Healthy Life Ad
Health Tips

ဘဝတွင် နေပျော်ကျေနပ်ရေးအတွက် အခြေခံကျသည့် အချက်ခုနစ်ရပ်

၊ လရိပ်မေ ၊

ဘဝမှာ ကြုံတွေ့ရနိုင်တဲ့ ပူလောင်မှု၊ အဆင်မပြေမှု၊ ခါးသည်းမှု စတာတွေကို ရင်ဆိုင်တဲ့အခါ အပြုသဘောဆောင်တဲ့ အတွေးတွေနဲ့ တွန်းလှန်နိုင်ဖို့နဲ့ ရှေ့ဆက်တဲ့ နေ့ရက်တွေမှာ ခွန်အားအပြည့်ရှိနေဖို့ အရေးကြီးလှပါတယ်။

(၁) အတိတ်အတွက် ပူဆွေးမနေပါနှင့်
အတိတ်ကာလရဲ့ နာကြဉ်းစရာ၊ စိတ်ပျက်စရာ ခါးသီးမှုတွေကိုတွေးပြီး အခုလက်ရှိ အနာဂတ်ကာလကို မဖျက်ဆီးလိုက်ပါနဲ့။ သင့်အတိတ်ကာလဆိုတာ သင့်အနာဂတ်ကာလ၊ သင့်ယုံကြည်မှုနဲ့ သင့်လုပ်ဆောင်မှုတွေကို အဟန့်အတားဖြစ်စေမယ့် အခိုက်အတန့် မဟုတ်ပါဘူး။

(၂) အခြားသူတို့၏ ဝေဖန်မှုကို လျစ်လျူရှုလိုက်ပါ
တခြားသူတွေ သင့်ကို ဘယ်လိုမြင်မြင်၊ ဒါက သင့်ကိစ္စမဟုတ်ပါဘူး။ သူများတွေရဲ့ အတွေး၊ အမြင်၊ အပြောတွေနဲ့ ကိုယ့်ဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အကုန်မခံပါနဲ့။ ပျော်ရွှင်ငြိမ်းချမ်းမှုကိုရှာပြီး လုပ်သင့်တာကို အကောင်းဆုံး ကြိုးစားလုပ်ပါ။

(၃) အချိန်က အကောင်းဆုံး သမားတော်ပါ
ဘဝမှာ အခက်ခဲဆုံး၊ အနာကျင်ရဆုံး အခိုက်အတန့်တွေရှိခဲ့ရင် အချိန်ကာလတစ်ခုကို ဖြတ်ကျော်လိုက်တာနဲ့ ဒဏ်ရာက သက်သာသွားမှာပါ။ နာကျင်မှုကို ကျော်လွန်တဲ့ တစ်ခဏမှာ ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်ရှိမယ်ဆိုတာ ယုံကြည်ထားပါ။

(၄) သင့်ပျော်ရွှင်မှုကို မည်သူမှ မခိုးယူနိုင်
သင့်ပျော်ရွှင်မှုအတွက် တာဝန်အရှိဆုံးသူက သင်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဘယ်သူမှ သင့်စိတ်ထဲက ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုနဲ့ ရောင့် ရဲမှုတွေကို မခိုးယူနိုင်ပါဘူး။

(၅) အခြားသူတို့၏ ဘဝနှင့် မနှိုင်းယှဉ်ပါနှင့်
“သူတို့ဘဝတွေများ အဆင်ပြေလိုက်တာ၊ ငါ့ဘဝနဲ့များကွာပါ့. .” စတဲ့ အတွေးတွေ ဝင်နေပြီလား။ ဒီအတွေးတွေက သင့်အခြေအနေကို ပိုပြီးနိမ့်ကျအောင် လုပ်နေရာရောက်ပါတယ်။ ကိုယ့်ဘဝကို ဘယ်လို ဖောက်ထွက်ရမလဲ ဆိုတာကိုပဲ စဉ်းစားသင့်ပါတယ်။

(၆) သိပ်မတွေးပါနှင့်
အရာရာမှာ တွေးလွန်းတာက တကယ်အလုပ်မဖြစ်ပါဘူး။ တစ်ခါတစ်ရံ စိတ်ကူးနဲ့ လက်တွေ့က တစ်ထပ်တည်းကျချင်မှ ကျတာဖြစ်လို့ သိပ်မတွေးတောပါနဲ့။ အထူးသဖြင့် အတွေးတွေနဲ့ ချောင်ပိတ်မနေပါစေနဲ့။

(၇) ပြုံးပါ
ကမ္ဘာပေါ်က ပြဿနာအားလုံးက သင့်ပြဿနာမဟုတ်ပါဘူး။ ဒါကြောင့် ဘယ်လိုအခြေအနေမှာမဆို ပြုံးလိုက်ပါ၊ ပြုံးနိုင်အောင် ကြိုးစားပါ။ တောက်ပတဲ့ အပြုံးပန်းတစ်ပွင့်က အမှောင်မိုက်ဆုံး နေ့ရက်တွေမှာတောင် လင်းလက်စေနိုင်ပြီး ဘဝကို ပိုမိုလှပအောင် ဖန်တီးပေးနိုင်ပါတယ်။
(Ref;RD)

Most Popular

Healthy Life Ad
To Top