Healthy Life Ad
Child

ကလေးကို ကျောင်းထားတော့မည် ဆိုလျှင် . . .

၊ မီမိုး (ဆေးဝါးတက္ကသိုလ်) ၊

ကလေးကို ကျောင်းထားတော့မယ်ဆိုရင် မိဘတွေက ကျောပိုးအိတ်အသစ် ဝယ်ပေးတာ၊ ကျောင်းသုံးပစ္စည်းတွေ ဝယ်ပေးတာ၊ ကျောင်းဝတ်စုံအသစ် ဝယ်ပေးတာတို့ လုပ်ပြီး ပြင်ဆင်လေ့ ရှိပါတယ်။ ဒါတွေအပြင် ကလေးကို ကျောင်းမထားခင်မှာ ကလေးရဲ့ ကျန်းမာရေးအတွက် စောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးရပါမယ်။ ဒါမှသာ ကလေးဟာ စာသင်ခန်းထဲမှာ ရောဂါပိုးတွေ မျှဝေတာမဖြစ်ဘဲ အမြဲ ကျန်းမာတက်ကြွ နေမှာပါ။

– လက်ဆေးရင်း သီချင်းဆိုပါ
ရောဂါပိုးမွှားတွေ မကပ်ငြိစေဖို့ အထိရောက်ဆုံး နည်းက လက်ဆေးသင့်တာပဲ ဖြစ်ပါတယ်။ ကလေးဟာ လက်ချောင်းနဲ့ လက်ဖဝါး ရှေ့နောက်တွေပါမကျန် သန့်စင်အောင် ဆေးကြောဖြစ်စေဖို့ လက်ဆေးတဲ့အခါ “ Happy Birthday To you “ သီချင်းကို အစကနေ အဆုံးအထိ ဆိုခိုင်းပါ။ သီချင်းတစ်ပိုဒ်လုံး ဆိုပြီးတဲ့အခါ လက်တွေ သန့်စင်နေမှာပဲ ဖြစ်ပါတယ်။ လက်ကို ဆပ်ပြာနဲ့ရေသုံးပြီး ဆေးကြောသန့်စင်တာ အကောင်းဆုံးဆိုတာ ကလေး သိနေပါစေ။

– ကာကွယ်ဆေးထိုးရန် မမေ့ပါနှင့်
ကလေးကို ကာကွယ်ဆေးတွေ ပုံမှန်ထိုးပေးဖို့ လိုပါတယ်။ ကလေးကို ကျောင်းမထားခင် မိုးရာသီမတိုင်မီမှာ တုပ်ကွေးကာကွယ်ဆေး ထိုးပေးပါ။

– ဆရာဝန်နှင့် ပုံမှန်ပြပါ
ကလေးက ကျန်းမာနေတဲ့ တိုင်အောင် ဆရာဝန်နဲ့ ပုံမှန်ပြပြီး ရောဂါတွေကို ဘယ်လို ကာကွယ်သင့်သလဲ၊ ဘယ်လို အားဆေး တိုက်ကျွေးသင့်သလဲ စသဖြင့် တိုင်ပင်ဆွေးနွေးပါ။ ဒါ့အပြင် ကလေးဟာ ဘောလုံးကန်တာ၊ ရေကူးတာ စတဲ့ အားကစားတွေအတွက် သင့်တော်ရဲ့လား ဆိုတာ မေးမြန်းပါ။

– ကျောင်းတွင် အဆင်ပြေစေမည့် အကျင့်ကို ဖန်တီးပါ
စာသင်ခန်းမပို့ခင် တစ်ပတ်အလိုကတည်းက ကလေးကို ကျောင်းအချိန်ဇယားအတိုင်း လိုက်လျောညီထွေရှိတဲ့ အိပ်စက်မှုပုံစံဖြစ်အောင် ကျင့်ပေးပါ။ ကလေးကို ကွန်ပျူတာဂိမ်း ကစားချိန်၊ တီဗီကြည့်ချိန် စတာတွေ ကန့်သတ်ထားရမှာပါ။ ကျောင်းတက်တဲ့ နေ့ရက်တွေမှာ လုံလုံလောက်လောက် အနားရမှသာ ကလေးက ကျန်းမာနေမှာ ဖြစ်ပါတယ်။ အိပ်ရေးပျက်ရင် ကလေးရဲ့ ကျောင်းတွင်း စွမ်းဆောင်နိုင်မှုကို ထိခိုက်စေနိုင်ပါတယ်။

– ကောင်းမွန်သော အစာကျွေးပါ
ကလေးဘဝမှာ အဝလွန်ရင် ကျန်းမာရေး အန္တရာယ်တွေ ကျရောက်စေနိုင်ပါတယ်။ အထူးသဖြင့် ကလေးကျန်းမာပြီး အဝမလွန်စေဖို့ နံနက်စာကို ကောင်းကောင်း ကျွေးရပါမယ်။ နံနက်စာ ကောင်းကောင်းစားရတဲ့ ကလေးတွေက မစားရတဲ့ ကလေးတွေထက် စာသင်ချိန်မှာ တက်ကြွလန်းဆန်း နေပါလိမ့်မယ်။ သင့်တော်ကောင်းမွန်တဲ့ အစာကျွေးရင် ရောဂါပိုးမွှားတွေ ကင်းစင်နေမှာပါ။ ကောင်းမွန်တဲ့ အာဟာရဓာတ်ရှိရင် ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိတာနဲ့ တုပ်ကွေး ရောဂါဖြစ်နှုန်း လျော့ကျစေပါလိမ့်မယ်။

– ခေါင်းက သန်းများကို စစ်ဆေးပါ
သင့်ကလေးက ခေါင်းကို ကုတ်ခြစ်နေသလား။ ကလေးတွေရဲ့ ခေါင်းကို ကြည့်ပေးပါ။ ကလေးကို တခြားသူရဲ့ ခေါင်းဘီးကို ယူမဖြီးဖို့၊ ဦးထုပ် ယူမဆောင်းဖို့နဲ့ ခေါင်းအုံးအတူတူမျှ မအိပ်ဖို့သင်ပေးပါ။

– ဓာတ်မတည့်မှုဖြစ်တတ်သည့် အရာများကို ဆန်းစစ်ပါ
ကလေးဟာ ဖုန်မှုန့်မွှား၊ မှိုပိုးနဲ့ တခြားဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေနဲ့ ဓာတ်မတည့်မှု ဖြစ်သလားဆိုတာ ဆန်းစစ်ပါ။ တချို့ကလေးတွေဟာ ဓာတ်မတည့်မှုကြောင့် နှာစေးတာ၊ နှာရည်ကျတာ၊
ချောင်းဆိုးတာနဲ့ မျက်ရည်ယိုတာတို့ ဖြစ်တတ်ပါတယ်။ တချို့ကလေးတွေအတွက် ဓာတ်မတည့်မှု ဖြစ်စေတဲ့ အရာတွေကြောင့် ပန်းနာရင်ကျပ်ထတာနဲ့ နှာခေါင်းမြှေးတွင်း ပိုးဝင်တာတို့ ဖြစ်စေနိုင်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top