Healthy Life Ad
Life Style

သွေးချိုကျရင် ဘာဖြစ်တတ်သလဲ . . .

ပါမောက္ခ ဒေါ်သန်းသန်းအေး
ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး

ယခင်တစ်ပတ်မှအဆက်
သွေးချိုမြင့်မားတာကြောင့် ရရှိတဲ့ ဆိုးကျိုးက ပိုအတွေ့များတယ်၊ တဖြည်းဖြည်းချင်း ဖြစ်တယ်၊ သူ့ကြောင့်ဖြစ်မှန်းတောင် မသိကြတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒါက”အနှေးလူသတ်သမား”ဖြစ်ပါတယ်။
တခြား တစ်ဖက်မှာလည်း သွေးချိုအကျလွန်တဲ့ ဆိုးကျိုးဟာ အဖြစ်နည်းပေမယ့် ဖြစ်ရင်၊ ပေါ့လျော့ရင် ချက်ချင်း အဆိုးဆုံးအဆင့်ကို ရောက်ရှိသွားနိုင်လို့ “အကြမ်းဆုံး၊ အမြန်ဆုံး လူသတ်သမား”ဖြစ်ပါတယ်။ ဒီအန္တရာယ် နှစ်ခုစလုံးက ရှောင်ရှားနိုင်ဖို့ အထူးအရေးကြီးပါတယ်။
ဆီးချိုသွေးချိုကို ဘယ်လောက်အထိ ကျအောင် ပြုလုပ်သင့်သလဲ၊ သုံးလ ပျမ်းမျှသွေးချိုနှုန်း (HbA1c) ကို ဘယ်သူတွေမှာ ဘယ်လောက်အထိ ထားသင့်သလဲ ဆိုတဲ့ လူတစ်ဦးချင်းအလိုက် ညှိနှိုင်းရမယ့် ညွှန်ကြားချက် (Guidelines) တွေရှိပါတယ်။ အရှေ့မှာ ဖော်ပြထားပြီး ဖြစ်တဲ့ သွေးချိုကျ အန္တရာယ်ပိုများတဲ့ အုပ်စုကို သုံးလပျမ်းမျှ သွေးချိုနှုန်း (HbA1c) ကို ၇ ရာခိုင်နှုန်းနဲ့ ၈ ရာခိုင်နှုန်းရရင် လုံလောက်တဲ့ သဘော သတ်မှတ်ကြပါတယ်။ သွေးချိုကျတဲ့ အန္တရာယ်မရှိတဲ့ သူတွေကိုတော့ HbA1c ကို ၇ ရာခိုင်နှုန်း အောက်မှာရှိအောင် ညွှန်ကြား ထားပါတယ်။ ဒီလို လူတွေထဲက အသက် ငယ်ရွယ်သူတွေဟာ မိမိကိုယ်ကိုယ် ဂရုစိုက်နိုင်မယ်၊ သွေးချိုနဲ့ အစားအစာကို ညွှန်ကြားတဲ့အတိုင်း တိုင်းနိုင်မယ်၊ စားနိုင်မယ်ဆိုရင် A1c ကို ၆ ဒသမ ၅ ရာခိုင်နှုန်း အောက်မှာ ထားသင့်ပါတယ်။ တာရှည်အတွက်၊ နောင်အတွက် အလွန် ကောင်းပါတယ်။
ဒီလို သွေးချိုအကျလွန်တာ မဖြစ်အောင် ဘယ်လို ကာကွယ်သင့်သလဲ၊ ဖြစ်လာရင် ဘယ်လို ကုသရမလဲဆိုတာ ဆက်ပြီး ရှင်းပြသွားပါမယ်။ သွေးချို အကျမလွန်အောင် ကာကွယ်နည်းတွေကို ရှင်းပြပါမယ်။

(၁) အင်ဆူလင် ထိုးရတဲ့ အမျိုးအစား

(၁) ဆီးချိုလူနာတွေမှာ သွားရင်း၊ လာရင်း၊ လမ်းမှာပဲဖြစ်ဖြစ် သွေးတွင်းအချိုဓာတ် အကျလွန်ပြီး ချက်ချင်း သတိလစ်သွားခဲ့ရင် သူစိမ်းတစ်ယောက်ယောက်က ချက်ချင်းသိအောင် လည်ပင်းမှာ ဆီးချိုရှိမှန်း အသိပေးတဲ့ စာတမ်းပါ ဆွဲကြိုး ဆွဲထားနိုင်ပါတယ်။ ဒါမှမဟုတ် ဆီးချိုရှိကြောင်း အသိပေးတဲ့ ကတ်ပြားကို ပိုက်ဆံအိတ်ထဲမှာ ထည့်ထားပေးရပါမယ်။

(၂) သွားလေရာမှာ အချိုသကြားလုံး ဒါမှမဟုတ် သကြားခဲ ဆောင်ထား သင့်ပါတယ်။ (ဥပမာ ကားမောင်း နေစဉ်၊ အစည်းအဝေး တက်နေစဉ်)

(၃) သွေးချိုကျ လက္ခဏာတွေနဲ့ အရေးပေါ် ကုသနည်းတွေကို လူနာနဲ့ မိသားစုတွေထံ အသိပညာ ပေးထားရပါမယ်။

(၄) ဆရာဝန် ညွှန်ကြားချက်မပါဘဲ မိမိသဘောနဲ့ ဆေးတွေ တိုးသောက်တာ ရှောင်ကြဉ်ရပါမယ်။

(၅) အင်ဆူလင် ထိုးတဲ့သူနဲ့ သွေးချိုကျဆေး သောက်နေသူတွေဟာ အစာကို အချိန်မှန်မှန် စားရပါမယ်။အစားအစာ ပမာဏကိုလည်း တစ်ရက်နဲ့ တစ်ရက်တူညီအောင် စားရပါမယ်။ တစ်ရက် နည်းလိုက်၊ တစ်ရက် များလိုက် မဖြစ်သင့်ပါဘူး။

(၆) သွေးချို အနိမ့်၊ အမြင့်ကို အလွယ်တကူ တိုင်းထွာနိုင်တဲ့ သွေးချိုတိုင်းစက် ထားရှိတာကြောင့် သွေးချိုကျတာကို သိရှိနိုင်ပါတယ်။ ဆေးကို လိုအပ်သလို အချိန်မီ ပြုပြင်လိုက်ရင် အချိုကျလွန်တာကို ကာကွယ်နိုင်ပါတယ်။

(၇) လုပ်နေကျ မဟုတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုကို လုပ်တဲ့အခါ ဆေးကို ပြုပြင်ရမယ်၊ ဒါမှမဟုတ် အဆာပြေ စားထားရပါမယ်၊ အကြာကြီး ကိုယ်လက်လှုပ်ရှား လုပ်မယ်၊ အားကစား လုပ်မယ်ဆိုရင် ပိုသတိထားရပါမယ်။

(၈) သွေးချို အတက်အကျ အဖြေအားလုံးကို မှတ်တမ်း ထားရှိပါက မိမိကိုဆေးကုပေးတဲ့ ဆရာဝန်အဖို့ ဆေးညှိရာမှာ များစွာ အထောက်အကူ ရပါတယ်။

(၉) အရက် အလွန်အကြူး သောက်တာကို ရှောင်ကြဉ်ပါ။ အရက်သောက်ဖြစ်ရင်လည်း အစာအိမ်မှာ အစာမရှိဘဲ မသောက်ပါနဲ့။
သွေးချိုအကျလွန်တာ ဖြစ်လာခဲ့ရင်ကော ဘာတွေ ဆောင်ရွက်ရမလဲ၊ ဘယ်လို ကုသရမလဲဆိုတာ ဆက်ပြီး ရှင်းပြပါမယ်။

အချိုကျတဲ့ လက္ခဏာတွေ ခံစားရပြီဆိုရင်
သွေးချိုတိုင်းစက်နဲ့
သွေးချိုတိုင်းကြည့် ရပါမယ်။ ကစီဓာတ် ဒါမှမဟုတ် ချိုတဲ့အစာရေစာကို ချက်ချင်း စားသောက်ပါ။ အဆီများတဲ့ အစားအစာ ဥပမာ ချောကလက်စားတာက သကြားလုံး စားတာလောက် ထိရောက်မှု မရှိ

တာကို သတိပြုရပါမယ်။
အချိုကျတာ သိပ်ဆိုးရင် သကြားလုံး ၅ လုံး လောက် စားရပါမယ်။ သစ်သီးဖျော်ရည် တစ်ဖန်ခွက်၊ သကြားထမင်းစားဇွန်း တစ်ဇွန်း၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း၊ ဂလူးကို့စ်ခဲ သုံးခဲ စသဖြင့် စားပေးတဲ့နည်းနဲ့ သွေးချိုပြန်တက်အောင် ပြုလုပ်ရပါမယ်။
သွေးချိုတိုင်းစက် မရှိလို့ သွေးချို ဘယ်လောက်ရှိမှန်း မသိနိုင်ရင်လည်း သွေးချိုကျလက္ခဏာ ခံစားရတာနဲ့ အထက်ပါအတိုင်း ကုသင့်ပါတယ်။
အချို စားမိသွားလို့ ချက်ချင်း ဘာမှ ဆိုးသွားစရာ မရှိပေမယ့် သွေးချိုကျလွန်းတာကို ချက်ချင်း မပြုပြင်မိရင် ပိုဆိုးတတ်ပါတယ်။
သွေးချိုကို ၁၅ မိနစ်မှ မိနစ် ၂၀ အကြာမှာ ပြန်တိုင်း ကြည့်ရပါမယ်။
ဆီးချိုသွေးချို လူနာတချို့ဟာ ဆေးတွေ၊ အစာတွေကို ပြုပြင်ပေမယ့် သွေးချိုကျဝေဒနာ မကြာခဏ ခံစားရသေးတာ၊ သတိလစ်သွားတဲ့အထိ ဖြစ်တာ ရှိတတ်ပါတယ်။ ဒီလိုဖြစ်ရင် သွေးချိုကို သိပ်မနိမ့်စေဘဲ A1c ကိုလည်း သိပ်မကျအောင် လျှော့ထား ပေးရပါမယ်။
ခေတ်မီ နိုင်ငံတွေမှာတော့ ဒီလို သွေးချိုကျတာ ဖြစ်လွယ်တဲ့သူတွေကို ဆရာဝန်တွေနဲ့ မတွေ့မီ သွေးချိုပြန်တက်အောင် ထိုးနိုင်တဲ့ ဂလူကာဂွန် (Glucagon) ထိုးဆေးကို ဆောင်ထားပြီး အိမ်မှာ အရေးပေါ် သုံးနိုင်ပါတယ်။ ဒီဂလူကာဂွန် (Glucagon) ဟော်မုန်းထိုးလိုက်ရင်
သွေးချိုပြန်မြင့်လာပါမယ်။
ဒီဆေးကို အရေးပေါ် သုံးနိုင်အောင် ဆေးထိုးပြွန်ထဲ ဆေးအဆင်သင့် ထည့်ထားပါတယ်။ ဘယ်သူမဆို ထိုးပေးလို့ ရပါတယ်။ ၁၅ မိနစ် စောင့်ကြည့်လို့ သတိမရရင် အရေးပေါ် ဆေးရုံတင်ရပါမယ်။ ဒီနိုင်ငံမှာ ဒီဆေးမျိုး မရရှိသေးပါဘူး။ ဒီမှာ ကုတဲ့နည်းကတော့ အနီးဆုံး ဆေးရုံမှာ ဆရာဝန်ကပဲ ဖြစ်ဖြစ်၊ သူနာပြုဆရာမကပဲ ဖြစ်ဖြစ် သွေးကြောထဲကို ဂလူးကို့စ် ထိုးလိုက်ရင် မိနစ်ပိုင်းအတွင်းမှာပဲ လူနာ ပြန်သတိရလာ တတ်ပါတယ်။ သိတာနဲ့ ချက်ချင်း ကုသရပါမယ်။ နောက်ကျသွားရင် ဦးနှောက်က အချိုဓာတ်မရလို့ အပြီးပျက်စီးသွားပြီး ပြန်ကောင်း မလာတော့တာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ချက်ချင်းအရေးပေါ် ကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်ရပါမယ်။
ဆက်လက်ဖော်ပြပါမည်။

Most Popular

Healthy Life Ad
To Top