Healthy Life Ad
Child

သင့်ကလေး ထက်မြက်၊ အောင်မြင်လာစေရန် ပြုစုပျိုးထောင်နည်း ၅

ပါမောက္ခဒေါက်တာနီလာကြူ
(စိတ်ပညာရှင်ပါမောက္ခ ဌာနမှူး စိတ်ပညာဌာန ရန်ကုန်နှင့်တွေ့စုံဆွေးနွေးခြင်း)

ပင်ကိုဗီဇအရ ဆိုးသွမ်းတဲ့ ကလေးဖြစ်နေရင် လိမ္မာယဉ်ကျေးပြီး အောင်မြင်တဲ့ လူကြီးလူကောင်း ဖြစ်လာဖို့ ဘယ်လို ပြုစုပျိုးထောင် ပေးနိုင်ပါသလဲ ဆရာမ။
ပင်ကို ဗီဇကြောင့်ပဲဖြစ်ဖြစ်၊ ကလေးရဲ့အစောပိုင်းကာလမှာ မိဘက ပြုစုစောင့်ရှောက်မှု အားနည်းလို့ပဲ ဖြစ်ဖြစ် ဆိုးသွမ်းတဲ့ကလေး ဖြစ်နေခဲ့မယ်ဆိုရင် အကောင်းဆုံးနည်းက ဦးဆုံး ကလေးဟာ သူ့ကိုလက်ခံတယ်ဆိုတဲ့ အမြင်မျိုး ရလာအောင် မိဘက ပြုစုထိန်းကျောင်းတတ်ဖို့ လိုပါတယ်။ ကလေးကို လက်ခံထိန်းကျောင်းတဲ့ ပုံစံနဲ့ အုပ်ထိန်းလိုက်ရင် ကလေးက
“ငါ့ကို ဂရုစိုက်ပါ့လား”ဆိုတဲ့ အမြင်မျိုး ရစေပါတယ်၊ နေရထိုင်ရတာ လုံခြုံပြီး သက်သောင့်သက်သာ ရှိစေတယ်၊ ‘ငါ့ကို ပြုစုပျိုးထောင် ပေးနေတာပါလား’ဆိုတဲ့ ခံစားချက် ဖြစ်သွားစေပါတယ်။ အဲဒါဆိုရင် နဂိုက ဆိုးသွမ်းနေတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ကောင်းလာအောင် ထိန်းနိုင် လာပါတယ်။ မိဘက ကလေးကို နွေးထွေးမှုနဲ့ ချစ်ခင်မှု ပေးဖို့လိုပါတယ်။ ကလေးတွေကို ပွေ့ဖက် ပေးရမယ်၊ နမ်းရှုံ့ ပေးရမယ်၊ ကလေးကို ချီးကျူးစကား ပြောပေးရမယ်၊ တစ်ခုခုကို စေ့ဆော်တိုက်တွန်း ပေးရမယ်၊ အပြုသဘောနဲ့ ဝေဖန်ပေးရမယ် . . ဒါတွေ လုပ်ပေးမယ် ဆိုရင်တော့ ကလေးတွေမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿ နာတွေ လျော့ပါး သွားတတ်ပါတယ်။

– ကလေးတွေက ကောင်းတဲ့အပြုအမူ လုပ်လိုက်တဲ့အခါ အဲဒီအပြုအမူကိုပဲ လုပ်ချင်နေအောင် ဘယ်လို အားပေးသင့်ပါသလဲ ဆရာမ။

ကလေးတစ်ယောက်ရဲ့ အပြုအမူကို ပုံသွင်းတဲ့အခါ ဆုပေးမလား၊ အပြစ်ပေးမလား ဆိုတဲ့ နည်းနှစ်မျိုး ရှိတဲ့အနက် တကယ်လို့ ကလေးတစ်ယောက်က
ကောင်းတဲ့ အပြုအမူလုပ်တိုင်း၊ လုပ်တိုင်း ဆုလာဘ်ပေးမယ်ဆိုရင် ကလေးက ကောင်းတဲ့ အပြုအမူကို ဆက်လုပ်သွားမှာ

ပဲ ဖြစ်ပါတယ်။
ဆုလာဘ် ပေးတယ်ဆိုတာမှာလည်း အမြဲတမ်း ရှေ့နောက် ညီညွတ်ဖို့လည်း လိုပါတယ်၊ ဆက်တိုက် ပေးသွားဖို့လည်း လိုပါတယ်။ “သား အဆင့် ၁ ရရင် ဒါပေးမယ်”လို့ ပြောထားပြီး အဲဒီစာမေးပွဲမှာ အဆင့် ၁ ရလို့ ပြောထားတဲ့အတိုင်း ပေးလိုက်ပေမယ့် နောက်တစ်ခါ အဆင့် ၁ ရတဲ့အခါ ပြောထားတဲ့အတိုင်း လုပ်မပေးတော့ဘူးဆိုရင် ဒါက ရှေ့နောက် မညီညွတ်တော့ပါဘူး။
ပြီးတော့ ကလေးက ပါဆယ်တုံးလေးတွေနဲ့ တီထွင်ဖန်တီးလိုက်လို့ အမြင့်ကြီးရအောင် တည်ဆောက်နိုင်တယ်ဆိုရင် “တော်တယ်”ဆိုပြီး ချီးမြှောက်လိုက်တယ် ဆိုပါစို့ . . ။ ဒါပေမဲ့ ကလေးက ရှိုးကေ့စ် (Showcase) ထဲမှာ မိခင်အမြတ်တနိုး အလှထည့်ထားတဲ့ ဖန်ပန်းအိုးလေးတွေ၊ ပန်းကန်လုံးလေးတွေကို ဆင့်လိုက်ပြီ ဆိုတာနဲ့ ကလေးကို အော်ပြီး ရိုက်လိုက်တယ် ဆိုရင်တော့ ကလေးရဲ့ ဖန်တီးမှုကို အားပေးရာ မရောက်တော့ပါဘူး။ အဲဒါဆိုရင် ကလေးက ကောင်းတဲ့အပြုအမူကို မဆုံးဖြတ်နိုင်တော့ဘဲ ဇဝေဇဝါ ဖြစ်သွားတတ်ပါတယ်။
ကလေးကို ဆုလာဘ်ပေးတာနဲ့ ပတ်သက်ပြီး ဒါကိုလုပ်ရင် ဒါရမယ်ဆိုတာမျိုး၊ ဒါက မသင့်တော်တဲ့ အပြုအမူ ဖြစ်တဲ့အတွက် အဲဒါကိုလုပ်ရင် ဒီလို အပြစ်ဒဏ်ခံရမယ် ဆိုတာမျိုး ကြိုတင်ပြောထားမှသာ အဆင်ပြေပါတယ်။ ပြောရရင် ဒါက Authoritative Parenting Style မျိုးနဲ့ ထိန်းကျောင်းတာပါပဲ။ ကလေးကို စည်းကမ်းထားတယ်၊ ချစ်ခင်မှု ပေးတယ်၊ ပြီးရင် ဒီစည်းကမ်းကို ဘာကြောင့် လိုက်နာ သင့်တယ်ဆိုတဲ့ ကျိုးကြောင်းပြပြီး ရွေးချယ်စေတဲ့ အုပ်ထိန်းမှုပုံစံ ဖြစ်လို့ပါ။ ဒီလို Authoritative Parenting Style မျိုးနဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေက သူတစ်ပါးကို စာနာတတ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူ အထိန်းကျောင်းခံရတဲ့ ပုံစံကိုက မိဘက သူ့ကို အပြစ်တင်တာမျိုး မလုပ်ဘူး၊ တစ်ခုခုဆိုရင် စာနာနားလည်ပေးတယ် ဆိုတော့ ကလေးက သူ့ကိုယ်သူ မော်ဒယ်ထားပြီး “ကိုယ့်ကို ဘယ်လို ထိန်းကျောင်း ခံရသလဲ”ဆိုတဲ့အတိုင်း တခြားသူကို ပြန်ထိန်းကျောင်း တတ်ပါတယ်။
အာဏာရှင်ဆန်တဲ့ ပုံစံ ()နဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေဆိုရင် မိဘတွေက ကလေးကို ချစ်ခြင်းမေတ္တာ မပေးဘူး၊ အားပေးထောက်ပံ့မှု မပေးဘူး၊ စည်းကမ်းသတ်မှတ်ပြီး ထိန်းကျောင်းထားတယ်၊ ‘ငါပြောတဲ့ အတိုင်းလုပ်၊ ဘာမှပြန်ပြီး အတွန့်မတက်နဲ့’ဆိုတဲ့ တစ်သွေးတစ်သံ တစ်မိန့်နဲ့ အုပ်ချုပ်တယ် . . ဒီတော့ ကလေးက အပြစ်ပေးခံရတဲ့ ပုံစံမျိုးနဲ့ ကြီးပြင်းလာရတော့ ကိုယ်ချစ်တဲ့သူတွေကို အဲလိုမျိုး လုပ်လို့ရတယ်၊ လုပ်သင့်တယ်လို့ ကလေးက ထင်သွား ပါတော့တယ်။ သူကြီးလာတဲ့အခါ တစ်ယောက်ယောက်က ဂျီကျလာရင်၊ တောင်းဆိုမှု များလာပြီဆိုရင် သူဘယ်လို ဖြေရှင်းသလဲဆိုတော့ ငယ်ငယ်က အပြစ်ဒဏ် ပေးခံရသလိုမျိုး ဖြေရှင်းပစ်တတ်ပါတယ်။ ဒါတွေအားလုံးက ကလေးဘဝတုန်းက ကိုယ်ဘယ်လို ပြုမူဆက်ဆံ ခံခဲ့ရသလဲဆိုတဲ့ အချက်နဲ့ ဆက်စပ်နေပါတယ်။
Authoritative Parenting Style မျိုးနဲ့ ကြီးပြင်းလာရတဲ့ ကလေးတွေက ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်၊ တစ်ခုခုဆို သူများခိုင်းမှ မဟုတ်ဘဲ ကိုယ့်ဘာသာ စမ်းလုပ်ကြည့်တတ် လာတယ်၊ အမှီအခို ကင်းကင်းနဲ့ ကိုယ့်ဘာသာ ပြဿ နာ ဖြေရှင်းတတ်ပြီး ရပ်တည်နိုင်စွမ်း ရှိလာပါတယ်။

Most Popular

Healthy Life Ad
To Top