Healthy Life Ad
Life Style

သွေးချိုကျရင် ဘာဖြစ်တတ်သလဲ . . .

ပါမောက္ခဒေါ်သန်းသန်းအေး ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး

သွေးချိုအကျလွန်တဲ့ အဖြစ်အပျက်လေး တစ်ခုအကြောင်းကို စာဖတ်သူတွေ မှတ်မိနားလည်စေဖို့ အတွေ့အကြုံလေးတစ်ခုကို ဖော်ပြလိုက်ပါတယ်။
တစ်ခါက အသက် ၇၀ အရွယ်လူနာ ဦးတင်ရွှေဟာ သတိလစ်ပြီး အိပ်ပျော်သလိုဖြစ်နေတာ တစ်ရက်နီးပါး ရှိသွားတဲ့အတွက် သမီးဖြစ်သူမပြုံးက အရေးပေါ်အနေနဲ့ ဆေးရုံတင်ခဲ့ပါတယ်။ လူနာက လေဖြတ်နေသလို ထင်ရပေမယ့် ချွေးစေးတွေပြန်ပြီး တစ်ချက်တစ်ချက် တက်သွားပါသေးတယ်။ သွေးဖိအားက ၁၈၀ / ၉၀ mmHg ရှိနေပါတယ်။ ကိုယ်တစ်ခြမ်း အကြောသေသလို မလှုပ်နိုင်တာမျိုးမရှိဘဲ နှစ်ဖက်စလုံး မလှုပ်တာဆိုတော့ လေဖြတ်တာနဲ့ သိပ်မတူပါဘူး။ သွေးချိုစက်နဲ့ တိုင်းလိုက်တော့ သွေးချို ၃၀ mg / d1 ပဲ ရှိနေတာ တွေ့ရပါတယ်။ သူဘာကြောင့် သွေးချိုကျနေတာလဲဆိုတာ သိလိုတဲ့အတွက် မပြုံးကို မေးကြည့်လိုက်ပါတယ်။

“ဦးလေးမှာ ဆီးချိုသွေးချိုရောဂါ ရှိလား၊ သွေးချိုကျဆေးတွေကော သောက်နေရလား”
“အရင်ကတော့ မရှိပါဘူး၊ ရန်ကုန်မြို့ကို ဘုရားဖူးရောက်ရင်း သွားမကောင်းလို့ သွားဆေးခန်း ရောက်တော့မှ စက်နဲ့စစ်ကြည့်တာ ၂၁၀ ဖြစ်နေပါတယ် ဆရာမ. . ဆီးချိုသွေးချိုကို အရင်ကုပြီးမှ သွားနုတ်ပေးမယ်လို့ ပြောလိုက်ပါတယ်။ ကျွန်မတို့က လမ်းမှာရေဆာလို့ ကျောက်ကျော သောက်ခဲ့လို့များလားလို့ ထင်မိပေမယ့် သေချာအောင် ဆရာဝန်သွားပြလိုက်ပါတယ်”လို့ မပြုံးက ပြန်ဖြေပါတယ်။

“အဲဒီတော့ သူကဘာပြောလဲ၊ ဘယ်လိုဆေးတွေ ပေးလိုက်လဲ”လို့ ဆရာမက ထပ်မေးကြည့်လိုက်တဲ့ အခါ-
“ဆရာဝန်က ဒါဆီးချိုဖြစ်နေပြီ၊ ဒီဆေးလေးကို တစ်နေ့နှစ်ကြိမ်၊ တစ်ခါသောက် တစ်လုံး သောက်ပါလို့ပြောပြီး တစ်ပတ် ပြန်ချိန်းလိုက်ပါတယ်။ ထမင်းတွေ၊ အချိုတွေ လျှော့စားဖို့လည်း မှာလိုက်ပါတယ်”လို့ ဖြေပါတယ်။
“အင်း . . ဟုတ်ပါပြီ. . ဒါနဲ့ ဘယ်လို ဆက်ဖြစ်သွားတာလဲ”ဆိုတော့-
“ဒါနဲ့

အဖေက အချိုလည်း မစားတော့ဘူး၊ ထမင်းလည်း လျှော့စားတယ်၊ အဲဒီညနေက စပြီး ဆေးတွေ စသောက်ပါတယ် ဆရာမ . . နောက်နေ့မှ နည်းနည်းမူးနေတာ၊
သွေးချိုတက်လို့ မူးတာထင်ပြီး နံနက်ဆေးကို ဆက်သောက်ပါတယ်၊
ချွေးစေးတွေပြန်ပြီး ရင်တုန်လာတယ်လို့ ပြောတယ် ဆရာမ . .
ဒါပေမဲ့ ဆရာက ဆေးမှန်မှန်သောက်ဖို့ မှာလိုက်လို့ ညနေဆေးလည်း ထပ်သောက်လိုက်တယ်၊ မနက်မိုးလင်းတော့ အိပ်နေလိုက်တာ မနိုးတော့ဘူး၊ ကျွန်မတို့ကလည်း အဖေရန်ကုန်မှာ
လျှောက်လည်ရတာ ပင်ပန်းနေလို့ ပိုအိပ်နေတာပဲ ထင်မိတာ . . အခု နေမွန်းတည့်တဲ့အထိ
နှိုးလို့မရတော့မှ သတိလစ်နေမှန်း သိရတယ်၊ အခု အဖေဘာဖြစ်နေတာလဲ ဆရာမ၊ လေဖြတ်သွားပြီလား . .”

“ဒါ သွေးချိုကျလွန်းသွားတာပါ၊ လေဖြတ်တာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဂလူးကို့စ် အချိုဓာတ်ကို အကြောထဲထိုးပေးတာ နှစ်လုံးရှိပြီ၊ လုံးဝမထူးလာဘူး၊ ဖြစ်ဖြစ်ချင်းဆိုရင်တော့ ချက်ချင်း ပြန်နိုးလာတတ်တယ်။ အခု တခြားဆေးတွေ ထပ်ပေးကြည့်မယ်။ ဦးနှောက်စီတီရိုက်ပြီး လေဖြတ်တာ ဟုတ်၊ မဟုတ် သေချာအောင် စစ်ကြည့်ပေးပါမယ်။ ဒါနဲ့ အိမ်မှာ သွေးချိုတိုင်းတဲ့ စက်ကော မရှိဘူးလား၊ ဒီစက်ရှိရင် သွေးချိုကျသွားမှန်း ကြိုသိပြီး ဆီးချိုဆေး လျှော့သောက်မယ်၊ အချိုစားလိုက်မယ်ဆိုရင် ဒီလို မဖြစ်တော့ဘူးပေါ့”
“အဲဒီစက်လည်း မဝယ်ဖြစ်သေးဘူး ဆရာမ၊ သွေးချိုကျတတ်မှန်းလည်း ဘယ်သူမှ မပြောပြထားလို့ မသိခဲ့တာ အမှန်ပဲ၊ ဒီလို သိပ်အိပ်တာ၊ ချွေးစေးတွေ ပြန်တာ၊ ရင်တုန်တာတွေက သွေးချိုဓာတ်နည်းတဲ့ လက္ခဏာမှန်း အခုမှသိရတာ”
“ဒီလိုမဖြစ်စေဖို့ ကျွန်မတို့ ဆေးဝန်ထမ်းတွေမှာလည်း တာဝန်ရှိပါတယ်။ သွေးချိုတစ်ကြိမ်တည်း များတာ (RBS ၂၀ဝ ကျော်တာ)တွေ့ရရုံနဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်ပြီလို့ ပြောလို့မရသေးဘူး၊ လူနာမှာ ဆီးချိုသွေးချိုလက္ခဏာတွေ ရှိ၊ မရှိ ထပ်မေးရဦးမယ်၊ ဥပမာ ဆီးသိပ်များတာ၊ ရေဆာတာ၊ ပိန်သွားတာ စသဖြင့်ပေါ့လေ. .။ ပြီးတော့ သေချာအောင် ည၁၀ နာရီနောက်ပိုင်း အစာမစားဘဲ မနက်စောစောမှာ စစ်ရင် ၁၂၅ ကျော်မှ ဆီးချိုရောဂါရှိတာ သေချာသွားပါတယ်”
“ဒါဆို အခု ကျွန်မအဖေမှာ ဆီးချိုရှိတာ မသေချာဘူးပေါ့နော် ဆရာမ”လို့ မပြုံးက မေးတော့-
“ဟုတ်ပါတယ်။ သေချာအောင် ထပ်စစ်ဖို့ လိုသေးတယ်၊ သေချာရင်တောင်မှ သွေးချိုကုထုံးကို တစ်ဆင့်စီ တက်ရမယ်. . ပထမအဆင့်က အချိုတွေ၊ ထမင်းတွေ၊ ကစီဓာတ်တွေ လျှော့မယ်ဆိုရင် သွေးချိုတစ်ဝက်လောက်က သူ့အလိုလို လျော့သွားမှာပါ၊ ဘာလက္ခဏာမှ မရှိရင် တစ်လကနေ သုံးလလောက် စောင့်ကြည့်လို့ ရပါတယ်။ ဒါနဲ့မှ သွေးချိုကျတာ မလုံလောက်ရင် သွေးချိုအကျလွန်တာ မဖြစ်တတ်တဲ့ မက်ဖော်မင်လိုဆေးကို အရင်ဆုံး သုံးကြည့်သင့်ပါတယ်။ အခု ဆေးလုံး အသေးလေးက SU အုပ်စုတွေဖြစ်ဖို့ များတယ်၊ ဒီဆေးအသေးလေးတွေက သွေးချိုအကျလွန်တဲ့ အန္တရာယ်ရှိတယ်၊ ဦးလေးတို့လို အသက်ကြီးရင် ပိုသတိထားရမယ်။ အခုတော့ သွေးချိုကျတာကို ချက်ချင်းမကုလိုက်မိလို့ ဦးနှောက်ထိခိုက်သွားတာ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး ကြိုးစားပြီး ကုပေးပါမယ်။ နိုးလာမယ့် အချိန်ကို နည်းနည်း စောင့်ကြည့်ရဦးမယ်”
“အဖေ့ကို အကောင်းဆုံး ကုပေးပါ ဆရာမရယ်၊ ကျေးဇူးတင်ပါတယ်”

မှတ်ချက်

(၁) သွေးချိုကျလွန်းတာက သွေးချိုမြင့်နေတာထက် ချက်ချင်းအန္တရာယ် ဖြစ်စေနိုင်ပါတယ်။

(၂) သွေးချိုကျလွန်းတဲ့ အဖြစ်ကို ဆီးချိုသွေးချို ရောဂါရှင်တိုင်း တွေ့ကြုံခံစားရတတ်ပါတယ်။

(၃) သွေးချိုကျ လက္ခဏာကို သိဖို့ကသာ ပိုအရေးကြီးပါတယ်။ ချက်ချင်း ပြုပြင်လိုက်ရင် ချက်ချင်း ပြန်ကောင်းတတ်ပါတယ်။

(၄) ဆေးနဲ့အစာ မျှတမှုရှိအောင် သွေးချိုမှန်မှန် စစ်ဆေးတာ၊ ဆရာဝန်နဲ့ တိုင်ပင်တာ၊ ဆေးညှိတာ၊ အစာကို အချိန်မှန်စားတာ. . စတဲ့နည်းတွေနဲ့ ဂရုတစိုက် စောင့်ကြည့်ပြီး ထိန်းပေးရင် သွေးချိုကျလွန်းတဲ့အန္တရာယ်ကို
ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top