Healthy Life Ad
Child

အဝတ်အစား

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

တစ်ခါတုန်းက ရွာတစ်ရွာမှာ ကိုဒီးဆိုတဲ့ ဆင်းရဲသား တစ်ယောက်ရှိတယ်။ ကိုဒီးက ဆင်းရဲ လွန်းလို့ နေစရာအိမ်လည်း မရှိ၊ စားစရာလည်း မရှိတဲ့ဘဝပေါ့ … ။ အစာလေး တစ်နပ်စားနိုင် ဖို့တောင် အခက်အခဲရှိနေခဲ့တဲ့ ကိုဒီးအဝတ်အစား တွေကလည်း အလွန့်အလွန် စုတ်ပြဲညစ်ပေလို့. .။

“ငါ့ဝမ်းပူဆာ မနေသာ” ဆိုသလို ကိုဒီးတစ်ယောက် ဗိုက်ဆာဆာနဲ့ နီးစပ်ရာ ရွာလေးတွေဆီ တစ်အိမ်ဝင် တစ်အိမ်ထွက် စားစရာလိုက်တောင်း တော့တယ်။

“ကျွန်တော့်ကို စားစရာလေး နည်းနည်း လောက်ကျွေးပါခင်ဗျာ”

လူတွေက သူရဲ့ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ဒီလူ အရူးပဲလို့ ထင်ခဲ့ ကြတော့တယ်။ တစ်အိမ်ကဆို သူ့ကို “ဝေးဝေး သွားစမ်း”လို့ အော်ဟစ်ပြီး မောင်းနှင်ထုတ်ခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့လုံး ကိုဒီး ဘာကိုမှ မစားရဘူး။

နောက်တစ်နေ့ကျတော့ သူဌေးတစ်ယောက်က လမ်းမှာလျှောက်သွားနေတဲ့ ကိုဒီးကို အဝတ် အစားတစ်စုံ ပေးကမ်းလိုက်တယ်။ အဝတ်သစ် တွေကိုဝတ်ပြီး အရင်နေ့လိုပဲ ကိုဒီး စားစရာ ရလိုရငြား ထွက်တောင်းခဲ့ပြန်တယ်။

မနေ့က သူ့ကို အော်ခဲ့တဲ့ အိမ်ရောက်တော့ ကိုဒီးလည်း “ဒီနေ့ ထပ်တောင်းကြည့်ဦးမှ”လို့ စိတ်ကူး ရပြီး –

“ကျွန်တော့်ကို စားစရာလေး နည်းနည်း လောက်…” ကိုဒီးစကားမဆုံးခင်မှာပဲ အိမ်ရှင်က-

“ကြွပါခင်ဗျာ . . ဘယ့်နှယ့် တံခါးအဝမှာ ရပ်နေရပါလိမ့်. . အိမ်ထဲကို ဝင်ပါခင်ဗျာ”လို့ တရိုတသေ ပြောပြီး စားစရာတွေနဲ့ တည်ခင်းဧည့်ခံပါ တော့တယ်။

စားပွဲပေါ်မှာ စွပ်ပြုတ်မျိုးစုံ၊ အချိုပွဲတွေ၊ ထမင်းဟင်းတွေ အပြည့်. .

ကိုဒီးလည်း အရင်ဆုံး ဆုတောင်းမေတ္တာ ပို့သလိုက်ပြီး မုန့်တစ်ခုကို လက်နဲ့လှမ်းယူပြီး သူ့အဝတ် အစားတွေကို ကျွေးခဲ့တယ်။

“စား…စား…”

အိမ်ရှင်က ကိုဒီးအပြုအမူမြင်တော့-

“မဟုတ်တာဗျာ . . အဝတ်အစားက ဘယ်စားပါ့မလဲ၊ ဘာကြောင့် ကျွေးရတာလဲဗျာ”လို့ မေးတဲ့အခါ ကိုဒီးက မျက်ရည်တွေတွေကျပြီး ပြန်ဖြေခဲ့တယ်။

“ဒီအဝတ်အစား သစ်သစ်လွင်လွင် တွေကြောင့် ကျွန်တော် ဒီနေ့ စားစရာ ရခဲ့တာပါ. . မနေ့က ကျွန်တော်ဒီအိမ်ကို အစာနည်းနည်း လောက်လာတောင်းတုန်းက ခွေးမောင်းသလို မောင်းထုတ်ခံခဲ့ရတယ်. . ဒါကြောင့် ဒီအဝတ်အစားတွေကို ကျွန်တော် ကျေးဇူးတင်လွန်းလို့ သူနဲ့ ထိုက်တန်တဲ့အစာတွေကို ကျွေးနေတာပါ ဗျာ”

စာစုက ပေးချင်သော သင်ခန်းစာ

လူအများစုဟာ တစ်ပါးသူရဲ့ အပေါ်ယံ အပြင်အဆင်ကို ကြည့်ပြီး အဆင့်အတန်း ခွဲခြားတတ် တယ် ဆိုတာကို ဒီစာစုက မျှဝေပေးတယ်လို့ ထင်ပါတယ်။

Most Popular

Healthy Life Ad
To Top