းက စတင် ပျိုးထောင်သင့်ပါသလဲ ဆရာမ။
ကလေးတစ်ယောက်မှာ မျှဝေစာနာတတ်တဲ့ စိတ် (Empathy) ရှိ မရှိဆိုတာကလည်း မျိုးရိုးနဲ့ ပတ်ဝန်းကျင် နှစ်မျိုးစလုံး သက်ဆိုင်ပါတယ်၊ နှစ်မျိုးစလုံး အရေးပါပါတယ်။မွေးကင်းစ အချိန်ကတည်းကစပြီး ကလေးတွေမှာ စာနာတတ်တဲ့စိတ်က ပြနေပါပြီ။ ဥပမာ မွေးပြီး ၁၈ နာရီကနေ ၇၂ နာရီအတွင်းမှာကိုပဲ ကလေးလေးတွေက စာနာတတ်နေပြီ၊ တခြားကလေးတွေက နာလို့ ကျင်လို့ ငိုတယ်ဆိုရင် သူတို့ကလည်း ဒီဘက်မှာ အဲဒီလို အသံကြားတာနဲ့ စိတ်မကောင်းဖြစ်ကြောင်း ပုံစံတစ်မျိုးမျိုးနဲ့ ပြနေတတ်ပါတယ်။ ဒါက အစပဲ ရှိပါသေးတယ်။
သူများကို စာနာတဲ့ အပြုအမူရှိကြောင်း ပိုပြီး သိသာလာတာကတော့ တောက်တောက်ပြေးတဲ့ အရွယ် (Toddler) ၁၄ လကနေ ၃၆ လအတွင်း (တစ်နှစ်ကျော်ကနေ သုံးနှစ်အတွင်း)မှာပါ၊ မိဘကလည်း Authoritative Parentive Style (ကလေးကို စည်းကမ်းထားပြီး ချစ်ခင်မှုပေးတယ်၊ ပြီးရင် ဒီစည်းကမ်းကို ဘာကြောင့် လိုက်နာသင့်တယ်ဆိုတဲ့ ကျိုးကြောင်းပြပြီး ရွေးချယ်စေတဲ့ အုပ်ထိန်းမှုပုံစံ)နဲ့ ပျိုးထောင်ပေးတယ်ဆိုရင် ကလေးက စာနာထောက်ထားစွာ ကြီးပြင်းလာရတော့ သူများကို စာနာထောက်ထားတယ်၊ သူတစ်ပါးကို ကူညီတယ် . . အဲဒီအရွယ်မှာ ကတည်းက စာနာတတ်နေပါပြီ။
ဒါပေမဲ့

သိစိတ် (Conscious) ကနေ စာနာတယ်ဆိုတာ ဘယ်အချိန်မှာစပြီး ဖွံ့ဖြိုးတာလဲဆိုရင်တော့ အသက်လေးနှစ်ကနေ ငါးနှစ်အရွယ် (Preschool) ရောက်မှပါ။ ဒါဆိုရင်တော့ ကူညီသင့်တယ်၊ ဒါဆိုရင်တော့ မလုပ်သင့်ဘူး ဆိုတာမျိုးကို စဉ်းစဉ်းစားစားနဲ့ ရှေ့နောက်
ညီညီညွတ်ညွတ် ဆုံးဖြတ်တတ်တာက

မူကြိုအရွယ်မှာ စပါတယ်။ အဆုံးစွန်အထိ အင်္ဂါရပ်(Trate) တစ်ခုအနေနဲ့ ငြိမ်သွားတာကတော့ Early Adulthood လို့ခေါ်တဲ့ အရွယ်မှာပါ။ အဲဒီအချိန်မှာတော့ မစာနာတတ်တဲ့သူကို စာနာတတ်အောင် ပြန်လုပ်ဖို့ ခက်သွားပါတယ်။ ဒါပေမဲ့ လုံးဝပြင်လို့မရတာတော့ မဟုတ်ပါဘူး။ သေချာလေ့ကျင့်ပြီး သေချာစာနာတတ်အောင် ကျင့်ကြံပေးမယ်ဆိုရင်တော့ ပြန်ပြီး စာနာတတ်လာနိုင်ပါတယ်။ စာနာမျှဝေတတ်တဲ့ စိတ်ရှိဖို့ဆိုရင်တော့ မွေးကင်းစအရွယ်ကနေ စပြီး မိဘနဲ့ကလေး ဆက်ဆံရေးက အရေးကြီးဆုံး ဖြစ်ပါတယ်။ ကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ် မော်ဒယ်အနေနဲ့ထားပြီး ကိုယ့်ကို စာနာခံရရင် တခြားသူကို ပြန်စာနာတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top