Healthy Life Ad
Child

လူရည်ချွန်တို့ပေးသော ကျန်းမာရေးစောင့်ရှောက်မှု

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

လဲ့လဲ့မိခင် နာမကျန်းဖြစ်နေပြီ။ လဲ့လဲ့တို့ သားအမိနှစ်ယောက်မှာ အမေတစ်ခု သမီးတစ်ခုဘဝ။ အင်းစိန်မှာ အိမ်ငှားနေရသည့် လဲ့လဲ့တို့ သားအမိအတွက် နာမကျန်းဖြစ်လျှင် ဆေးကုသနိုင်ဖို့ အသာထား၊ စားစရာပင် မရှိသည့်ဘဝ။ တစ်နေ့လုပ်မှ တစ်နေ့စားရသည့် လဲ့လဲ့တို့ သားအမိအတွက် အိပ်ရာထဲ လဲနေသည့်မိခင်ကို အိမ်နီးချင်းထံ အပ်ပြီး ဟင်းရွက်ကန်စွန်း ရောင်းဖို့ လဲ့လဲ့ဈေးဘက် ထွက်ခဲ့ရသည်။ သို့ရာတွင် အမေ့ကို လဲ့လဲ့စိတ်မချ။ အခြားသူတွေ အကြံပေးသည့် ကွမ်းယာဆိုင်က စပ်ဆေးလေးနှင့် အမေ့အဖျားကျအောင် လဲ့လဲ့ ကြံစည်ခဲ့ပြီးပြီ။ အမေ့ကို စောင်ခြုံပေးပြီး ညည်းညူနေသော အမေ့အသံတို့ကို မသိကျိူးကျွန်ပြုကာ လဲ့လဲ့ ဈေးဗန်းဆွဲပြီး ထွက်ခဲ့ရသည်။ လဲ့လဲ့ စိတ်မကောင်း၊ အမေ့ကို အထူးကုဆရာဝန်ကြီးနှင့် ပြပေး လိုက်ချင်သည်။ လဲ့လဲ့ သက်ပြင်းမော တစ်ချက်ထုတ်ပြီး ကျလုဆဲဆဲ မျက်ရည်တို့ကို တဘက်စဖြင့် ကပျာကယာ သုတ်လိုက်သည်။
“လဲ့လဲ့ အမေမပါဘူးလား”
ဈေးသည်အချင်းချင်း နှုတ်ဆက်တော့
ဈေးဗန်းခင်းရင်း-
“အမေ နေမကောင်းလို့ မပါဘူး၊ စိတ်ညစ်ပါတယ်”
နှုတ်က လွှတ်ခနဲ ထွက်သွားသည်။
“ဟဲ့ ဆေးခန်း သွားမပြဘူးလား၊ ညည်းအမေ တရှောင်ရှောင်ဖြစ်နေတာ ကြာပြီနော်၊ မပေါ့နဲ့”
“ကျွန်မတို့မှာ ဆေးခန်းပြဖို့ ပိုက်ဆံမှမရှိတာ၊ ကျွန်မလည်း ပြချင်တာပေါ့. .”
“ဟဲ့ ပိုက်ဆံမကုန်ဘဲ ပြလို့ရတယ်လေ၊ လှိုင်သာယာက ဆေးခန်း တစ်ခုလေ . . အထူးကု ဆရာဝန်ကြီးတွေထိုင်ပြီး အခမဲ့ ကုပေးနေတာ ရှိတယ်ဟဲ့”
ထိုစကားကြောင့် လဲ့လဲ့ မျက်ဝန်းတွေ လင်းလက်သွားသည်။
“ဆေးခန်းက ဘာတဲ့လဲ . . ပြောပြပါဦးတော်”
“လူရည်ချွန် ဆေးခန်းတဲ့ . .၊ ဆရာဝန်ပြခ မကုန်တဲ့အပြင် ဆေးဖိုးလည်း အခမဲ့ပဲအေ့ . . လဲ့လဲ့ရေ ညည်းတို့သားအမိ မနက်ဖြန် သွားသာ သွားပေတော့”
– – –
လူရည်ချွန် ကုသိုလ်ဖြစ် ဆေးခန်း . . ။ တိတိကျကျ ပြောရလျှင် လူရည်ချွန် ၁၉၆၄ – ၁၉၈၈ အဖွဲ့က ဖွင့်လှစ်ထားသော ဆေးခန်းပါ။
“နိုင်ငံ့ အကျိုးဆောင်ရွက်ဖို့ လူရည်ချွန်များ စုစည်းစို့”ဆိုသော ဆောင်ပုဒ်ဖြင့် လူရည်ချွန် ၁၉၆၄ -၁၉၈၈ အဖွဲ့ကို ၅-၁-၂၀၁၄ ခုနှစ်က စတင် ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းစဉ်အခါက အဖွဲ့ဝင်ပေါင်း ၇၀ဝ ကျော် ပါဝင်ခဲ့ပြီး ရည်ရွယ်ချက် နှစ်ရပ်ဖြင့် ဖွဲ့စည်းဖြစ်ခဲ့ခြင်း ဖြစ်သည်။

(၁) ၁၉၆၄ – ၁၉၈၈ ခုနှစ်အတွင်း လူရည်ချွန် သင်္ချာလူရည်ချွန်ဆု ရရှိခဲ့သူများ ပြန်လည် စုစည်းရန်နှင့်

(၂) နိုင်ငံနှင့် လူမျိုးအတွက် အကျိုးပြုသော ပညာရှင်အင်အားစု (Think Tank) အဖြစ် ရပ်တည်၍ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးအစရှိ သောအများအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ရန်ဆိုသည့် ရည်ရွယ်ချက် ကောင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“ပထမ ရည်ရွယ်ချက်အတွက်ဆိုရင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလက စဖွဲ့လိုက်တဲ့ လူရည်ချွန်အဖွဲ့မှာ ဒီနေ့ဆိုရင် အဖွဲ့ဝင်ပေါင်း ၁၃၀ဝ ကျော် ရှိသွားပါပြီ။ တကယ်တော့ ၁၉၆၄ ကနေ ၁၉၈၈ ခုနှစ်အတွင်း ရွေးချယ်ခံခဲ့ရတဲ့ သင်္ချာ လူရည်ချွန်ပေါင်းက ငါးထောင်ကျော် ရှိတာ အခုတော့ ၁၄၀ဝ ကျော် စုစည်း မိသွားပါပြီ။ ဒုတိယ ရည်ရွယ်ချက် ပြည့်မီအောင် ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့

လှိုင်သာယာမြို့နယ်က
လမ်းပေါ်က ကလေးတွေနဲ့
နွမ်းပါးကလေးငယ်တွေကို
တွေ့ပြီး ဟောပြောပွဲတွေ လုပ်ခဲ့ပါတယ်။
အဲဒီလိုလုပ်ရင်း
ကျန်းမာရေးလိုအပ်ချက်တွေ ရှိတာကိုတွေ့လို့
လှိုင်သာယာမြို့နယ်၊
အောင်ဇေယျ မြို့တော်မှာ
လူရည်ချွန်ကုသိုလ်ဖြစ်
ဆေးခန်းဖွင့်ဖို့ ဆုံးဖြတ်

ခဲ့ပါတယ်။ အောင်ဇေယျမြို့တော် ပိုင်ရှင် ၁၉၇၀ ခုနှစ်၊ နတ်မောက် လူရည်ချွန် ဒေါ်ညွှန့်ယဉ်ဝင်းက လူရည်ချွန် ကုသိုလ်ဖြစ် ဆေးခန်းဖွင့်ဖို့ အသုံးပြုခွင့် ပေးခဲ့ပါတယ်။ ကမ္ဘောဇဘဏ်က သိန်းတစ်ထောင် မတည်ပေးခဲ့ပါတယ်။
Eleven Media Group က လူရည်ချွန် သုံးထပ်ကွမ်း ဒေါက်တာ သန်းထွဋ်အောင်
တို့ကလည်း မတည်ငွေတွေ ထည့်ဝင်ခဲ့ပါတယ်။
လူရည်ချွန်သုံးထပ်ကွမ်း အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ
ဒေါ်အေးမြတ်နွယ်ကလည်း ဆေးခန်းကို
လစဉ် ၁၀ သိန်း ထောက်ပံ့ လှူဒါန်းနေပါတယ်”ဟု
လူရည်ချွန်အဖွဲ့ အတွင်းရေးမှူး ဦးကျော်ဌေးက ပြောကြားခဲ့သည်။

ဆေးခန်းကို ၁၇ – ၈ – ၂၀၁၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၈ – ၈ – ၂၀၁၄ ရက်နေ့တွင် စတင် ဆေးကုသမှု ပေးခဲ့ကြောင်း၊ လက်ရှိ ဆရာဝန်ဦးရေ ၁၈ ယောက်၊ အထွေထွေအထူးကု ဆရာဝန်၊ အထူးကု ဆရာဝန်၊ ခွဲစိတ်အထူးကု ဆရာဝန်၊ သွားနှင့် ခံတွင်းဘက်ဆိုင်ရာ ဆရာဝန်များ ပါဝင်ကြောင်း၊ တစ်ပတ်လျှင် ခြောက်ရက်ဖွင့်ပြီး အင်္ဂါနေ့တွင် ပိတ်ကြောင်း သိရသည်။
“ခွဲစိတ်ဖို့ လိုတဲ့ လူနာတွေအနက် အကြီးစား ခွဲစိတ်ရမယ်ဆိုရင် ရန်ကုန်ဆေးရုံကြီးနဲ့ အင်းစိန် ဆေးရုံကြီးတွေကို ပို့ပြီး လူရည်ချွန် ဆရာဝန်ကြီးတွေကပဲ ခွဲစိတ်ကုသ ပေးပါတယ်။ ဆေးခန်းလာပြတဲ့ အထဲမှာပါတဲ့ အသေးစား ခွဲစိတ်ကုသမှုတွေဆိုရင်တော့ လူနာတွေကိုစုပြီး လူရည်ချွန် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါ်တင်တင်မာက ဝိတိုရိယ ဆေးရုံကြီးမှာ ခွဲပေးပါတယ်။ ဝိတိုရိယဆေးရုံက ခွဲခန်းကို မေတ္တာနဲ့ အသုံးပြုခွင့် ပေးတာပါ။
ကလေးအထူးကု ဆရာဝန်ကြီး ဗိုလ်မှူးကြီး ပါမောက္ခဒေါက်တာ ဒေါ်ကေသီထွန်း ထိုင်ပါတယ်။ လိုအပ်ရင် ဆေးရုံခေါ်ပြီး အခမဲ့ကုပေးပါတယ်။ မျက်စိအထူးကု ဆရာဝန်ကြီးတွေလည်း လာရောက်ပြီး မျက်စိခွဲစိတ် ကုသမှုတွေ လုပ်ဆောင်ပေးတာ လူနာပေါင်း ၄၀ ကျော် ၅၀ လောက် ရှိနေပါပြီ”ဟု ဦးကျော်ဌေးက ပြောသည်။

ယခုအချိန်အထိ လူရည်ချွန် ကုသိုလ်ဖြစ်ဆေးခန်းက မေတ္တာဖြင့် ကုသမှုပေးနေသည်မှာ လူနာဦးရေ တစ်သောင်းခွဲကျော်ခဲ့ပြီ ဖြစ်ကြောင်း၊ ဆေးခန်း၏ တစ်လအသုံးစရိတ်မှာ သိန်း ၄၀ ကျော် ၅၀ ဝန်းကျင် ရှိကြောင်း သိရသည်။
“ကမ္ဗောဇ အနာဂတ်အလင်းတန်း
မြန်မာဖောင်ဒေးရှင်းကလည်း ပြီးခဲ့တဲ့လက စေတနာရှင် ဆရာဝန်တွေကို
ဂုဏ်ပြုပွဲ လုပ်ပေးသလို သိန်းတစ်ထောင် လှူဒါန်းခဲ့ပါတယ်။ အဲဒီအထဲကနေ
သိန်းငါးရာကို ကျန်းမာရေးအတွက် ထည့်ထားပြီး ပညာရေးအတွက်
သိန်းငါးရာ ထည့်ထားပါတယ်။

ပညာရေးအနေနဲ့ ဒီနှစ်ကစပြီး လူရည်ချွန် ကလေးတွေကို လူရည်ချွန်တက္ကသိုလ် ပညာသင် ထောက်ပံ့ကြေးဆု ချီးမြှင့်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ် လျှောက်ထားလိုသူတွေအတွက် စည်းကမ်းချက်ကတော့ ၂၀၁၅ မှာ မျိုးဆက်သစ် လူရည်ချွန် ဘက်စုံထူးချွန်ကျောင်းသား ဖြစ်ရပါမယ်၊ ၂၀၁၅မှာ ၁၀ တန်း အောင်ရပါမယ်၊ တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားဖို့ ခက်ခဲနေတဲ့သူ ဖြစ်ရပါမယ် . . “ဟု ဦးကျော်ဌေးက ဆိုသည်။
လူရည်ချွန် ၁၉၆၄ – ၁၉၈၈ အဖွဲ့အနေဖြင့် ကျန်းမာရေး၊ ပညာရေးသာမက လူမှုရေး လုပ်ငန်းများအဖြစ် ရေဘေး ကယ်ဆယ်ရေးအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ပထမဆုံး ရခိုင်၊ ဧရာဝတီ စတဲ့ဒေသတွေကို သွားလှူခဲ့သလို အခုလည်း ဧရာဝတီ တိုင်းဒေသကြီးရှိ သာပေါင်းမှာ စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့ အဖွဲ့က ဘာစီးပွားရေးမှ မလုပ်ပါဘူး။ အလှူရှင်တွေနဲ့ အဖွဲ့ဝင်တွေရဲ့ ပံ့ပိုးမှုတွေနဲ့ ရပ်တည်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အမြဲတမ်း ထောက်ပံ့နေတာက ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းနဲ့ ဒေါ်နန်းသန်းထွေးတို့ ဇနီးမောင်နှံ ဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ရဲ့ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နဲ့ ဇနီးဒေါက်တာ ဒေါ်နန်းခင်မေဖူးတို့က လူရည်ချွန်တွေ ဖြစ်ကြပါတယ် “ဟု ဦးကျော်ဌေးက ပြောသည်။
လဲ့လဲ့တို့ သားအမိကဲ့သို့ ဆေးကုသမှု ခံယူရန်နှင့် ခွဲစိတ်ကုသမှု ခံယူရန်
အခက်အခဲရှိနေသူများ၊ လှူဒါန်းလိုသူများသည်
လူရည်ချွန်ဆေးခန်း ဖုန်း
ဝ၉ ၂၅၄၆၃၆၄၆၈ သို့
ဆက်သွယ်နိုင်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

Most Popular

Healthy Life Ad
To Top